Wednesday, May 30, 2012

ပေါ့ပေါ့ဆဆ မနေကြနဲ့


အင်း မြဲတဲ့အနေ ချမ်းသာတဲ့အနေ ပုဂ္ဂိုလ်သတ္တယါအနေနဲ့ ရုပ်နာမ်တရားတွေ၊ အဲဒါတွေကို ဥပါဒါနက္ခန္ဓာ-လို့ ခေါ်တယ်။ အဲဒါ ဒုက္ခသစ္စာတွေပဲ။ မရှုမသိလို့ရှိယင်  အဲဒါတွေကို စွဲလမ်းနေကြတာပဲ။ ရှုသိလို့ရှိယင် မစွဲလမ်းဘူး၊ အဲဒီ စွဲလမ်းတဲ့ ကိလေသာတွေ ကင်းသွားနိုင်ပါတယ်။ အဲဒီလို ကင်းပြီးတော့ သွားလို့ရှိယင် တဏှာလည်း မဖြစ်တော့ဘူး။ တဒင်္ဂပဟာန်အားဖြင့် ဖြစ်ဖြစ်၊ အဲဒီအာရုံနဲ့ စပ်ပြီးတော့ ငြိမ်းတယ်။ ဒါကြောင့် ခြောက်ဒွါရက ပေါ်တိုင်းပေါ်တိုင်း ပေါ်လာတဲ့အာရုံကို ရှုရတယ်။
မြင်ယင် မြင်တယ်၊ ကြားယင် ကြားတယ်၊ ဖောင်းယင် ဖောင်းတယ်၊ ပိန်ယင် ပိန်တယ်-စသည်ပေါ့၊ ဖြစ်ပေါ်လာသမျှကို မလွတ်တမ်း ရှုမှတ်ရတယ်။ ဒါဟာ ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာ ရုပ်နာမ်တရားတွေကို ရှုမှတ်နေတာပဲ။

မရှုယင်ဖြင့် ကိလေသာတွေ ဖြစ်နေတာပဲ၊ မြင်ရတာနဲ့ စပ်ပြီးတော့လည်း ဖြစ်နေတာပဲ၊ ကြားရတာ၊ နံရတာ၊ စားရတာ၊ တွေ့ထိရတာ၊ စိတ်ကူးကြံစည်ရတာတွေနဲ့ စပ်ပြီးတော့လည်း ဖြစ်နေတာပဲ၊ အဲဒါတွေကို ရှုမှတ်နေလို့ အမှတ်သတိကောင်းနေရင် ရှုမိတဲ့အာရုံနဲ့ ဖြစ်မှုပျက်မှုတွေကို သိရတယ်၊ ဒါတွေဟာ အနိစ္စ ဒုက္ခ အနတ္တတွေပဲလို့ သိတယ်၊ ဒီတော့ ကိလေသာ မဖြစ်ဘဲ ကိလေသာငြိမ်းတယ်။

ရှုတိုင်း ရှုတိုင်း ပရိညေယျံ-ဆိုတဲ့အတိုင်း ဒုက္ခသစ္စာကို ပိုင်းခြားပြီးတော့ သိတယ်။
ပဟာတဗ္ဗံ-ဆိုတဲ့အတိုင်း သမုဒယသစ္စာကိုလည်း ပယ်ပြီးသား ဖြစ်နေတယ်။
ကိလေသာတွေ ဒီလို တဒင်္ဂအားဖြင့် ငြိမ်းတာလောက်နဲ့တော့ နိရောဓနိဗ္ဗာန်အစစ်ကို မျက်မှောက် မပြုနိုင်သေးပါဘူး။ တဒင်္ဂအားဖြင့်တော့ ငြိမ်းတဲ့အခါ ရှိပါတယ်။
ရှုတိုင်း ရှုတိုင်း ဘာဝေတဗ္ဗ-ဖြစ်စေတတ်တဲ့ မဂ္ဂင်ရှစ်ပါးတရားတွေလည်း ဖြစ်ပွားနေပါတယ်။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ သီလမဂ္ဂင် သုံးပါး၊
သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင် သုံးပါး။
အဲဒီမဂ္ဂင်တွေ ဖြစ်ပွားနေပါတယ်။ သမာဓိမဂ္ဂင်တွေ အားကောင်းပြီဆိုတော့ သမ္မာသင်္ကပ္ပ နဲ့ သမ္မာဒိဋ္ဌိ မဂ္ဂင်တွေ ပညာမဂ္ဂင်တွေ ဖြစ်နေတာပါပဲ။ ရှုတိုင်း ရှုတိုင်း အဲဒီမဂ္ဂင်တွေ ဖြစ်နေပါတယ်။

အစဉ်အတိုင်း ပွားများလို့ ပြည့်စုံတဲ့အခါကျယင် အရိယာမဂ္ဂင်တွေ ဖြစ်လာပါတယ်။ အရိယာမဂ္ဂင်ဖြစ်ပြီ ဆိုတော့ နိဗ္ဗာန်အစစ် နိရောဓသစ္စာကို မျက်မှောက်ပြုရတယ်။ အဲဒီအခါကျတော့ ပယ်သင့်သလောက် သမုဒယသစ္စာ တဏှာကို ပယ်ပြီး ငြိမ်းတန်သလောက် ဒုက္ခတွေလည်း ငြိမ်းသွားတော့တာပါပဲ။
ဝိပဿနာကို ဆက်လက်ရှုပြီးတော့ နောက်ဆုံးဖြစ်တဲ့ အရိယာဖိုလ်ရောက်ပြီဆိုယင် ဒုက္ခခပ်သိမ်း အကုန်ငြိမ်းတဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ပါတယ်။ အဲဒီလိုရောက်အောင်လို့ အားထုတ်ကြရမယ်။ ကြိုးစားပြီး အားထုတ်ကြဖို့ပါပဲ။ ပေါ့ပေါ့ဆဆ မနေကြနဲ့။

မဟာစည် ဆရာတော်ကြီး

No comments: