Wednesday, June 6, 2012

သစ်ပင်ခုတ်မှု သတိပြု


သစ်ပင်ခုတ်မှုသည် လူ့လောက၌ ပြဿနာတက်တတ်သည်။ သူ့အပင်, ငါ့အပင် အငြင်းပွားသည့် ပြဿနာ မဟုတ်ပါ။ သစ်ခုတ်မိသည့်အတွက် “ခိုက်”ခြင်း ဖြစ်ပါသည်။
သစ်ပင်တိုင်းလိုလိုမှာ မှီတင်းနေထိုင်သော နတ်, ရှိတတ်သည်။ သမန်းချုံလိုဟာမျိုးမှာပင် နတ်ရှိသည်ကို ဇာတ်တော်များအရ သိရပါသည်။


ဤသို့ နတ်ရှိသဖြင့် မိမိနေရာ ဗိမာန်ဖြစ်သော သစ်ပင်ကို ခုတ်သူကို ထိုနတ်က ဖမ်းစားတတ်ပါသည်။ ဤသို့ ဖမ်းစားခံရလျှင် ထိုခုတ်သူမှာ ခိုက်ပါသည်။
သစ်ပင်ခုတ်လျှင် အနည်းနှင့်အများ ခိုက်တတ်သဖြင့် မိမိတို့ အညာဒေသ၌ သစ်ပင်ခုတ်လျှင် “နတ်နေကိုင်း” ချန်လေ့ရှိပါသည်။ သစ်ပင်၏ ခေါင်ကိုင်းကို မခုတ်ဘဲ ချန်ထားတတ်ပါသည်။ ဤချန်ထားသည့် ခေါင်ကိုင်းကို နတ်နေကိုင်း-ဟု ခေါ်ပါသည်။

အခုတ်ခံရသည့် သစ်ပင်သည် ခေါင်းတုံးဖြစ်မနေဘဲ  ခေါင်ကိုင်း (သို့မဟုတ်) နတ်နေကိုင်းလေး တလူလူဖြင့် တွေ့မြင်ရသောအခါ အညာကျေးလက် လူတို့၏ စည်းကမ်းရှိမှု၊ သိတတ်မှုကို လေးစားခဲ့ရပါသည်။
စင်စစ်အားဖြင့် မိမိကို အနည်းဆုံး အရိပ်ပေးသော အပင်ကို မခုတ်ကောင်းပါ။ ခုတ်ဖို့ မဆိုထားနဲ့ အကိုင်းအခက်ကို မချိုးဖဲ့ မဖျက်ဆီးကောင်းပါ။ ချိုးဖဲ့ဖျက်ဆီးလျှင် အဆွေခင်ပွန်း ပြစ်မှားသူ မည်ပါသည်။

ထို့ကြောင့် တပါးသူ၏ဗိမာန် မပျက်စီးအောင် ငဲ့ကွက်တတ်သည့် မြန်မာတို့၏ စိတ်ကောင်း စေတနာကောင်းကိုလည်း ချီးကျူးစရာဖြစ်ပါသည်။
ဤသို့ နတ်နေကိုင်းချန်၍ ခုတ်သောအစဉ်အလာ ဘယ်ကိုမှီ၍ ဖြစ်ပေါ်လာခဲ့ပါသနည်း။ အရင်းအမြစ်ကို တပ်ရာကျ မသိသော်လည်း ဓမ္မပဒ အဋ္ဌကထာလာ အညတရဘိက္ခု ဝတ္ထု (ဓမ္မပဒ၊ ဋ္ဌ၊ ဒု၊ ၁၉၄) နှင့် ဆိုင်လိမ့်မည်ဟု မှန်းဆရပါသည်။

မြတ်စွာဘုရားသည် ရဟန်းသံဃာအတွက် ကျောင်းကို ခွင့်ပြုတော်မူသောအခါ အချို့ရဟန်းများ ကျောင်းဆောက်ရန် အားထုတ်လာကြပါသည်။ ကျောင်းအတွက် သင့်လျော်သည့် သစ်ပင် ရှာခုတ်ပြီး ကျောင်းဆောက်လုပ်လာကြပါသည်။
ရဟန်းတပါးသည်လည်း မိမိစိတ်ကြိုက် သစ်ပင် တွေ့သဖြင့် ကျောင်းဆောက်ရန်အတွက် သစ်ပင်ခုတ်ပါသည်။
ထိုသစ်ပင်မှာပင် ပေါက်ဖွားသည့် သားငယ်ရှိသော နတ်သမီးသည် သားငယ်ရှိသဖြင့် မိမိ၏ ဗိမာန်ကို မဖျက်ဆီးရန် ကိုယ်ထင်ပြပြီး ထိုရဟန်းကို တောင်းပန်သည်။ တပည့်တော်မမှာ ကလေးငယ်ရှိပြီး နေစရာလည်း ရှာရန် မဖြစ်နိုင်ပါ-ဟု ဆိုသည်။

သို့သော်---
ထိုရဟန်းက “ဤအပင်မျိုး ရှာလို့ မလွယ်ဘူး”ဟုဆိုကာ ခုတ်ဖို့ ကြိုးစားပါသည်။ နတ်သမီးများလည်း မိမိဗိမာန် အဖျက်ဆီး မခံရရေးအတွက် သားငယ်ကိုပြ၍ တောင်းပန်လျှင် ရတန်ကောင်း၏ဟု အောက်မေ့၍ သားငယ်ကို သစ်ကိုင်းမှာထား၍ တောင်းပန်၏။

သို့သော် သစ်ကိုင်းခုတ်ဖို့ကို စိတ်ထက်သန်နေသော ထိုရဟန်းမှာ ကလေးငယ်ကို မြင်သော်လည်း အရှိန်မထိန်းနိုင်သဖြင့် ထိုကလေးငယ်၏ လက်မောင်းကို ရဲတင်းဖြင့် ခုတ်မိပါတော့သည်။
သားငယ်၏ လက်မောင်းကို ရဲတင်းအခုတ်ခံရသောအခါ နတ်သမီးသည် အလွန်တရာ စိတ်ဆိုး၍
“ဤမျှ အကြင်နာမဲ့သော ရက်စက်သော ရဟန်းကို တချက်တည်း ရိုက်သတ်မည်-ဟု လက်ကို စုံမြှောက်လိုက်၏။ ဤသို့ စုံမြှောက်ရင်း နတ်သမီးက စဉ်းစားသည်။

“ဤရဟန်းသည် သီလရှိ၏၊ အကယ်၍ ဤရဟန်းကို ငါ သတ်ငြားအံ့၊ ငရဲကျရလိမ့်မည်။ အခြား နတ်သား နတ်သမီးတို့ကလည်း မိမိ၏ ဗိမာန်ဖြစ်သော သစ်ပင်ကို ခုတ်သော ရဟန်းတို့ကို မြင်လျှင်...
“ဤမည်သော နတ်သမီးသည် ဤသို့လျှင် ရဟန်းကို သတ်ဖူးပေသည်”ဟု ငါကို စံထား၍ ရဟန်းတို့ကို သတ်ကြကုန်လိမ့်မည်၊ ဤရဟန်းသည် အရှင်ရှိသော ရဟန်းတည်း၊ အရှင့်ကိုသာလျှင် တိုင်တော့မည်။
ဤသို့ စဉ်းစားပြီး မြှောက်ထားသောလက်ကို ချပြီး မြတ်စွာဘုရားထံတော်သို့ သွားပြီး ငိုယိုလျက် သင့်တော်ရာ၌ ရပ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားက သူ့ကို “နတ်သမီး အဘယ်ကြောင့် ငိုယိုနေသနည်း”ဟု မေးတော်မူပါသည်။
နတ်သမီး---အရှင်ဘုရား၊ အရှင်ဘုရား၏ တပည့်သာဝက တဦးက တပည့်တော်မ၏ သစ်ပင်ကို လာခုတ်ပါသည်။ တပည့်တော် တောင်းပန်သည်ကို မနာခံရုံမျှမက တပည့်တော်မ၏ သားငယ်၏ လက်မောင်းကိုပင် ခုတ်ပါသည်။
တပည့်တော်မ သူ့ကို သတ်ချင်လှသော်လည်း ငရဲကျမှာ၊ သူများ အတုယူမှာစိုး၍ ဒေါသကို ချုပ်တည်းပြီး အရှင်ဘုရားထံ လာရောက်လျှောက်ထားခြင်း ဖြစ်ပါသည်။
ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည်“သာဓု”ခေါ်တော်မူပြီး---
အကြင်သူသည် ဟုန်းကနဲ ထလာသော ဒေါသကို အရှိန်ပြင်းစွာ ပြေးနေသော ရထားကို ထိန်းနိုင်သော ရထားထိန်းကဲ့သို့ ထိန်းနိုင်၏။ ထိုသူကို ရထားထိန်းဟု ငါဆို၏။ ကျန်းသူများမှာ ကြိုးကိုင်သက်သက်သာတည်း။
ဟု ဟောတော်မူပါသည်။ ဒေသနာအဆုံး၌ နတ်သမီးလည်း သောတာပန် တည်ပါသည်။

နတ်သမီးသည် သောတာပန်ဖြစ်ပြီးသော်လည်း ငိုပြီးနေ၏။ ထိုအခါ မြတ်စွာဘုရားက “နတ်သမီး အဘယ်ကြောင့် ငိုသနည်း”ဟု မေးတော်မူ၏။ နတ်သမီးက...
တပည့်တော်မ၏ ဗိမာန် ဖျက်ဆီးခံရပါပြီ။ ယခုအခါ တပည့်တော်မ ဘာလုပ်ရပါမည်နည်း၊ ဟု လျှောက်သောအခါ...
မငိုနှင့်တော့ နတ်သမီး၊ သင် မစိုးရိမ်နှင့်၊ သင့်ကို နေစရာ ဗိမာန် ပေးမည်။
ဟု ဇေတဝန်ကျောင်းတော် ဂန္ဓကုဋိ၏ အနီး ယမန်နေ့က စုတေသွားသော နတ်၏ ဗိမာန်သစ်ပင်ကို ညွှန်ပြတော်မူပြီးလျှင်...

ဟောဟိုနေရာ၌ရှိသော သစ်ပင်သည် အရှင်မရှိ၊ ထိုသစ်ပင်မှာ နေလေတော့။
ဟု မိန့်တော်မူ၏။ ထိုနတ်သမီးသည် ထိုသစ်ပင်မှာနေ၏။ ထိုအခါမှစ၍
ဤနတ်သမီး၏ ဗိမာန်သည် ဘုရားကိုယ်တော်တိုင် ပေးတော်မူသည်။
ဟု တန်ခိုးကြီးနတ်တို့သော်မှလည်း လာပြီး ထိုသစ်ပင်ကို လှုပ်ခြောက်ရန် မတတ်နိုင်ချေ။

ဤဝတ္ထုကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ရဟန်းတို့အား သစ်ပင် မြက်ပင်တို့ကို ချိုးဖဲ့ခုတ်ဖြတ် ဖျက်ဆီးခွင့် မရှိတော့သည့် မချိုးဖဲ့ မခုတ်ဖြတ် မဖျက်ဆီးရသော (ဘူတဂါမ) သိက္ခာပုဒ်ကို ပညတ်တော်မူပါသည်။
ဤဝတ္ထုကို ကြည့်လျှင် သစ်ပင်တိုင်း လိုလိုမှာ နတ်နေလေ့ရှိသည်။ ထိုသို့နေခြင်းမှာ နေရာလပ်ဖြစ်နေ၍ နေခြင်း၊ မြတ်စွာဘုရားက ခွင့်ပြု၍နေခြင်း၊ တန်ခိုးကြီး ပုဂ္ဂိုလ်တဦးဦးက အထူး အခွင့်ရေးပေး၍ နေစေခြင်း ဖြစ်ပါသည်။

 မည်သို့ဆိုစေ များသောအားဖြင့် သစ်ပင်တိုင်းမှာ နတ်ရှိနိုင်သည်။ ထို့ကြောင့် ထိုသစ်ပင်ကို ခုတ်တော့မည်ဆိုလျှင် ထိုနတ်၏ ဗိမာန်ကို ဖျက်ဆီးရာကျမည်ဖြစ်ရာ ထိုနတ် ကျေနပ်အောင် တောင်းပန်တိုးလျှိုးခြင်း၊ ထိုနတ် နေစရာမမဲ့အောင် နတ်နေကိုင်းချန်ခြင်းမျိုး ပြုသင့်ပါသည်။ ထို့ကြောင့်လည်း မြန်မာ့ရိုးရာ ဓလေ့ထုံးစံအဖြစ် သစ်ပင်ခုတ်လျှင် နတ်နေကိုင်း ချန်ခြင်း ဖြစ်ပါသည်။

ကျော်လှိုင်

No comments: