Saturday, June 9, 2012

သွားဖုံးရောင်ရောဂါ

အာရောဂျံမဂ္ဂဇင်းမှာ အထူးကုဆရာဝန်ကြီးများနဲ့ တွေပဆုံဆွေးနွေးခြင်းကို စဉ်ဆက်မပြတ် ဖော်ပြနိုင်ဖို့အတွက် ကျွန်မစီစဉ်နေဆဲမှာပဲ ကျွန်မတို့ အိမ်သားတွေထဲမှာရော၊ ကျွန်သူငယ်ချင်း တစ်ယောက်မှာပါ ဆက်တိုက်ဆိုသလို သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းတို့ကို ခံစားခဲ့ကြရပါတယ်။
တဆက်တည်းမှာပဲ ၁၉၉၄-ခုနှစ် ကမ္ဘာ့ကျန်းမာရေး ဆောင်ပုဒ်ဟာ “သွားနဲ့ခံတွင်း ရောဂါကင်း သင်၏ကျန်းမာခြင်း” (Oral Health For Healthy Life) ဆိုတာကို ကျွန်မတို့ အမှတ်ရနေကြပါတယ်။ အခြားသော ကြောက်မက်ဖွယ် ကူးစက်ရောဂါတွေကို ကျော်ပြီး ဦးစားပေးလှုပ်ရှားဖို့  သွားနဲ့ခံတွင်းရောဂါကို ရွေးချယ်ခဲ့ကြတာ အကြောင်းရှိပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ လူများရဲ့ ၉၀-ရာခိုင်နှုန်းဟာ တနည်းမဟုတ် တနည်း သွားဖုံးရောင်ရောဂါ (Gingivitis)ဖြစ်ပွားနေကြလို့ပါပဲ။

တကယ်တော့ သွားပိုးစားရောဂါနဲ့ သွားဖုံးရောင်ရောဂါတွေဟာ အဖြစ်များပေမယ့် ကြိုတင်ကာကွယ်ဖို့အတွက် လွယ်ကူတဲ့ရောဂါများ ဖြစ်ပါတယ်။ လူတွေအားလုံး ဒီကြိုတင်ကာကွယ်မှုနည်းလမ်းတွေကို အလေ့အထဖြစ်စေပြီး အရိုးစွဲတဲ့အထိ ကျင့်သုံးဖို့ အရေးကြီးတဲ့အတွက် ကျွန်မဟာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) သွားကျန်းမာ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဦးသိန်းထွဋ် B.D.S.M sc(Manchester). (Periodontology) F.I.C.D ကို တွေပဆုံမေးမြန်းခဲ့ပါတယ်။


ဒေါက်တာ ဦးသိန်းထွဋ်ဟာ ၁၉၇၂-ခုနှစ်မှာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ B.D.S. ဘွဲ့ကို ရရှိခဲ့တယ်။ ၁၉၇၅-ခုနှစ်မှာ သရုပ်ပြအဖြစ် သွားဆေးတက္ကသိုလ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၈၇-မှ ၁၉၈၉-ခုနှစ်အထိ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ Manchester University မှာ ပညာဆည်းပူးပြီး M.Sc (Periodontology)ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဆရာဟာ လက်ထောက်ကထိက၊ ကထိက၊ ဘွဲ့လွန်ကထိကအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၉၈-ခုနှစ်မှ ယခုအချိန်အထိ သွားကျန်းမာပညာဌာနမှာ ပါမောက္ခ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ဆရာဟာ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်းရဲ့ ဒုတိယဥက္ကဋ္ဌလဲ ဖြစ်ပြီး မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီမှာ ကောင်စီဝင်တဦးလဲ ဖြစ်ပါတယ်။

(မေး) သွားနဲ့ခံတွင်း ရောဂါများထဲမှာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးရောဂါက ဘာရောဂါဖြစ်နိုင်ပါသလဲဆရာ။
(ဖြေ) သွားနဲ့ခံတွင်း ရောဂါများထဲမှာ ဒီနိုင်ငံမှာ အဖြစ်အများဆုံး ၆၅-၇၅ ရာခိုင်နှုန်းလောက်မှာ တွေ့ရတာကတော့ သွားဖုံးရောင်ရောဂါ (Gingivitis) ဖြစ်ပါတယ်။

(မေး) ဒီရောဂါ ဘာကြောင့် ဖြစ်ပွားရပါသလဲရှင့်။
(ဖြေ) သွားဖုံးရောင် ရောဂါဟာ ခံတွင်းမသန့်ရှင်းတာကနေ အခြေခံပြီး ဖြစ်ပွားတာဖြစ်တယ်။ တချို့ကလဲ သွားတိုက်ပေမယ်လို့ စနစ်မမှန်ဘူး။ စနစ်မှန် သွားတိုက်နည်းနဲ့ မတိုက်တဲ့အတွက် သွားချေးလွှာ (Bacteril Plague) တွေက မစင်ဘူး။ အမြဲတမ်း ကျန်းမာနေမယ်။ ဒီလို သွားချေးလွှာတွေရှိတဲ့အတွက် ဗက်တီးရီးယားပိုးတွေက သွားတွေမှာ တွယ်တယ်၊ ပွားလာတယ်၊ ဒီကတဆင့် အက်စစ်ပျော့ (Toxin) တွေ၊ အင်ဇိုင်း(Enzyme)တွေ ထုတ်တဲ့အတွက် သွားဖုံးရောဂါကို စဖြစ်စေတာဖြစ်တယ်။

(မေး) သွားဖုံးရောင်ရောဂါရဲ့ လက္ခဏာတွေကို ပြောပြပေးပါဦးဆရာ။
(ဖြေ) ရောဂါလက္ခဏာတွေကတော့  နဂိုက ပန်းနုရောင်ဖြစ်နေတဲ့ သွားဖုံးသားဟာ နီးမြန်းလာမယ်၊ ချပ်ချပ်ရပ်ရပ်ရှိတဲ့ သွားဖုံးဟာ ရောင်လာတဲ့အတွက် ဖောင်းကြွလာမယ်၊ သွားတိုက်ရင် သွေးစလေးတွေ ပါလာတတ်တယ်၊ တချို့ ငှက်ပျောသီး၊ သစ်တော်သီး စားရင်တောင် သွေးထွက်မယ်၊ သိပ်ဆိုးတဲ့လူ ဆိုရင် ပေါင်မုန့်စားတာတောင် သွေးစတွေ ပါလာတာတွေ့ရတယ်။ ဒီအချိန်မှာ နာလားဆိုတော့ လုံးဝ မနာသေးဘူး၊ ဒီအချိန်မှာဆိုရင် ကုသဖို့လွယ်တယ်၊ ဒါက အစောဆုံးအဆင့်မှာတွေ့ရတဲ့ လက္ခဏာတွေပဲ  ဖြစ်တယ်။ ဒီလိုလက္ခဏာတွေ့ရင် သွားတိုက်နည်း မှန်သွားအောင် ပြင်ပေးလိုက်ရုံနဲ့ သွားမှန်မှန်တိုက်ရင် ပျောက်သွားမှာ ဖြစ်တယ်။ တချို့ကတော့ ကြာလာရင် သွားအခြေမှာ (Calculus) ခေါ်တဲ့ ကျောက်ကလေးတွေ တွေ့ရမယ်။ ကျောက်ကလေးတွေကို သွားဘက်ဆိုင်ရာ ဆရာဝန်တွေက ဖယ်ရှားပေးရပါမယ်။ ဖယ်ပြီးတော့ စနစ်မှန် သွားတိုက်နည်း ပြပေးရပါမယ်။


(မေး) သွားဖုံးရောင်ရောဂါဖြစ်လို့ သွားဖုံးသွေးထွက်တာနဲ့ ဗီတာမင်စီ ချို့တဲ့လို့ သွားဖုံးသွေးယိုတာ ဘယ်လိုကွာခြားပါသလဲ သိပါရစေရှင်။
(ဖြေ) မြန်မာနိုင်ငံမှာ စိမ်းစိုလန်းဆန်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ ပေါများပါတယ်။ သံပုရာသီး၊ ရှောက်သီးတို့လဲ အလွန်ပေါများတဲ့အတွက် ဗီတာမင်ချို့တဲ့မှုဟာ ရှိတော့ရှိတယ်။ ဒါပေမယ့် ရှားတယ်။ ဒါပေမယ့် သွားဖုံးရောင်ရောဂါဖြစ်တဲ့ အခါမှာတော့ ဘယ်လောက်ပဲ ဗီတာမင်စီ စားစား ခံတွင်းမသန့်ရှင်းရင် သွားဖုံးသွေးထွက်မှာပဲ။ ခံတွင်းမသန့်ရှင်းလို့ သွားဖုံးသွေးထွက်တဲ့အခါ သွားတိုက်မှ ထွက်မယ်၊ ထွက်ရင်လဲ နည်းနည်းပဲ ထွက်မယ်၊ အခြားအကြောင်းကြောင့် သွားဖုံးသွေးယိုတယ်ဆိုရင် သွေးက အလိုလိုနေရင်းထွက်မယ်။ ထွက်ရင်လဲ ပိုများမယ်။ ဒီလိုလူမျိုးမှာတော့ သွားဖုံးတွေက မနီဘဲ ခရမ်းရင့်ရောင်မျိုး ဖြစ်နေတာ တွေ့ရတယ်။


သွေးစစ်ကြည့်လိုက်ရင် သွေးနဲ့ပတ်သက်တဲ့ ဓာတ်တွေ ဖောက်ပြန်နေတာတွေ့ရတယ်။ တချို့လဲ အခြားရောဂါတခုခုကြောင့် သွားဖုံးသွေးထွက်တတ်တယ်။ ကလေးတစ်ယောက်ဆို ကျွန်တော့်ဆီ သွားဖုံးသွေးထွက်လို့ဆိုပြီး လာပြတယ်။ သွေးစစ်ကြည့်လိုက်တဲ့အခါ ကလေးဟာ သွေးလွန်တုပ်ကွေးဖြစ်နေတာ တွေ့ရတယ်။
တချို့ဆို လက်မြှောက်လို့ မရတော့ဘူး။ အဆစ်အမြစ်တွေမှာ သွားထိခိုက်တယ်။ တဆက်တည်းမှာပဲ သွားနာလာတော့ မနာတဲ့ဘက်နဲ့ ဝါးမယ်။ တဖက်တည်း အသုံးပြုများတဲ့အခါ မျက်နှာကြွက်သားတွေ ညောင်းညာလာမယ်။ မေးရိုးဆုံ (T.M.J)တွေမှာ ဒဏ်ဖြစ်လာမယ်။ ဒီလို ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်။


(မေး) သွားဖုံးရောင်ရောဂါရဲ့ နောက်ဆက်တွဲပြဿနာများကိုလဲ ပြောပြပါဦးဆရာ။
(ဖြေ) သွားဖုံးရောင်ရောဂါဟာ သွားဖုံးသား၊ သွားဖုံးအရိုးနဲ့ သွားကိုထိန်းထားတဲ့ သွားမြစ်ပတ်မြှေးတို့မှာ ဖြစ်တဲ့ရောဂါဆိုတာတော့ သွားဖုံးရောင်ရောဂါ အစပိုင်းမှာ စောစီးစွာကုသခံယူရင် ပြန်ကောင်းသွားမှာ ဖြစ်တယ်။ ဒီလို ကုသမှု မခံယူဘူး၊ ဂရုမစိုက်ဘူးဆိုရင်တော့ အချိန်ကြာလာတာနဲ့ အမျှ သွားဖုံးသားမှတဆင့် သွားဖုံးရိုးသို့ ပျံ့နှံ့သွားပြီး သွားဖုံးရိုးများ ပျက်စီးလာမယ်။ ဒါဟာ ရေစီးကမ်းပြိုလို့ လူတွေသိတဲ့သွားမြစ်ဝန်းကျင်ရောင် ရောဂါ (Periodontitis) ဖြစ်ပါတယ်။ ဒီရောဂါ ဆက်လက်ဖြစ်ပွားလို့ ကြာလာရင် သွားတွေယိုင်နဲ့ပြီး ကျွတ်ထွက်လာတဲ့အထိ ဆိုးဝါးသွားနိုင်ပါတယ်။

(မေး) သွားဖုံးရောင်ရောဂါကို ဘယ်လိုကုသရပါမလဲ။
(ဖြေ) သွားဖုံးရောင်ရောဂါမှာ သွားဖုံးရောဂါကို ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားတွေက သွားတွေမှာ တွယ်ကပ်ပြီး ပွားများလာမယ်။ ပြီးတော့ အဆိပ်အတောက် (Endotoxin) တွေ၊ အင်ဇိုင်း (Enzyme) တွေ ထုတ်လို့ဖြစ်တာ ဖြစ်တဲ့အတွက် ဗက်တီးရီးယားတွေ မတွယ်ကပ်နိုင်အောင် လုပ်ပေးရမယ်။ ဗက်တီးရီးယားတွေက ပါးစပ်ထဲမှာ သူတို့တွယ်နိုင်ဖို့ အမာခံတစ်ခုကို အမြဲရှာကြတယ်။ လျှာဆိုရင် တွယ်လို့မရဘူး။ လျှာကတစ်သျှူးတွေဟာ ခုနစ်ရက် ဆယ်ရက်အတွင်း (Tissue Turnover) ဆိုတဲ့ အရေခွံလဲသလို လဲသွားတဲ့အတွက် ဗက်တီးရီးယားတွေ မတွယ်နိုင်ဘူးဆိုတော့ သွားတွေပဲ ရှိတာပေါ့။ သွားတွေက ဒီအတိုင်းဆို ပြောင်နေရင် တွယ်လို့မလွယ်ပေမယ့် သွားချေးလွှာတွေရှိမယ်။ ဒီကတဆင့် ကျောက်တွေဖြစ်မယ်ဆိုရင်တော့ ရောဂါဖြစ်မှာပဲ။ ဒါကြောင့် သွားဖုံးရောင်ရောဂါလက္ခဏာတွေ ပြပြီဆိုတာနဲ့ စနစ်မှန်သွားတိုက်နည်းနဲ့ တိုက်ပေးရမယ်။ ကျောက်ရှိရင် သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ခြစ်ထုတ်ပစ်ရပါမယ်။ ဒါဆို ပြန်ကောင်းသွားမှာဖြစ်ပါတယ်။

(မေး) ရေစီးကမ်းပြို ရောဂါရဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါရှင့်။
(ဖြေ) သွားဖုံးရောင်ရောဂါကို မကုဘဲထားလို့ ရေစီးကမ်းပြိုဖြစ်လာပြီဆိုရင် သွားဖုံးရိုးတွေကို စားသွားတဲ့အတွက်  သွားတွေဟာ မိန့်လာမယ်။ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာ သွားဖုံးရိုးတွေ နိမ့်တာ ပိုဆိုးလာမယ်။ ဒါတင်မကဘူး သွားဖုံးကို ဖိကြည့်လိုက်ရင် သွေးတင်မကဘဲ ပြည်ပုပ်တွေပါ ထွက်လာတယ်။ နဂိုက မကျဲတဲ့ သွားတွေက စပြီး ကျဲလာမယ်။ မသိမသာ စလှုပ်လာမယ်။ အစာစားတဲ့အခါ၊ အသားစားတဲ့အခါ သွားကြားညပ်မယ်။ ဒီဒဏ်ကြောင့် သွားတွေက ပိုဆိုးလာမယ်။ သွားဖုံးရောင်သာမကဘဲ သွားပိုးစားရောဂါပါ ဖြစ်လာတာ တွေ့ရမယ်။ ဒီအချိန်မှာ ခံတွင်းနံတာ ပိုဆိုးလာမယ်။ သွားက ကောင်းကောင်းဝါးလို့ မရတော့ဘူး။ ကြေညက်အောင် မဝါးဘဲနဲ့ မျိုချလိုက်တဲ့အခါမှာ အစာအိမ်ထိခိုက်လာမယ်။ အစာမကြောရောဂါ ဖြစ်လာမယ်။ ခုနက ပြည်တွေကို မျိုချမိရင် သွေးကြောကတဆင့် အဆစ်အမြစ်တွေ ကျောက်ကပ်တွေကို ထိခိုက်နိုင်မယ်။ 


(မေး) ရေစီးကမ်းပြိုရောဂါကို ကုသလို့ ရပါသလားရှင့်။
(ဖြေ) ရေစီးကမ်းပြိုရောဂါကို နဂိုအတိုင်း ပြန်ကောင်းအောင် ကုသဖို့ ခက်လာတယ်။ ကုသတဲ့အခါ ပိုပြီး အဆင့်မြင့်လာတယ်။ သွားဖုံးရောင်ရောဂါမှာသာ ကုလိုက်ရင် ဒီလောက်ခက်ခဲဖို့ မလိုဘူး။ အပ်နဲ့ထွင်းရမဲ့အစား ပုဆိန်နဲ့ပေါက်ရသလို ဖြစ်လာတာပေါ့။ ဒီအချိန်မှာ ကျွန်တော်တို့က ရောဂါပိုး မပျံ့အောင်၊ ရပ်သွားအောင် ဦးစားပေး ကုသပေးရတယ်။ ကုထုံးတွေ အများကြီးရှိတဲ့အထဲမှာ ကုသမှု အောင်မြင်ဖို့ကနှစ်ပိုင်းရှိတယ်။ 
တပိုင်းက ကုပေးတဲ့ ဆရာဝန်ရဲ့ တာဝန်။
နော်ကတပိုင်းက လူနာရဲ့ တာဝန်။ 
ကုတဲ့ဆရာဝန်က ပျောက်အောင် ကုပေးမယ်။ လူနာကလဲ ဆရာပြောတဲ့အတိုင်း လိုက်နာရမယ်။ သွားမှန်မှန်တိုက်မယ်။ စနစ်မှန် သွားတိုက်နည်းနဲ့ တိုက်ပေးမယ်ဆိုရင် ပျောက်ကင်းမှာပါ။


(မေး) စနစ်မှန် သွားတိုက်နည်းကို စာဖတ်ပရိသတ်တွေ သိအောင် ပြောပြပေးပါဦးဆရာ။
(ဖြေ) စနစ်မှန် သွားတိုက်နည်းဆိုတာ သွားပွတ်တံနဲ့ သွားတိုက်ဆေးကို သာံးပြီး စားကြွင်းစားကျန်များ၊ သွားချေးလွှာများကို ဖယ်ရှားပေးရမယ့်နည်း ဖြစ်ပါတယ်။ သွားပွတ်တံကို ရွေးချယ်တဲ့နေရာမှာ အမျှင်များဟာ ပျော့ပျောင်းပြီး မြဲမြံစွာ ဆုပ်ကိုင်နိုင်တဲ့ လက်ကိုင်မျိုး ဖြစ်သင့်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မေးရိုးအရွယ်အစား မတူညီကြတဲ့အတွက် ကိုယ်နဲ့သင့်တော်မယ့် သွားပွတ်တံကို ရွေးချယ်ရာမှာ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပြီးတော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးရပါမယ်။ သွားတိုက်တဲ့အခါ နှစ်မိနစ် သုံးမိနစ်ခန့်ကြာအောင် တိုက်သင့်ပါတယ်။ သွားတိုက်တဲ့အချိန်မှာ နံနက်စာ စားပြီးချိန်နဲ့ ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။


(မေး) ဆားနဲ့ သွားတိုက်ခြင်းကရော သင့်တော်ပါသလားရှင့်။
(ဖြေ) ဆားရည်နဲ့ တိုက်ပေးလို့ ရပါတယ်။ ဒါပေမယ့် ဆား-တို့ပြီး တိုက်တဲ့အခါမှာတော့ ဆားပွင့်များ ကြမ်းနေတဲ့အခါ ခံတွင်းအတွင်း ဆားပွင့်များ ရေမှာ ချက်ချင်း မပျော်ဝင်မီ ကြွေသွားလွှာကို ပွန်းပဲ့စေနိုင်ပါတယ်။ ဒီလိုပဲ မီးသွေးခဲနဲ့ တိုက်တဲ့အခါမှာလဲ ကြွေသွားလွှာ ပွန်းပဲ့စေနိုင်ပါတယ်။


(မေး) သွားကြားညပ်တဲ့အခါ သွားကြားထိုးတံ (ဝါးချောင်းများ) အသုံးပြုတာ သင့်တော်ပါရဲ့လားဆရာ၊ သွားဖုံးကို ထိခိုက်နိုင်ပါသလားရှင့်။
(ဖြေ) အရွယ်အစားညီတဲ့ သွားကြားထိုးတံကို အသုံးပြုမယ်ဆိုရင်တော့ အစာညပ်တာကို ဖယ်ရှားတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ အရွယ်မညီတဲ့ သွားကြားထိုးတံများနဲ့ ဆိုရင်တော့ အဆင်မသင့်ရင် သွားဖုံးသားများကို ထိခိုက်နိုင်ပါတယ်။ နောက်တချက် သိထားသင့်တာကတော့ သွားတိုက်တဲ့အခါ သွားနှစ်ချောင်းကြား အတွင်းကို (Interproximal Area) စပ်ဖို့ ခက်ခဲတဲ့အတွက် သွားကြားပွတ်ကြိုး (Dental Floor) ကို အသုံးပြုရင် အကောင်းဆုံး ဖြစ်ပါတယ်။ သွားပွတ်တံအမျှင်များ မရောက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနိုင်ပြီး သွားဖုံးရောဂါများ သွားပိုးစားရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


(မေး) ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းများကြောင့် သွားဖုံးကို ထိခိုက်နိုင်ပါသလား။ အကြံပြုပြောကြားပေးပါဦးရှင့်။
(ဖြေ) ကွမ်းစားရင် ကွမ်းချိုးတွေ ကပ်ပြီး ဗက်တီးရီးယားက ပိုတွယ်ကပ်နိုင်သလို ဆေးလိပ်သောက်ရင်လဲ ဆေးလိပ်ချိုးတွေမှာ တွယ်ကပ်နိုင်ပါတယ်။ သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြို ရောဂါများကိုလဲ ပိုပြီး ဆိုးဝါးစေပါတယ်။ အရက်သောက်တဲ့အခါမှာလဲ ခ့တွင်းသန့်ရှင်းခြင်းကို ထိခိုက်စေနိုင်တဲ့အတွက် ဆေးလိပ်၊ အရက်နဲ့ ကွမ်းစားခြင်းများကို ရှောင်ရှားသင့်ပါတယ်။
အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့ ဆရာဦးသိန်းထွဋ်ကို ကျေးဇူးတင်ပါတယ်ရှင်။


လင်းသွေးလူ (I.O.P)



No comments: