Sunday, June 10, 2012

ကလေး သွားပိုးစား ရောဂါ


ကလေးကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကျွမ်းကျင်သူ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများနဲ့ တွေ့ဆုံပြီး အာရောဂျံပရိသတ်ကို လစဉ်မပြတ် တင်ဆက်နိုင်ဖို့ ကျွန်မဟာ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးဝင်းနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သွားပိုးစားလို့ သွားတွေ ပျက်စီးသွားကြတဲ့ ကလေးတွေကို တွေ့တိုင်း သွားကျဲလေး ဒါမှမဟုတ်ရင်-သွားကျိုးလေးလို့ ချစ်စနိုးခေါ်ကြပါတယ်။ ဒါမျိုးဟာ တကယ်တမ်းမှာတော့ ချစ်စရာ မဟုတ်ပါဘူး။ သွားရောဂါဝေဒနာစွဲကပ်လို့ ဖြစ်ရတဲ့ အမှတ်အသားတရပ်ဆိုတာ ဒေါက်တာဦးမျိုးဝင်းရဲ့ ကျွမ်းကျင်စွာ ရှင်းပြပေးမှုကြောင့် ပိုပြီးသိခဲ့ရပါတယ်။


ဒီအတွက် ကလေးတွေကို ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်သရွေ့ သွားနဲ့ခံတွင်း ရောဂါများဟာ လူများစုမှာ ဖြစ်ပွားနေဦးမှာပဲ ဆိုတာ စိတ်မကောင်းစွာနဲ့ပဲ ပြောလိုပါတယ်။ ကလေးငယ်တွေ သွားကိုက်ဝေဒနာ ခံစားနေရချိန်မှာတော့ မိဘတွေ ကြေကွဲဝမ်းနည်းကြရပါလိမ့်မယ်။ အဲဒါကြောင့် ကလေးငယ်တွေ ပျော်ရွှင်ကြည်နူးတဲ့ ချစ်စဖွယ် အပြုံးပိုင်ရှင်ကလေးများ ဖြစ်လာကြစေဖို့အတွက် သွားကျန်းမာရေးဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

ဒေါက်တာဦးမျိုးဝင်းဟာ ၁၉၇၈-ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ B.D.S ဘွဲ့ကို ရရှိခဲ့တယ်။ ၁၉၈၈-ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှ M.Sc (Children's Dentistry) ဘွဲ့ကို ရရှိခဲ့ပြီး သွားပိုးစားရောဂါနဲ့ ပတ်သက်တဲ့ သုတေသန ဆောင်ရွက်ကျမ်းပြုခဲ့တဲ့အတွက် M Phil(Lond) ဘွဲ့ကိုလဲ ရရှိခဲ့ပါတယ်။ ဆရာဟာ သွားဘက်ဆိုင်ရာ ဆေးပညာ တိုးတက်ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့တဲ့ အတွက် F.I.C.D. F.I.C.C.D.E, စတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သွားကျန်းမာရေးပညာဌာန၊ ကလေးသွားကျန်းမာရေး ပညာဌာနခွဲမှာ ဘွဲ့လွန်ကထိက ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပြီး အထွေထွေ သွားရောဂါကုသခြင်း(General Dental Practice) ကို အချိန်ပိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်းရဲ့ အထွေထွေအတွင်းရေးမှူးလဲ ဖြစ်ပါတယ်။

(မေး) ကလေး သွားရောဂါအကြောင်း မပြောခင်မှာ ကလေးသွားဆိုတာ ဘယ်လိုသွားမျိုးကို ခေါ်ပါသလဲ ပြောပြပေးပါဆရာ။
(ဖြေ) ကလေး သွားဆိုတာကတော့ ကလေးအသက် ခြောက်လအရွယ်က စပေါက်တဲ့ သွားများ ဖြစ်ပါတယ်။ နို့သွားလို့လဲ ခေါ်ကြပါတယ်။ ကလေးသွားများဟာ နှစ်နှစ်ခွဲနဲ့ သုံးနှစ်အတွင်းမှာ စုံသွားပြီး အပေါ်အောက် စုစုပေါင်း အချောင်း ၂၀-ရှိပါတယ်။ ကလေးသွားတွေမှာ အရေးကြီးတာကတော့ ကလေး အသက်ခြောက်နှစ်အရွယ်မှာ ထွက်လာတဲ့ ပထမအံသွားကြီး ဖြစ်တယ်။ အပေါ်အောက် စုစုပေါင်း လေးချောင်းရှိတယ်။ ဒီအံသွားကြီးတွေဟာ လူကြီးသွား ဖြစ်တဲ့အတွက် ဒီနေရာမှာ နောက်ထပ် သွားအသစ်ပေါက်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူကြီးမိဘများအနေနဲ့ သတိပြုပြီး ဂရုစိုက်ပေးရပါမယ်။

(မေး) လူကြီးသွားဆိုတာကို တစ်ပါတည်း ရှင်းပြပေးပါဦးရှင့်။
(ဖြေ) လူကြီးသွားဟာ ကလေးခြောက်နှစ်လောက်ကစပြီး ၁၂-နှစ်ဝန်းကျင်အထိ ငယ်သွားများနေရာမှာ အစားထိုးပေါက်လာခြင်း ဖြစ်ပြီး အသက် ၁၈-နှစ်မှ ၂၅-နှစ်ဝန်းကျင်မှာ အံဆုံးသွားများ ပေါက်လာပါတယ်။ ဒါမှ ကြီးသွား စုစုပေါင်း သုံးဆယ့်နှစ်ချောင်း ပြည့်စုံလာမှာ ဖြစ်ပါတယ်။

(မေး) လူတိုင်းမှာ သွား ၃၂-ချောင်း အပြည့်ရှိကြပါသလားရှင်။
(ဖြေ) လူတိုင်းမှာ သွား ၃၂-ချောင်း မပြည့်တာလဲ ရှိပါတယ်။ ခုနောက်ပိုင်းမှာ ကျွန်တော်တို့ တွေ့ရတာကတော့ လူတော်တော်များများဟာ အံဆုံးသွားတွေ မပေါက်ကြဘူး။ ပေါက်ရင်လဲ ကန့်လန့်ဖြစ်နေတတ်တဲ့အတွက် ခွဲထုတ်ရတတ်ပါတယ်။ ဒါကြောင့် သွား ၂၈-ချောင်း ပြည့်ရင်ကိုပဲ ဒါဟာ ပုံမှန်(nomal)လို့ပဲ သတ်မှတ်ရပါတယ်။

(မေး) ကလေးများ သွားပေါက်နောက်ကျတဲ့အခါ စိုးရိမ်စရာ ရှိပါသလားဆရာ။
(ဖြေ) သာမန်အားဖြင့် အသက် ခြောက်လမှာ သွားပေါက်ရမယ့်ကလေးဟာ အသက် ကိုးလလောက်အထိ မပေါက်သေးဘူးဆိုရင် ဒါဟာ Nomal လို့ပဲ ပြောလို့ရပါတယ်။ စိုရိမ်စရာ မရှိပါဘူး။ ဒီလိုပဲ လူကြီးသွားများ ပေါက်တဲ့အခါမှာလဲ ခြောက်လကနေ တနှစ်လောက် နောက်ကျပေမယ့်လဲ ဒါဟာ (Physiological Delay) ဇီဝကမ္မဖြစ်စဉ်ကြောင့် နောက်ကျခြင်းလို့ပဲ ယူဆပါတယ်။

(မေး) အမေတချို့ဟာ ကလေးများ သွားပေါက်နောက်ကျတဲ့အခါ ကယ်လဆီယမ် ဆေးပြားများ တိုက်ကျွေးတာ တွေ့ရပါတယ်ဆရာ။ ဒါဟာ ဘယ်လိုသက်ရောက်မှုမျိုးရှိပါသလဲရှင့်။
(ဖြေ) သွား-အရိုးတွေအတွက် ကယ်လ်ဆီယမ်ဆေးပြားတွေ တိုက်ကျွေးတာဟာ အနှောက်အယှက် မရှိပါဘူး။ (ကယ်လ်ဆီယမ် နည်းလို့ သွားမပေါက်တာလား ဆိုပြီး (systemic cause)ခန္ဓာကိုယ် တခုလုံးကိုလဲ ခြုံပြီး စဉ်းစားရပါတယ်) ကျွန်တော်တို့ အနေနဲ့ကတော့ သွားပေါက်မယ့်နေရာ (Local cause) ကို အဓိကထားပြီး စဉ်းစားရပါတယ်။ ကြီးသွားတွေမှာ ခုနစ်နှစ် ရှစ်နှစ်ရောက်မှ မပေါက်သေးဘူးဆိုရင် ငယ်သွားတွေကို စောစောစီးစီး နုတ်ထားရလို့လား။ ဒါမှမဟုတ် သွားအပိုအသပ်လေးတွေကြောင့် ပိတ်နေသလား စသဖြင့် စဉ်းစားပြီး စစ်ဆေးပေးရပါတယ်။ တချို့ကလေးတွေမှာ အပေါ်ရှေ့သွား နံပါတ်နှစ်ဟာ မပေါက်ကြဘူး။ ဒါမျိုးဆိုရင် မွေးရာပါ သွားပေါက်နည်းခြင်း (congenital mirring) ကြောင့်လဲ ဖြစ်တတ်တဲ့အတွက် ကလေးတွေကို သွားမှန်မှန် စစ်ဆေးခြင်း ပြုလုပ်ပေးသင့်ပါတယ်။

(မေး) ကလေးတွေ သွားပေါက်တဲ့အချိန်မှာ ဘာလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။
(ဖြေ) ကလေးတွေ သွားပေါက်တဲ့အချိန်မှာ ကလေးများဟာ ပုံမှန်ထက် ငိုမယ်။ မအီမသာ ဖြစ်မယ်။ တံတွေးတွေ များများကျမယ်။ အကျိတ်တွေ ပေါ်လာတတ်တယ်။ ပါးစပ်ထဲကို မကြာခဏ လက်နဲ့ နှိုက်နေတတ်တယ်။ သွားဖုံးယားတဲ့အတွက် တွေ့ရာပစ္စည်းတွေကို ပါးစပ်နဲ့ ကိုက်တတ်ကြတယ်။ တချို့ကလေးတွေကျတော့ ဖျားတယ်၊ ပြီးတော့ ဝမ်းလျှောတတ်ကြတယ်။ တချို့ကျတော့ non-specific ulcer လို့ခေါ်တဲ့ အရည်ကြည်ဖုလေးတွေ (ရေယုန်လို အနာမျိုး) ပေါက်လာတတ်တာကိုလဲ တွေ့ရတတ်တယ်။

(မေး) ဒီလိုလက္ခဏာတွေ ပေးလာရင် ဘယ်လို ဂရုစိုက်ရပါမလဲရှင်။
(ဖြေ) ဒီလိုအချိန်မှာ ကလေးဟာ ဖျားတယ်။ ရိုးရိုးဖျားတာလား၊ သွားကြောင့်လားဆိုတာ ပါးစပ်ထဲကို ဟကြည့်ပြီးတော့ သွားဖုံးရောင်နေလား၊ နီရဲနေလားဆိုတာ ကြည့်ရမယ်။ ကလေးဟာ သွားပေါက်တဲ့ နေရာမှာ သွားဖုံးရောင်နေမယ်။ မျက်နှာတခြမ်း ရောင်နေမယ်။ အစာမစားနိုင်ဘူး ဆိုရင်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသစစ်ဆေးရမှာ ဖြစ်ပါတယ်။ သွားကြောင့် ဖြစ်တယ်ဆိုရင် သွားပေါက်တာကို သက်သာအောင် သောက်တဲ့ဆေးတွေ ရှိတယ်။ လိမ်းတဲ့ဆေးတွေလဲ ရှိတယ်။ ဒီနေရာမှာ ကလေးတွေ သွားပေါက်ခါနီးရင် သွားဖုံးယားတဲ့အတွက် တွေ့ရာပစ္စည်းတွေကို ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့အတွက် အထူးပြုလုပ်ပေးထားတဲ့ သွားကိုက်ကွင်းလေးတွေ (teething ring)ကို ဝယ်ပေးထားလို့ ရပါတယ်။

(မေး) သွားနဲ့ပတ်သက်ပြီး ကလေးတွေမှာ အဖြစ်အများဆုံး ရောဂါဟာ ဘာရောဂါပါလဲ ဆရာ။
(ဖြေ) ကလေးတွေမှာ အဖြစ်အများဆုံး ရောဂါဟာ သွားပိုးစား ရောဂါပါပဲ။ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာတမ်းအရ သုံးနှစ်က ခြောက်နှစ်အရွယ် ကလေးများမှာ တစ်ယောက်လျှင် သွားပေါင်း ငါးချောင်းက ခုနစ်ချောင်း သွားပိုးစားနေကြောင်း တွေ့ရှိရတယ်။ ခြောက်လမှာ သွားစပေါက်ပြီးလို့ နှစ်နှစ်ခွဲ သုံးနှစ်မှာ စုံသွားတဲ့ ကလေးတွေဟာ သုံးလေးနှစ်လောက် ကျရင် သွားတွေမှာ ပြည်တည်လို့ သွားငုတ်တိုလေးတွေဖြစ်လို့ သွားတွေက စူးရှပြီး ပါးစပ်ထဲမှာ အနာတွေဖြစ်လို့ဆိုပြီး ကျွန်တော်တို့ဆီ ရောက်လာတတ်ကြတယ်။ တချို့လဲ သွားဖုံးထိပ်မှာ ပြည်တည်လို့ ညအိပ်လို့မရဘူး ဆိုပြီး ရောက်လာတတ်တယ်။ အဓိက ဘာအကြောင်းလဲဆိုတော့ သွားပိုးစားရောဂါကြောင့်ဖြစ်တာ တွေ့ရတယ်။ အဲဒါကြောင့် ကလေးသွားတွေ ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ ကလေးသွားပိုးစားရောဂါ (dental caries)ကြောင့် ဖြစ်တယ်။

(မေး) ကလေးတွေဟာ ဘာကြောင့် သွားပိုးစားရောဂါ ဖြစ်ပွားရပါသလဲရှင့်။
(ဖြေ) ဘာလို့လဲဆိုတော့ နို့ဘူးကို အချိန်ကြာမြင့်စွာ တိုက်ခြင်း (Prolonged boule-feeding) ကြောင့် ဖြစ်ပါတယ်။ ကလေးဟာ အိပ်တဲ့အခါ နို့ဘူးကို စို့ပြီးအိပ်တယ်။ တချို့လဲ အချိုရည်ကို စို့ပြီး အိပ်တယ်။ ဒီအထဲမှာ သကြားအချိုတွေ ပါတယ်။ အဲဒီနို့ဘူးကိုစို့ရင် အိပ်တဲ့အခါ သကြားပါတဲ့ နို့တွေထဲမှာ သွားတွေကို စိမ်ထားသလိုဖြစ်ပြီး သွားပိုးစားတာ ဖြစ်တယ်။

(မေး) သွားပိုးစားခြင်း ဘယ်လိုဖြစ်လာသလဲဆိုတာလေး ရှင်းပြပေးပါဦးဆရာ။
(ဖြေ) လူတွေမှာ မွေးဖွားလာတဲ့ အချိန်ကစပြီး သက်တမ်းတစ်လျှောက်လုံး ပါးစပ်ထဲမှာ ဗက်တီးရီးယားပိုးတွေ ရှိနေတယ်။ (streptococcus mutans)ခေါ် သွားပိုးစားရောဂါကို ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားတွေလဲ ပါတယ်။ ဒီဗက်တီးရီးယားတွေဟာ လူတိုင်းရဲ့ ပါးစပ်ထဲမှာ သွားကြိုသွားကြားနဲ့ သွားမျက်နှာပြင်နေရာမှာ ကပ်နေတဲ့ ဗက်တီးရီးယား Plague-ခေါ် အမြှေးပါးလွှာထဲမှာ ရှိနေကြတယ်။ အဲဒီ သွားချေးလွှာထဲမှာရှိတဲ့ ဗက်တီးရီးယားပိုးများနဲ့ ချိုပြီးစေးကပ်တဲ့ အစာတို့ အချဉ်ပေါက် ဓာတ်ပြုတဲ့အခါမှာ အက်စစ်ပျော့တစ်မျိုး ထွက်လာပြီး သွားတွေမှာ အပေါက်များ ဖြစ်လာခြင်း ဖြစ်တယ်။ သွားပိုးစာတယ်ဆိုတာ ဗက်တီးရီးယားတွေက သွားကို စားသွားတာ မဟုတ်ဘူး။ သူတို့က ထုတ်တဲ့ အက်စစ် (weak acid)ကသာ သွားကို ဆွေးမြည့်စေတာ ဖြစ်တယ်။ အဲဒါကြောင့် သွားပိုးစားခြင်းကို သွားဆွေးမြည့်ခြင်းလို့လဲ ခေါ်နိုင်တယ်။

(မေး)သွားပိုးစားရောဂါရဲ့ အဆိုးဆုံးရောဂါ လက္ခဏာတွေကိုလဲ ပြောပြပေးပါဦးဆရာ။
(ဖြေ) သွားပိုးစားရောဂါကြောင့် သွားရဲ့အမြစ်ထိပ်မှာ ပြည်တည်နာတွေ ဖြစ်လာခြင်းက နေရာတခုအတွင်းမှာ ဖြစ်ခြင်းသာ (Localized infection)ဖြစ်တယ်။ ဒီအချိန်မှာ တော်ရုံဆေးသောက်လိုက်ရုံ၊ Mouthwash လုပ်ရုံနဲ့ ပျောက်နိုင်တယ်။ ဒီလို Localized infection ကနေ ကျန်တဲ့နေရာတွေကို ပျံ့သွားမယ်။ Facialitis ခေါ်တဲ့ မျက်နှာနဲ့ မျက်လုံးတစ်ဝိုက် အပေါ်သွားကြောင့် ရောင်ရမ်းလာမယ်။ အပြင်းဖျားလာမယ်။ ဒါမျိုးဆိုရင် စိုးရိမ်ရတယ်။ အန္တရာယ်လဲ ရှိတယ်။ တချို့ဆိုရင် အောက်ခံသွားကြီးကနေ ဒါမျိုးဖြစ်ရင် necrosis တစ်သျှူးတွေ ပုပ်ပြီး အနာဖြစ်မယ်။ အချိန်မီ မကုသရင် လည်ပင်းတဘက် ရောင်လာမယ်၊ နောက်နှစ်ဘက်စလုံး ရောင်လာမယ်။ အသက်ရှူ ကျပ်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။

(မေး) သွားပိုးစားရောဂါကို ဘယ်လို ကုသမှု ပေးရပါသလဲဆရာ။
(ဖြေ) သွားပိုးစား ရောဂါဟာ စောစောစီးစီးသိရင် ကုသလို့ရပါတယ်။ အရောင်ပြောင်းစဉ်ကာလမှာ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ သေချာတိုက်ပေးမယ်။ အချိုတွေကို လျှော့စားမယ်။ သွားနှင့်ခံတွင်း သန့်ရှင်းရေး (Oralhygeine) ကို သေချာဂရုစိုက်ပေးမယ်ဆိုရင် fissurecement လို့ခေါ်တဲ့ လိမ်းဆေးမျိုး လိမ်းပေးမယ်ဆိုရင် ပျောက်ကင်းသွားမှာ ဖြစ်တယ်။ သွားတွေ ပြန်ဖြူလာမလားဆိုတာကျတော့ သွားတွေဟာ အရောင်ပြောင်းလဲဖို့ ခက်ခဲပေမယ့် ပျော့နေတဲ့ သွားတွေ ပြန်မာလာမယ်။ သွားပိုးစားရောဂါ ရပ်တန့်သွားမယ်။

(မေး) သွားပိုးစားရောဂါဖြစ်တိုင်း သွားနုတ်ဖို့ လိုပါသလားရှင့်။
(ဖြေ) တကယ်တော့ သွားပိုးစားရောဂါဖြစ်တိုင်း သွားနုတ်ဖို့ မလိုပါဘူး။ ဒါပေမယ့် သွားပိုးစားတဲ့အခါ နောက်ကျတဲ့အခြေအနေမှ လာပြကြတဲ့အတွက် ကျွန်တော်တို့ဟာ ကလေးသွားတွေကို စိတ်မကောင်းစွာ နုတ်ကြရတာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ကုသတဲ့အခါ ကလေးကို ထိန်းသိမ်း ညွှန်ကြားရတာ အင်မတန် ခက်ပါတယ်။ ကလေးတစ်ယောက်ဟာ သာမန်အချိန်မှာတောင် ပြောရဆိုရခက်နေရင် နာနေတဲ့အခါ၊ ည အိပ်ရေးပျက်ထားတဲ့အခါမှာ သူ့ကို ပါးစပ်ဟပါ၊ ထုံဆေးထိုးမယ် ပြောရတာ အင်မတန်ခက်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ နာကျင်မှုကို ပျောက်ကင်းဖို့ အမြန်ဆုံးလုပ်ပေးရမှာ ဖြစ်တယ်။ ဒါကြောင့် မိဘတွေကလဲ စောစောစီးစီးသာ သိရှိမယ်၊ ပုံမှန်သွားနဲ့ ခံတွင်းစစ်ဆေးမှု ပြုလုပ်ပေးမယ်ဆိုရင် ကလေးတွေဟာ မလိုအပ်ဘဲ သွားတွေဆုံးရှုံးတော့မှာ မဟုတ်ပါဘူး။

(မေး) အချိန်မတိုင်မီ သွားနုတ်လိုက်ရလို့ ရတဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါဦးရှင့်။
(ဖြေ) ကလေးအရွယ်မှာ အချိန်မတိုင်ခင် သွားနုတ်လိုက်ရတဲ့အတွက် ကြောက်စိတ်ဝင်နိုင်သကဲ့သို့ သွားဖုံးသားဟာ ထူသွားတယ်။ အရိုးကလဲ မာသွားတယ်။ ဒါ့ကြောင့် ကြီးသွားထွက်ချိန်ဟာ နောက်ကျသွားပြီး နေရာမှန်သွားပေါက်ခြင်းကို ဒုက္ခပေးနိုင်ပါတယ်။ တကယ်လို့ ကလေးတွေ သွားနုတ်လိုက်ရတဲ့အချိန်ဟာ ကလေးသွားကျွတ်ချိန် (sheddingtime) နဲ့ နီးကပ်စွာ နုတ်ရမယ်ဆိုရင်တော့ ကြီးသွားဟာ တလနှစ်လအကြာမှာ ပုံမှန်အတိုင်း ထွက်လာနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ တဆက်တည်းပြောချင်တာကတော့ ကလေးသွားကျိုးပြီးလို့ လူကြီးသွားထွက်တဲ့အချိန်ဟာလဲ အရေးကြီးတယ်ဆိုတာပါပဲ။ ကလေး ခြောက်နှစ် ခုနစ်နှစ်ဆိုရင် လူကြီးသွားတွေ ထွက်လာတဲ့အခါမှာ သွားတွေဟာ ယိုင်နေလား၊ စောင်းနေလား၊ ဒါမှမဟုတ်-လည်နေသလား၊ အတွင်းဘက်ကို ဝင်နေသလား၊ အပြင်ဘက်ကို ထွက်နေသလား ဆိုတာကို မိဘလူကြီးတွေ အနေနဲ့ ဂရုပြုကြည့်ပေးသင့်ပါတယ်။ တခုခု ပုံမမှန်တာ တွေ့တဲ့အခါ သွားဘက်ဆိုင်ရာ ဆရာဝန်များနဲ့ သေချာပြသသင့်ပါတယ်။

(မေး) သွားပိုးစားရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရပါမလဲဆရာ။
(ဖြေ) ကလေးတွေမှာ သွားတွေကို မှန်မှန် စစ်ဆေးပေးဘို့ လိုပါတယ်။ လူကြီးများအနေနဲ့ ကလေးကို သွားနဲ့ခံတွင်း သန့်ရှင်းရေး ပြုလုပ်တဲ့အခါများမှာ ကိုယ်တိုင်ကြီးကြပ်ပြီး သင်ပြပေး၊ တိုက်ပေးသင့်ပါတယ်။ အနည်းဆုံး တစ်နေ့ကို တခါ ကိုယ်တိုင် သွားတိုက်ပေးသင့်ပါတယ်။ ပြီးတော့ ကလေးတွေဟာ ချိုပြီး စေးကပ်တဲ့ အစားအစာတွေကို လျှော့စားရပါမယ်။ စားတဲ့အခါမှာလဲ တစွတ်စွတ် မစားစေဘဲ ထမင်းစားပြီးချိန်မှာသာ လူကြီးတွေလို အချိုတည်းတဲ့သဘော တခါတရံ စားသင့်ပါတယ်။ အစာစားပြီးတိုင်း ရေနဲ့ ပလုတ်ကျင်းပေးရပါမယ်။ ခပ်ပြင်းပြင်း ပလုတ်ကျင်းလိုက်ရင် ခံတွင်းထဲက စားကျွင်းစားကျန် တော်တော်များများ သန့်ရှင်းသွားမှာဖြစ်ပါတယ်။ ပြီးတော့ တတ်ကျွမ်းနားလည်တဲ့ သွားဘက်ဆိုရင် ဆရာဝန်နဲ့ အနည်းဆုံး တနှစ်ကို နှစ်ကြိမ် သွားကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။ သွားပိုးစားရောဂါ အဖြစ်များတဲ့ကလေးတွေမှာတော့ တနှစ်ကို နှစ်ကြိမ်ထက်မက သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသစစ်ဆေးနေဖို့ လိုပါတယ်။

(မေး) ကလေးများအတွက် ဘယ်လိုသွားတိုက်ဆေးမျိုးကို ရွေးချယ်ရပါမလဲ၊ အကြံပြုပေးပါဦးရှင့်။
(ဖြေ) ကလေးအတွက် သီးသန့်ထုတ်လုတ်ထားတဲ့ ကလေးသွားတိုက်ဆေးမျိုးဟာ ကလေးငယ်တွေအတွက် အကောင်းဆုံးပါပဲ။ တကယ်လို့ လူကြီးသွားတိုက်ဆေးကို သုံးမယ်ဆိုရင်တော့ ဆေးကို လျှော့သုံးရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဟာ သွားတိုက်တဲ့အခါ ဆေးအမြှုပ်တွေကို မထွေးဘဲ မျိုချတဲ့အခါ သွားတွေမှာ Florosia ဖလိုရိုက်ဓာတ်များခြင်းဖြစ်တယ်။ ဒီအခါမှာ သွားတွေဟာ အရောင်တွေ၊ ပုံသဏ္ဍာန်တွေ မမှန်ဘူး၊ ဖြစ်တတ်လို့ပါပဲ။ ဖလိုရိုက်ဟာ များရင်လဲ မကောင်း၊ နည်းရင်လဲ မကောင်းပါဘူး။ ဖလိုရိုက်ကို မျှတစွာ သုံးရမယ်။ သွားတွေကိုလဲ စနစ်မှန် သွားတိုက်နည်းနဲ့ တိုက်ပေးရမယ်။
အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။

လင်းသွေးလူ (I.O.P)

No comments: