Monday, June 18, 2012

အမောအတွက် အပ်တကော်ဆေး

(၂) မတယ၊ အေးချမ်းသာယာ (၁)ရပ်ကွက်တွင် ကိုသန်းဋ္ဌေး-၏ ယောက္ခမ အသက် (၆၇)နှစ်အရွယ်ရှိ ဒေါ်လှထူးသည် တစ်ကိုယ်လုံး ဖောရောင်နေကြောင်း ကြားသိရသဖြင့် စာရေးသူလည်း ဒေါ်လှထူးကို သွားရောက်မေးမြန်း ကြည့်ရှုမိပါသည်။
မြင်တွေ့ရသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်နေပါ၏။ ကိုသန်းဋ္ဌေးမှာလည်း တတ်နိုင်သမျှ ဆေးဝါးကုသမှု ပြုလုပ်ပေးသော်လည်း ရောဂါက မထူးခြားဘဲ ငွေကုန်လူပန်း ဖြစ်နေရပါသည်။

လူနာ သွားမေးသူများကလည်း ဒေါ်လှထူးအား “ဒီရောဂါနဲ့ သေမှာပဲ” ဟု ထင်ကြေးပေး ပြောဆိုနေကြပါသည်။ ဒီလိုနဲ့ တစ်လခန့်အကြာ  ဒေါ်လှထူးတစ်ယောက် စာရေးသူတို့ အိမ်ဘက်သို့ မှန်မှန်လေး လမ်းလျှောက်လာသည်ကို တွေ့ရသဖြင့်---
ဟာ ဒေါ်လှထူး အဖောအရောင်တွေ ကျပြီး နေကောင်းသွားပြီလား၊
ဟု မေးမိရာ
ဟုတ်တယ် ကိုကိုကြီးရေ၊ သန်းဋ္ဌေးဖော်ပေးတဲ့ ဆေးနဲ့ သက်သာသွားတာ၊ ထမင်းလဲ ပြန်စားနေပြီ၊ အိပ်ရာထဲ ပက်လက်နေရတာ ကြာခဲ့ပြီလေ၊ အခု အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်လာတာ။
ဟု စာရေးသူအား ပြန်ဖြေသဖြင့် စာရေးသူ အံ့သြမဆုံး ဖြစ်ရပါသည်။

စာရေးသူ၏ အတွေ့အကြုံ အရဆိုလျှင် သက်ကြီးရွယ်အိုများ တစ်ကိုယ်လုံး အဖောရောင်ရောဂါ ဖြစ်လာလျှင် များသောအားဖြင့် သေတာ များကြပါသည်။
သို့အတွက်ကြောင့် သက်ကြီးရွယ်အို ဝေဒနာရှင်များနှင့် လူငယ် လူလတ်များ ရောဂါဝေဒနာ ဖြစ်ပေါ်လာခဲ့လျှင် ငွေကုန်ကြေးကျမရှိ သက်သာပျောက်ကင်းစေရန် ဆေးကို ကိုသန်းဋ္ဌေးအား မေး၍ ရေးသားဖော်ပြလိုက်ရပါပေသည်။


ဆေးကတော့ “အပ်တစ်ကော် ဆေး”ဟု အမည်ရပါသည်။ ဒီဆေးကို ကိုသန်းဋ္ဌေး၏ အဘ မြန်မာ့ဆေးဆရာကြီး ထံသို့ သူကိုယ်တိုင် သွားရောက်မေးမြန်း၍ ရခဲ့သော ဆေး ဖြစ်ပါသည်။
(တစ်ကိုယ်လုံး ဖောရောင်၍ ရောဂါ ရင့်သန်သူများအတွက်သာ သုံးခွင့်ရှိသည်။)


ဆေးဖော်ပုံမှာ---
သပွတ်ခါး အစို (၂)လုံးကို ရေစင်အောင်ဆေးပြီးလျှင် သပွတ်ခါးသီးကို ထုထောင်း၍ အမြှုပ်ထွက်လာအောင် ပြုလုပ်ပြီး အမြှုပ်ကို ရသရွေ့ အကုန်ညှစ်ယူပါ။ အစေ့များ ကျလာလျှင် ဖယ်ပစ်ရမည်။
အမြှုပ်ထဲသို့ မန်းကျည်းစေ့ (၄)စေ့ခန့် ဆားထည့်ပါ။ ပြီးနောက် သင့်လျော်ရာ အိုးထဲပြောင်းထည့်၍ မီးခပ်သင့်သင့်ဖြင့် ကျိုရပါမည်။ မီးရှိန်မပြင်းရန်၊ ကျိုနေစဉ် ယောက်မနှင့် မွှေပေးပါ။
မွှေရာမှ တဖြည်းဖြည်း ခဲလာလိမ့်မည်။ ခဲလာလျှင် ခွင်ပေါ်မှချပြီး အအေးခံပါ၊ အေးလာပါက သန့်စင်၍ အဝကျယ်သော ဖန်ပုလင်းထဲသို့ ထည့်ပြီး အဖုံး လုံခြုံအောင် ပိတ်၍ သိမ်းဆည်းထားပါ။ 
ဝေဒနာရှင်ကိုတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် “အပ်ကလေးဖြင့် တစ်ကော်, ကော်၍ ” ဝေဒနာပျောက်သည်အထိ တိုက်ကျွေးရပါမည်။
ပျောက်ချင်ဇောနှင့် ပို၍ မတိုက်ရပါ။ ဆေးက ပြင်းပါသည်။ (၁၅)ရက်ပြည့်လျှင် သိသာစွာ အဖောကျသွားပြီး (၁)လပြည့်သည်နှင့် သက်သာပျောက်ကင်းသွားမည် ဖြစ်ပါသည်။ 


အဖောရောဂါကြောင့် စိတ်ပျက် အားငယ်နေသူများအတွက် အဖောရောဂါ ပျောက်ဆေးများ သူ့နည်းသူ့ဟန်ဖြင့် ရှိကြသော်လည်း ဤအပ်တစ်ကော် ဆေးဟာဖြင့် လွယ်လွယ်ကူကူ ရှာဖွေရရှိနိုင်ပြီး တကယ့်ကို အစွမ်းထက်လှသည့်အတွက် ရောဂါပျောက်စေလိုသော စိတ်စေတနာဖြင့် ရိုးစွာ ရေးသားတင်ပြလိုက်ရပါသည်။


ဦးကိုကိုကြီး
(စစ်ဆေးရေး)
(၂)မတယ၊ ထုံးဘို။

No comments: