Tuesday, June 19, 2012

ဘာသာရေးရာ အဖြေလွှာ

(မေး) အချို့သော ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြသည်ဟု ကြားဖူးပါသည်။ အဘယ်သဘောကြောင့် တန်ခိုးပြာဋိဟာ ပြပါသနည်း။
(ဦးအေးသောင် -မန္တလေး)
(ဖြေ) ၁။ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် “စေတီတော်၌ ဤမည်သောတန်ခိုး ပြာဋိဟာသည် ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်၏။
ထိုရဟန္တာပုဂ္ဂိုလ် အဓိဋ္ဌာန်၏ အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာ ပြသည်။

၂။ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ 
“ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရား တည်းဟူသော သာသနာတော်သည် အမြဲချီးမြှောက်အပ်သည် ဖြစ်လတံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတံ့။
ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။ ဤသို့ နတ်တို့ အဓိဋ္ဌာန်၏ အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြ၏။


၃။ ယုံကြည်မှုသဒ္ဓါရှိ၍ ရတနာသုံးပါး၌ ကြည်ညိုပြီး လိမ္မာ၍ ထိုးထွင်းနိုင်သော အသိဉာဏ်ပညာနှင့် ပြည့်စုံသော ယောက်ျား၊ (သို့) မိန်းမသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာ၊ ပန်း၊ အဝတ်ပုဆိုး (သို့) အခြားလှူဖွယ်ဝတ္ထု တခုခုကို ဤသို့သော တန်ခိုးပြာဋိဟာသည် ဖြစ်စေသတည်း-ဟု အဓိဋ္ဌာန်၍ စေတီတော်၌ ပစ်ချတင်မြှောက်၏။ ထိုယောက်ျား၊ မိန်းမ၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာ ဖြစ်၏၊ ပြ၏။
ဤသို့ ရဟန္တာပုဂ္ဂိုလ်၊ နတ်၊ ယောက်ျား၊ မိန်းမ ဤသုံးယောက်တို့တွင် တစ်ယောက်ယောက်၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာ ဖြစ်ပါသည်။ စေတီတော်က တန်ခိုးပြပါသည်။
(မိလိန္ဒပဉှာ ပါဠိ၊ ၁၉၇)
============
(မေး) မြတ်စွာဘုရားသည် မဇ္ဈိမဒေသ၌သာ ပွင့်တော်မူ၏-ဟု ဆိုပါသည်။ အဘယ်အရပ်သည် မဇ္ဈိမဒေသ မည်ပါသနည်း၊ သိလိုပါ၍ ဖြေကြားပေးပါခင်ဗျား။
(သောင်းမြင့်-ပခုက္ကူ)
(ဖြေ) မဇ္ဈိမဒေသသည် အပိုင်းအခြားအားဖြင့် (အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ) 
အရှေ့အရပ်၌ ဇင်္ဂလနိဂုံး၏ တစ်ဖက်ဖြစ်သော အင်ကြင်းပင်၏ ပြင်ပသည် ပစ္စန္တရာဇ် မည်၏။ အတွင်းသည် မဇ္ဈိမတိုက် မည်၏။
အရှေ့တောင်အရပ်၌ သလ္လဝတီမည်သောမြစ်၏ ပြင်ပသည် ပစ္စန္တရာဇ် မည်၏။ အတွင်းသည် မဇ္ဈိမတိုက် မည်၏။
တောင်အရပ်၌ သေတကဏ္ဏိက မည်သော နိဂုံးရွာ၏ ပြင်ပသည် ပစ္စန္တရာဇ် မည်၏။ အတွင်းသည် မဇ္ဈိမတိုက် မည်၏။
အနောက်အရပ်၌ ထူဏပုဏ္ဏားရွာ၏ ပြင်ပသည် ပစ္စန္တရာဇ် မည်၏၊ အတွင်းသည် မဇ္ဈိမတိုက် မည်၏။
မြောက်အရပ်၌ ဥသီရဒ္ဓဇမည်သော တောင်၏ ပြင်ပသည် ပစ္စန္တရာဇ်မည်၏။ အတွင်းသည် မဇ္ဈိမတိုက် မည်၏။
ထိုနိမိတ် ငါးရပ်ဖြင့် မှတ်အပ်သော အရပ်ဒေသသည် မဇ္ဈိမဒေသ မည်ပါသည်။
ယင်းမဇ္ဈိမဒေသသည် အလျားအားဖြင့် ယူဇနာ သုံးရာ၊
အနံအားဖြင့် ယူဇနာ နှစ်ရာ့ငါးဆယ်၊
အဝန်းအားဖြင့် ယူဇနာ ကိုးရာ ရှိပါသည်။
(စွယ်စုံကျော်ထင်၊ ၃၅၇) (ခုဒ္ဒကပါဌအဋ္ဌကထာ၊ ၁၁၁)
==========
(မေး) ရှင်မောဂ္ဂလာန်ကို ငရဲမီး လိုက်သည်ဟု ကြားဖူးပါသည်၊ မှန်-မမှန် ထေရဝါဒ အထောက်အထားပြ၍ ဖြေကြားပေးပါခင်ဗျား။
(ငြိမ်းလွင်-တောင်ငူ)
(ဖြေ) ထေရဝါဒ၌ ရှင်မောဂ္ဂလာန်ကို ငရဲမီးလိုက်ကြောင်း မပါရှိပါ။ 
အဋ္ဌသာလိနီ အဋ္ဌကထာ ၃၁၆-၌ ယဒါ ဟိ မဟာမောဂ္ဂလ္လာနထေရော နိရယေ ပဒုမံ မာပေတွာ ပဒုမကဏ္ဏိကာယ နိသိန္နော နေရယိကာနံ ဓမ္မကထံ ကထေသိ။
အကြင်အခါ၌ မဟာမောဂ္ဂလ္လာန်မထေရ်သည်  ငရဲ၌ ပဒုမ္မာကြာကို ဖန်ဆင်း၍ ပဒုမ္မာကြာချပ်ပေါ်၌ ထိုင်တော်မူလျက် ငရဲသားတို့အား တရားဟော၏။
ဟု လာပါသည်။
ရှင်မဟာမောဂ္ဂလ္လာန် ငရဲသားတို့အား တရားဟောကြောင်းသာ လာ၍ ငရဲမီးအလိုက်ခံရကြောင်း မပါရှိပါ။ (အံ-ဋ္ဌ၊ ၁၊ ၂၈-၌လည်း ထေရော ယထာ နိသိန္နောဝ ဣတ္ထိယာ အဘိသင်္ခရိတွာ မဟာရနိရယတော ခဇ္ဇောပနကမတ္တံ အဂ္ဂိပပဋိကံ နိဟရိတွာ ပဿန္တေဿဝ တဿ ထေရဿ ဒါရုရာသိမှိ ပက္ခိပိံ။
စူဠပိဏ္ဍပါတိကတိဿ မထေရ်သည် ထိုင်နေလျက်ကပင်လျှင် တန်ခိုးဖြင့် ပြုပြင်စီရင်၍ ငရဲကြီးမှ ပိုးစုန်းကြူးမျှလောက်သော မီးပွားလေးကို ဆောင်ယူ၍ မိလက္ခတိဿမထေရ် ကြည့်ရှုနေစဉ်မှာပင်လျှင် ထင်းအစိုပုံပေါ်၌ ပစ်ထည့်လိုက်၏။ -ဟု လာ၏။


စူဠကိဏ္ဍပါတိကတိဿ မထေရတောင် ငရဲကြီးမှ ငရဲမီးလေးကို တန်ခိုးဖြင့်ဆောင်ယူရာ၌ ငရဲမီး အလိုက်မခံရ၊ စူဠပိဏ္ဍပါတိကတိဿ မထေရ်ထက် တန်ခိုးအရာမှာ အဆပေါင်းများစွာ သာလွန်သည့် အရှင်မဟာမောဂ္ဂလ္လာန်ကို ငရဲမီးအဘယ်မှာ လိုက်နိုင်ပါမည်နည်း။ မလိုက်နိုင်သည်သာ ဖြစ်ပေမည်။
သို့အတွက် ရှင်မဟာမောဂ္ဂလ္လာန်ကို ငရဲမီးလိုက်သည်ဟူသော စကား မမှန်ဟု ဖြေရပါမည်။
==========
(မေး) ကိလေသပရိနိဗ္ဗာန်သည် ဗောဓိပလ္လင်၌ ဖြစ်ခဲ့ပါပြီ၊ ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံ၌ ဖြစ်ခဲ့ပါပြီ၊ ဓာတုပရိနိဗ္ဗာန်ကား အဘယ်အချိန်မှာ ဖြစ်မည်နည်း-ဖြေကြားပေးပါခင်ဗျား။
(မျိုးဆွေ-မြင်းခြံ)
(ဖြေ) ဓာတုပရိနိဗ္ဗာနံနာမ အနာဂတေ သာသနန္တရဓာနေ ဘဝိဿတိ။
ဓာတုပရိနိဗ္ဗာန်မည်သည် နောင်-သာသနာတော် ကွယ်သောအခါ ဖြစ်လတ္တံ့၊
ဟု ဗုဒ္ဓဝင်အဋ္ဌကထာ၌ လာ၏။ ရက်-နေ့-တို့ကား တိုက်ရိုက်မပြပေ။
ယင်းသို့မပြသော်လည်း သာသနာတော် ၅၀၀၀-ကို လဖြင့် ရေတွက်သော် လပေါင်း ခြောက်သောင် ရှိပါသည်။ ရက်ဖြင့်ရေတွက်သော် တစ်သန်း ရှစ်သိန်း ရှိပါသည်။


ဘုရားသခင်သည် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်ပြုတော်မူသောကြောင့် ထိုလပြည့်ကျော် ၁-ရက်မှစ၍ ရေတွက်သဖြင့် အနှစ် ငါးထောင်၊ လပေါင်း ခြောက်သောင်း၊ ရက်ပေါင်း တစသန်း ရှစ်သိန်းတို့သည် ကဆုန်လပြည့် သောကြားနေ့တွင် ပြည့်ရာသည်။ ထိုနေ့တွင်ပင် ဓာတုပရိနိဗ္ဗာန် ဖြစ်မည်ဟု သိသင့်ပါသည်။
(စွယ်စုံကျော်ထင်၊ ၃၃၁)
==========
(မေး) လူတိုင်းလူတိုင်း အနာရောဂါကင်းလိုကြ၏။ နုပျိုလိုကြ၏၊ အသက်ရှည်လိုကြ၏၊ အဘိဓမ္မာသဘောအရ အနာရောဂါကင်း၍ နုပျိုအောင်၊ အသက်ရှည်အောင် ဘယ်လိုလုပ်ရပါမည်နည်း၊ ဖြေကြားပေးပါခင်ဗျား။
(ဦးထွန်းအောင်-မန္တလေး)
(ဖြေ) လူတိုင်းသိလိုကြတဲ့ မေးခွန်းမေးလို့ ဝမ်းသာရပါတယ်။ တတ်နိုင်သမျှ ဖြေကြားပေးပါမယ်။
အဘိဓမ္မာသဘောအရ---
အလာဘောစေတ္ထ အာရောဂျဿ ပစ္စယော ဟောတိ။
လောဘ မကြီးခြင်းသည် အနာရောဂါကင်းခြင်း၏ အကြောင်းဖြစ်သည်ဟု ဆိုထားပါသည်။
မှန်ပါသည်။ လောဘမကြီးသော သူသည် အလါန်ကြိုက်နှစ်သက်ဖွယ်ဖြစ်သည့် အစားအစာကိုသော်လည်း မိမိနှင့် မသင့်မလျောက်ပတ်က မစားပေ၊ မိမိနှင့် မလျောက်ပတ်သောအစာကို ရှောင်ခြင်းကြောင့် ရောဂါမဖြစ်၊ ရောဂါကင်း၏၊ ဘယ်လောက်ကောင်းကောင်း မိမိနှင့် မသင့်က ရှောင်ကြဉ်၏။
သို့အတွက် အနာရောဂါကင်း၍ ကျန်းမာရေးကောင်းလိုက လောဘမကြီးပါနဲ့။ လောဘကို ထိန်းချုပ်ပါ။


အဒေါသော ယောဗ္ဗနဿ (ပစ္စယော ဟောတိ)
ဒေါသ မကြီးခြင်းသည် အရွယ်တင်နုပျိုခြင်း၏ အကြောင်းဖြစ်၏။ ဟု ဆိုထားပါသည်။
မှန်ပါသည် ဒေါသကြီးသောသူသည် ပါးရေ နားရေ တွန့်ခြင်း၊ ဆံဖြူခြင်း စသည်ကို ဆောင်ရွက်တတ်သည့် ဒေါသမီးဖြင့် အလောင်အကျွမ်းမခံရသည်ဖြစ်၍ ရှည်မြင့်စွာသော ညဥ့်ပတ်လုံး နုပျိုနေ၏။
သို့အတွက် အရွယ်တင်၍ ကြာကြာနုပျိုလိုက ဒေါသမကြီးပါနဲ့။ ဒေါသကို ထိန်းချုပ်ထားပါ။


အမောဟော ဒီဃာယုကတာယ (ပစ္စယော ဟောတိ)
မောဟမကြီးခြင်းသည် အသက်ရှည်ခြင်း၏ အကြောင်းဖြစ်၏-ဟု ဆိုထားပါသည်။
မှန်ပါသည် မတွေဝေသောသူသည် အကျိုးရှိသည် မရှိသည်ကို သိ၍ အကျိုးမရှိသည်ကို ရှောင်ကြဉ်၍ အကျိုးရှိသည်ကို မှီဝဲလျက် အသက်ရှည်၏။
သို့အတွက် အသက်ရှည်လိုက မောဟ မကြီးပါနဲ့။ မောဟကို ထိန်းချုပ်ထားပါ။ (ဘိ၊ ဋ္ဌ၊ ၁၊ ၁၇၂)
==========
(မေး) ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာပြီး အစားကောင်းကောင်း မစားရက်၊ အဝတ်ကောင်းကောင်း မဝတ်ရက် ဖြစ်နေသူများ အဘယ်အကုသိုလ်ကြောင့်ပါနည်း၊ သိလိုပါ၍ ဖြေကြားပေးပါခင်ဗျား။
(ဦးအေးသွင်-မြင်းခြံ)
(ဖြေ) ရှေးက သူဌေးတစ်ယောက် တဂ္ဂရသိခီမည်သော ပစ္စေကဗုဒ္ဓါကို ဆွမ်းလှူပြီးနောက် “ဤဆွမ်းကို ငါ့ရဲ့ ကျွန်အမှုလုပ်တို့ကို ကျွေးရရင် ကောင်းမှာ”ဟု နှလုံးမသာမယာ ဖြစ်သွား၏။
လှူပြီး အပရစေနာ ချို့ယွင်းသွား၏။ ဤသို့ အပရစေတနာ ချို့ယွင်းခဲ့သောကြောင့် မွန်မြတ်တဲ့ ထမင်း၊ မွန်မြတ်တဲ့ အဝတ်၊ ကောင်းမြတ်တဲ့ ယာဉ်ကို အသုံးပြုရန် စိတ်မညွတ်ဟု ပြထားပါသည်။
(သံ၊ ၁၊ ၉၂-၉၃) သို့အတွက် ချမ်းသာပြီး ကောင်းကောင်း မစာရက်၊ မဝတ်ရက်သူများသည် အပရစေတနာ ချို့ယွင်းခဲ့သောကြောင့် ဖြစ်ပါသည်။


ဦးစံတင့် (စတုနိကာယ ကောဝိဒ)

No comments: