Tuesday, June 26, 2012

မဟာသာသနာ့ဝေပုလ္လကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တဓမ္မတိဏ္ဏ-၏ ကျင့်စဉ်၊ ပုတီးစိပ်နှင့် သက်ရှည်ကျန်းမာနည်း

“ဣဒံ အ,ပ္ပဋိကုဇ္ဈန္တော၊ သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ”
ဣဒံ-အမျက်ထွက်တဲ့ပုဂ္ဂိုလ်ကို၊ အ,ပ္ပဋိကုဇ္ဈန္တော-ပြန်လှန် အမျက်မထွက်သော ပုဂ္ဂိုလ်ကို၊ ဒုဇ္ဇယံ-အောင်နိုင်ခဲသော၊ သင်္ဂါမံ-စစ်ပွဲကြီးကို၊ ဇေတိ-အောင်နိုင်သည် မည်၏။ တဲ့။

ကိုယ့်ကို စိတ်ဆိုးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊
စော်ကားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အမျက်မထွက်ရင် အဲဒီပုဂ္ဂိုလ်ဟာ အောင်နိုင်ခဲတဲ့ စစ်ပွဲကြီးတစ်ခုကို အောင်မြင်တဲ့ ပုဂ္ဂိုလ်ပဲ၊ ကိုယ်က အမျက်မထွက်ရုံသာမက မေတ္တာနဲ့ပါ တုံ့ပြန်ပေးလိုက်ရင်တော့ အကောင်းဆုံးပေါ့။


ဒေါသပြန်ဖြစ်ရင် ရှုံးပြီ၊ သည်းခံပြီး မေတ္တာပွားနေဖို့ လိုတယ်၊ ဘာလို့လဲဆိုရင် မေတ္တာဘာဝနာ ပွားနေတဲ့ ပုဂ္ဂိုလ်အတွက် ကြုံတွေ့နေရတဲ့ မီးဟာ မီးကဲ့သို့ မပူဘဲ ရေကဲ့သို့ တန်ခိုးရှိန်စော် အာနုဘော်ကို သရုပ်ဖော်ထားတာ။ 
မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ်အတွက်တော့ မြင်းမိုရ်တောင်ကြီးဟာလဲ ကျောက်စရစ်ခဲလေးလိုပဲ၊ အန္တရာယ်မပြုနိုင်ဘူး၊ နောက်ပြီး အဆိပ်ကို စားမိသော်လည်း အတိပ်မတက် နတ်သုဒ္ဓါကဲ့သို့ ဖြစ်နေတယ်တဲ့၊ မေတ္တာပွားများနေတဲ့ ပုဂ္ဂိုလ်ဟာ အကြောင်းကံကြောင့် သူများမကောင်းကြံလို့ ဖြစ်စေ၊ အခန့်မသင့်လို့ ဖြစ်စေ အဆိပ်ကို စားမိရင်တောင် အဲဒီအဆိပ်ဟာ အဆိပ်မဖြစ်ဘူး၊ နတ်သုဒ္ဓါကဲ့သို့ ဖြစ်နေတယ်။


(ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်း)
၁။ အရဟံ-(ပုတီးတစ်လုံးချ)
၂။ သမ္မာသမ္ဗုဒ္ဓေါ-
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော-
၎။ သုဂတော-
၅။ လောကဝိဒူ-
၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ-
၇။ သတ္ထာဒေဝ မနုဿာနံ-
၈။ ဗုဒ္ဓေါ-
၉။ ဘဂဝါ-(ပုတီတစ်လုံးချ)


(သက်ရှည်ကျန်းမာနည်းကား)
ဘုန်းကြီးက နံနက် ၄-နာရီမှာ အမြဲထပြီး မေတ္တာပို့တယ်။ တရား တစ်နာရီ ထိုင်တယ်။ ဂုဏ်တော်ပုတီး စိပ်တယ်။ ပဋ္ဌာန်း ၂၄-ပစ္စည်းကို ရွတ်တယ်။ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံကို ပွားများတယ်။ လမ်းတစ်နာရီ လျှောက်ပြီး မေတ္တာဘာဝနာကို ပွားတယ်။
နေ့လယ် တရားတစ်နာရီ တစ်ချိန်ထိုင်တယ်။ ညမှာ တစ်ချိန် တရားထိုင်တယ်။ တစ်နေ့ ၃-ချိန် တရားထိုင်တယ်။ မရဏဿတိဘာဝနာကိုလဲ “မရဏံ မေ ဘဝိဿတိ-ငါသည် သေရမည်မှာ အမှန်ပါတကား။ လို့ ပွားတယ်။ အထူးအားဖြင့် ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်းကို အမြဲစီးဖြန်းတယ်။ စီးဖြန်းတဲ့အခါ ဆံပင်ဆို ဆံပင်၊ မွေးညှင်းဆို မွေးညှင်း၊ သူနဲ့သူ့ဆိုင်ရာ ကောဋ္ဌာသအလိုက် အာရုံထဲမှာ ထင်ပေါ်နေအောင် မြင်နေအောင် စူးစိုက်ထားရတယ်။ ပါဠိရော အနက်ပါ အပြန်ပြန် အလှန်လှန် အနုလုံ ပဋိလုံ ပွားများတယ်။ ဝိပဿနာထင်မြင်အောင်လို့ ပွားများတယ်။ 


ဒါကြောင့် ရောဂါကင်းတယ်။ အသက်ရှည်တယ်။ ကျန်းမာတယ်။ ရှေးဆရာတော်ကြီးတွေလဲ သက်ရှည်ကျန်းမာဖို့အတွက် အဲဒီ ကမ္မဋ္ဌာန်းကိုပဲ အဆက်မပြတ် အားထုတ်ခဲ့ကြတယ်။ သာသနာတော်ကြီးထဲမှာ အဲဒီကမ္မဋ္ဌာန်းနဲ့ ရဟန္တာဖြစ်သွားကြတာတွေလဲ ရှိတယ်။ တောင်ပုလု ဆရာတော်ကြီးလဲ ဒီကမ္မဋ္ဌာန်းကို အမြဲပွားများရုံမက သက်ရှည်ကျန်းမာချင်သူတိုင်း ရွတ်ပွားကြဖို့ မိန့်ကြားခဲ့တယ်။

(၃၂-ကောဋ္ဌာသအစဉ်ကို ဝိပဿနာထင်မြင်အောင် ပွားများနည်း)---
၁။ ဆံပင်သည်-ရုပ်ဓာတ်, အမြဲမရှိ, ဆင်းရဲ၏, အစိုးမရ, အနှစ်သာရ မရှိ။
၂။ မွေးညှင်းသည်-
၃။ ခြေသည်းသည်-လက်သည်းသည်-
၎။ သွားသည်-
၅။ အရေထူ အရေပါးသည်-
၆။ အသားသည်-
၇။ အကြောသည်-
၈။ အရိုးသည်-
၉။ ရိုးတွင်းခြင်ဆီသည်-
၁၀။ အညှို့သည်-
၁၁။ နှလုံးသည်-
၁၂။ အသည်းသည်-
၁၃။ အမြှေးသည်-
၁၄။ အဖျဉ်းသည်-
၁၅။ အဆုတ်သည်-
၁၆။ အူမသည်-
၁၇။ အူသိမ်သည်-
၁၈။ အစာသစ်သည်-
၁၉။ အစာဟောင်းသည်-
၂၀။ ဦးနှောက်သည်-
၂၁။ သည်းခြေသည်-
၂၂။ သလိပ်သည်-
၂၃။ ပြည်သည်-
၂၄။ သွေးသည်-
၂၅။ ချွေးသည်-
၂၆။ အဆီခဲသည်-
၂၇။ မျက်ရည်သည်-
၂၈။ ဆီကြည်သည်-
၂၉။ တံတွေးသည်-
၃၀။ နှပ်သည်-
၃၁။ အစေးသည်-
၃၂။ ကျင်ငယ်သည်-ရုပ်ဓာတ်, အမြဲမရှိ, ဆင်းရဲ၏, အစိုးမရ, အနှစ်သာရ မရှိ။


(သြဝါဒ)
* သုံးဆယ့်နှစ်ပါး၊ ထင်ရှားအလီလီ၊
တေဇော ဝါယော၊ အာပေါ ပထဝီ၊
ပေါင်းစုဖွဲ့စည်း၊ ဓာတ်ကြီးလေးလီ၊
ရုပ်တရား၊ မှတ်သား မြတ်ယောဂီ။


* တွေ့ထိသိမှတ်၊ နာမ်ဓာတ်အမည်၊
ရုပ်နဲ့နာမ်ပဲ၊ မလွဲ ရှိသည်၊
ဆောက်တည်မရ၊ ဖြစ်ကပျက်မည်၊
အနိစ္စ၊ ဒုက္ခ ထင်ရှားသည်။


* ရုပ်ဓာတ်ပေါင်းလတ်၊ နာမ်ဓာတ်သိရှာ၊
ရုပ်နဲ့နာမ်ပေါင်း၊ ကျိုးကြောင်းဆက်ကာ၊
ဖြစ်ပေါ်ပျက်မြဲ၊ မလွဲသေချာ၊
ပရမတ်၊ အတပ် တွေ့ကြမှာ။


* အနှစ်သာရ၊ ရှာက ဗလာ၊
အနတ္တပဲ၊ မလွဲသိတာ၊
ယုံမှား ရှစ်ပါး၊ ကင်းငြားသေချာ၊
မြဲဂတိ၊ ကင်းဘိ အပါယ်ရွာ။


တင်တင်(အဝေးသင်)

1 comment:

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog