Tuesday, June 19, 2012

အရှင်ဉာဏဝရ (သာပေါင်း)၏ ချမ်းသာစွာနေနည်း ဘဝလမ်းညွှန်

ချမ်းသာစွာနေနည်း---
လူအများစုကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် အမြဲဒုက္ခပေးနေတဲ့ အရာ(၂)မျိုးရှိတယ်။ ဣဿာတရားနှင့် မစ္ဆရိယတရားတို့ပဲ ဖြစ်တယ်။

သူတစ်ပါး စီးပွားတိုးတက်တာ၊ ရာထူးတိုးတက်တာ၊ ကျန်းမာနေတာ၊ ချမ်းသာနေတာ၊ ပညာတတ်နေတာ၊ စတာတွေကို ကြည့်ရှုပြီး ငြူစူစောင်းမြောင်းခြင်း၊ ရှုတ်ချခြင်း၊ အပြစ်တင်ခြင်းများဟာ ဣဿာတရားဆိုးပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မိမိထံမှာရှိတဲ့ စီးပွားဥစ္စာ၊ ရာထူး၊ ပညာ၊ ဂုဏ်သိက္ခာများကို သူတစ်ပါးတို့ အသိမခံ၊ အထိမခံဘဲ ငါသာ ချမ်းသာကြီးပွား တိုးတက်ရမယ်၊ သူတစ်ပါးတို့ ဒီလို တိုးတက်ကြီးပွားမှု မဖြစ်စေရဘူးလို့ အောက်တန်းကျလှတဲ့ ဝန်တိုမှုဟာ မစ္ဆရိယတရားဆိုးပင် ဖြစ်ပါတယ်။

ဒီတရား ၂-ပါးတို့ကြောင့် နေ့စဉ် စိတ်ဆင်းရဲ နေကြရသူများ ရှိပါတယ်။ မစားရ၊ မသောက်ရ သူတပါးစည်းစိမ်ဥစ္စာကို ငြူစူနေသူများဟာ နေရင်းထိုင်ရင်း အကုသိုလ် မကောင်းမှုတွေ တိုးနေပါတယ်။
အဲဒီ တရားဆိုး ၂-ပါးကြောင့် ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ ဒီလိုယုန်တော့ ချုံတိုင်းရှိပါတယ်-စလို့ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်သေးရာမှစပြီး ဘေးရန်အန္တရာယ်များပြီး ကမ္ဘာစစ်ပွဲများအထိ ဖြစ်ရပါတယ်။ 

အမှန်စင်စစ် တိုးတက်ချမ်းသာ ကြီးပွားနေသူများကို မြင်ရင်---
သြော်--သူတို့ ကံ၊ ဉာဏ်၊ ဝီရိယ ကောင်းလို့ တိုးတက်ချမ်းသာတယ်၊ ပို၍ တိုးတက်ချမ်းသာကြပါစေ။
လို့ ဝမ်းမြောက်ခြင်း မုဒိတာထားရမှာ ဖြစ်ပါတယ်။ သို့မှသာ မိမိလဲ သူတို့ကို အားကျပြီး ကြိုးစားလျက် သူတို့လို တိုးတက်ချမ်းသာမှာ ဖြစ်ပါတယ်။


မိမိမှာရှိတဲ့ အတတ်ပညာ စည်းစိမ်ဥစ္စာများကို နှမြောတွန့်တိုမှု မစ္ဆရိယတရား သောင်းကျန်းနေရင် ပေးကမ်း။ လှူဒါန်းမှု ဒါနကိုလဲ ပြုလုပ်နိုင်မှာ မဟုတ်ပါ။ သူတစ်ပါးအား ကူညီရိုင်းပင်းမှုလဲ မဖြစ်နိုင်ပါ။
အမှန်စင်စစ် တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်မှု မရှိရင် လောကလူ့အဖွဲ့အစည်းကြီးပင် ပျက်စီးသွားနိုင်ပါတယ်။


ဒါကြောင့် ကြောက်စရာကောင်းလှတဲ့ တရားဆိုး ၂-ပါးကို ရှောင်ရှားကြပြီး သူတော်ကောင်းစိတ်များ မွေးကြပါရင် လောကကြီးဟာ ပို၍ သာယာချမ်းမြေ့မှာ ဖြစ်ပါတယ်။
=====
အကျင့်စရဏ ကတော့---
နေ့စဉ် ဒိဝါတပတိ ဂါထာ-ကို အမြဲရွတ်ပါတယ်။ အခက်အခဲ ကြုံတဲ့အခါ သက်စေ့ ရွတ်ပါတယ်။ အခက်အခဲများမှ အလွယ်တကူ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဘုရားဂုဏ်တော်တွေဆိုတော့ အစွမ်းထက်လှပါတယ်။ ယုံကြည်တဲ့ စိတ်ကိုမွေးပြီး ကြိုးစားရွတ်ဆို အဓိဋ္ဌာန်ဝင်ရင် လိုအပ်သမျှ ပြီးစီးနိုင်ပါတယ်။
=====
သြဝါဒ---
ဟုတ်သော အကြံ
မှန်သော အကျင့်
သင့်သော အယူ
ဖြူသော နှလုံး
သူတော်ထုံးကို 
စွဲသုံးသောထွေ
မှန်လှစေ။ (ရှင်မဟာရဋ္ဌသာရ) 


ကျော် (ရမည်းသင်း)

1 comment:

Mary Grace said...

http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog