Friday, June 15, 2012

ပုန်းတဲ့ဂဏန်း မိအောင်ဖမ်း


တူ...တူမလေးတို့ရေ
ကိန်းဂဏန်းလေးတွေနဲ့ ပျော်ရွှင်စွာ ကစားကြရအောင်နော်။
ဘယ်လို ကစားကြမလဲဆိုတော့---

မင်းတို့က မင်းတို့ဝှက်ချင်တဲ့ ဂဏန်းတစ်လုံးကို ဝှက်ထားရမယ်။ အဲဒါကို ဦးလေးက ဘာဂဏန်း ပါဆိုတာ ကွက်တိ ဖော်ထုတ်ပြီး စုံထောက်ကျော် လုပ်ပြမယ်။ ဒါပေမယ့် ကစားနည်းက ပရမ်းပတာတော့ မဟုတ်ဘူး။ အစီအစဉ်တကျတော့ ရှိရမယ်။ အစီအစဉ်အတိုင်း ဦးလေးကပဲ ဦးဆောင် ကစားသွားမယ်။


အစီအစဉ် ၁။
ဦးလေးက တည်ကိန်းတစ်ခု ပေးမယ်။

အစီအစဉ် ၂။
မင်းတို့က အဲဒီ တည်ကိန်းကို ကြိုက်တဲ့ဂဏန်း တစ်ခုခုနဲ့ (x) မြှောက်လိုက်ပါ။ (လွယ်ကူမြန်ဆန်အောင်  ခုဂဏန်းနဲ့ပဲ မြှောက်ပါ) မင်းတို့ ဘာဂဏန်းနဲ့ မြှောက်တယ်ဆိုတာကို ဦးလေးကို ပြောမပြနဲ့။ အဖြေကိုလည်း မပြောပါနဲ့။

အစီအစဉ် ၃။
အဖြေဂဏန်းတွေထဲက မင်းတို့ ဝှက်ချင်တဲ့ ဂဏန်းတစ်လုံးကို (.....) အဲဒီလို အမှတ်အသားခြစ်ပြီး ဝှက်ထားလိုက်ပါ။ မဝှက်ဘဲထားတဲ့ ကျန်တဲ့ဂဏန်းတွေကိုတော့ ခု..ဆယ်..ရာ..ထည့်မဆိုဘဲ ဂဏန်းအတိုင်း တစ်လုံးချင်း ပြောပြရမယ်။

အစီအစဉ် ၄။
မင်းတို့ ဝှက်ထားတဲ့ ဂဏန်းဟာ ဘာလဲဆိုတာကို ဦးလေးက အတိအလင်း ထုတ်ဖော်ပြောပြလိုက်မယ်။

ဥပမာ---
ဦးလေးက တည်ကိန်း ၄၅-ပေးထားမယ်။ မင်းတို့က ဦးလေးမသိအောင် ၇-နဲ့ မြှောက်လိုက်တယ် ဆိုပါတော့။ ၄၅x၇=၃၁၅ ရတယ်။ တကယ်ဆိုရင် အဲဒီအဖြေကို  ဦးလေးမသိနိုင်ဘူး။ ၇-နဲ့ မြှောက်တယ်ဆိုတာ ဦးလေးမှ မသိဘဲကိုး။ အဲဒီအဖြေထဲက ဟောသလို ၃၁၅-ခြစ်ပြီး ၁-ကို မင်းတို့က ဝှက်ထားမယ် ဆိုပါတော့။ ကျန်တဲ့ဂဏန်းကို မေးရင် ၃ နဲ့ ၅ -လို့ မင်းတို့က ပြောရလိမ့်မယ်။ ဒီလိုဆိုရင် မင်းတို့ဝှက်ထားတာဟာ ၁-ဂဏန်းပဲလို့ ဦးလေးက မင်းတို့ဝှက်ထားတဲ့ စာရွက်ကို မကြည့်ဘဲနဲ့ အတပ်ပြောပြလိုက်မယ်။

၃၁၅-ဆိုပြီး ၅-ကိုဝှက်ထားရင် ကျန်တာဟာ ၃ နဲ့ ၁-လို့ ပြောရမှာပေါ့။ ဒါဆိုရင် ၅-ကို ဝှက်ထားတယ်လို့ ဦးလေးအတပ်ပြောနိုင်တယ်။
၃၁၅-ဆိုပြီး ၃-ကိုဝှက်ထားရင်လည်း ကျန်ဂဏန်းဟာ ၁ နဲ့ ၅-လို့ မင်တို့ ပြောလိမ့်မယ်။ အဲဒီအခါမှာ မင်းတို့ ၃-ကို ဝှက်ထားတယ်လို့ ဦးလေးက အတိအကျ ပြောပြလိုက်မယ်။

မင်းတို့ဝှက်ထားတဲ့ စာရွက်ကို မကြည့်ဘဲနဲ့ အလွတ်ပြောနိုင်တဲ့နည်းကို မင်းတို့ သိချင်သလား ဦးလေး ပြောပြမှာပေါ့။
ကဲ အောက်မှာ ကြည့်လိုက်ပါ။
သူတစ်ပါးဝှက်ထားသောဂဏန်းကို အတိအလင်း ထုတ်ဖော်ပြောကြားနည်း-----
၁။ ကိန်းဝှက်လိုသူအား သင်က တည်ကိန်းတခု ပေးလိုက်ပါ။
၂။ ထိုကိန်းကို သူမြှောက်လိုရာ ဂဏန်းဖြင့် မြှောက်ပါစေ။
၃။ မည်သည့်ဂဏန်းဖြင့် မြှောက်သည်ကို မမေးပါနဲ့။
၎။ မြှောက်ရသော အဖြေ၊ ရလဒ်ကိုလည်း မမေးပါနဲ့။
၅။ ရလဒ်ထဲမှ သူလျှို့ဝှက်ချင်သော ဂဏန်းတစ်လုံးအား သူ့ကို ဝှက်ခိုင်လိုက်ပါ။ (ထိုလျှို့ဝှက်သော ဂဏန်းကို သင်က ပြောရမည် ဖြစ်၏)။
၆။ မလျှို့ဝှက်သော ကျန်ဂဏန်းများကို တစ်လုံးချင်း ပြောပြခိုင်းပါ။
၇။ မလျှို့ဝှက်ဘဲ သူပြောပြသော ဂဏန်းများကို မိမိစိတ်ထဲမှ ပေါင်းကြည့်လိုက်ပါ။
၈။ မိမိပေါင်းရသော အဖြေကို ၉-ထဲမှ စိတ်ထဲတွင်ပင် နှုတ်ကြည့်လိုက်ပါ။
၉။ ထိုနှုတ်၍ရသော အဖြေသည် သူလျှို့ဝှက်ထားသော ဂဏန်းပင် ဖြစ်သည်။

ဥပမာ---
၄၅- မိမိပေးထားသော တည်ကိန်း။
x၇= သူမြှောက်ထားသော မြှောက်ကိန်း။
၃၁၅= သူမြှောက်ရသော မြှောက်လဒ်။
၃၁၅= ၁-ကို ဝှက်ထားသည်ဆိုပါစို့၊ ကျန် ၃ နဲ့ ၅။ ၃+၅=၈။
ပုံသေ ၉။ အကျန်ပေါင်း ၈။ (၉-၈=၁)
ဝှက်ကိန်း --- ၁ ။

၃၁၅။  ၅-ကို ဝှက်ထားသည်ဆိုပါစို့။
ကျန် ၃ နဲ့ ၁။ ၃+၁=၄။
ပုံသေ ၉။ အကျန်ပေါင်း ၄။ (၉-၄=၅)
ဝှက်ကိန်း ၅။

၃၁၅။ ၃-ကိုဝှက်ထားသည်ဆိုပါစို့။
ကျန် ၁ နဲ့ ၅။ ၁+၅=၆။
ပုံသေ ၉။ အကျန်ပေါင်း ၆။ (၉-၆=၃)
ဝှက်ကိန်း ၃။

မှတ်ချက်။
(၁) မိမိပေးလိုသော တည်ကိန်းတွင် ပါဝင်သည့် ဂဏန်းများ အားလုံးပေါင်းသည် အမြဲတမ်း ၉-ဖြစ်စေရမည်။
ဥပမာ-၄၅ (၄+၅=၉)။ ၇၂ (၇+၂=၉)။ ၆၃ (၆+၃=၉)။ ၈၁ (၈+၁=၉)

(၂) အပျော်ကစားခြင်းဖြစ်၍ တည်ကိန်းကို ဂဏန်းကြီးများ မပေးသင့်ပါ။
ကဲ နည်းသိသွားပြီဆိုတော့ ဒီနည်းအတိုင်း မင်းတို့အချင်းချင်း ဆက်ပြီးကစားကြပေါ့ကွာ။ ဒီအပတ်တော့ ဒါပါပဲ။
တူ-တူမလေးတို့တစ်တွေ ပုန်းတဲ့ဂဏန်း မိအောင်ဖမ်းရင်း ပျော်ရွှင်နိုင်ကြပါစေ။

ဦးလေး
တမ္ပဝတီ လူထူးကဲ

No comments: