Wednesday, July 4, 2012

ပညာရှိဆိုသူတို့ ကျင့်ဖွယ်ရာ

အနာဂတံ ဘယံ ဒိသွာ၊ ဒူရတော ပရိဝဇ္ဇယေ။
အာဂတဉ္စ ဘယံ ဒိသွာ၊ အဘီတော ဟောတိ ပဏ္ဍိတော။
အထက်ဖော်ပြပါ ဂါထာကို လောကနီတိ၌၄င်း၊ ပိတောပဒေသ၌၄င်း တွေ့ရပေသည်။ ယင်းဂါထာ၏ အဓိပ္ပါယ်မှာ---

“ပညာရှိ ဆိုသူသည် မရောက်လာသေးသော ဘေးကို ဉာဏ်ဖြင့်ဆင်ခြင် သိမြင်၍ အဝေးကလွတ်အောင် ရှောင်ကြဉ်ရာ၏၊ ရောက်ပြီး, ရောက်ဆဲဖြစ်သော ဘေးကိုလည်း မြင်ရကြုံရပါက မကြောက်မရွံ့စိတ် ထားရမည်။”
ဟူ၍ဖြစ်ပေသည်။ 

ဤဖော်ပြပါ ဂါထာလာစကားရပ်ကို အသိဉာဏ်ဆင်ခြင်တုံတရားရှိသူတိုင်း လိုက်နာ ကျင့်သုံးအပ်ပေ၏။ အသိဉာဏ်, ဆင်ခြင်တုံတရားရှိဖို့ ဆိုသည်မှာ လောကီ, လောကုတ္တရာ ဘွဲ့ထူး, ဂုဏ်ထူးတွေ ရရှိမှမဟုတ်၊ မိမိ၏အသိတရားလေးကို ရှေးတန်းတင်, ရှိသမျှ အသိဉာဏ်လေးကို အသုံးချလျက် ဆင်ခြင်တတ်ရန်သာ အရေးကြီးပါသည်။ ယင်းသို့ သတိ, အသိ, ဆင်ခြင်မှုတို့ ပြုကျင့်ဖန် များပါက ပညာရှိစားရင်းဝင် ဖြစ်သွားပါလိမ့်မည်။

ထို့ကြောင့် အထက်ဖော်ပြပါဂါထာ၌ ပညာရှိဆိုသူတို့ ကျင့်ဖွယ်ရာဆိုသဖြင့် “ပညာရှိများနှင့်သာ ဆိုင်သည်၊ ငါကား ပညာရှိမဟုတ်၍ မဆိုင်”ဟု မိမိကိုယ်ကိုမိမိ နိမ့်ကျသောစိတ်ထားဖြင့် မဆုံးဖြတ်အပ်ပေ။ မိမိပြုလုပ်လိုသည့် ကိစ္စတခုအတွက် သတိ, အသိ, ဆင်ခြင်မှုတို့ဖြင့် ပေါင်းစပ်ကာ ပညာရှိသူအဖြစ် သက်ဝင်စေရမည်ဖြစ်ပါသည်။

ယင်းသို့ ပညာရှိအဖြစ် ရောက်ပြီးနောက် အထက်ပါဂါထာ၌ ဆိုသည့်အတိုင်း---
၁။ မရောက်လာသေးသော ဘေးကို ဉာဏ်ဖြင့်ဆင်ခြင် သိမြင်၍  အဝေးကလွတ်အောင် ရှောင်ရမည် ဖြစ်သည်။
၂။ ဘယ်လိုမှ မရှောင်သာ, မတတ်သာ၍, ဘေးတစ်ခုခုနှင့် ကြုံတွေ့လာရပါကလည်း မကြောက်မရွံ့ ရင်ဆိုင်လိုက်ရမည် ဖြစ်ပေသည်။ 
အချုပ်အားဖြင့်မူ ပညာရှိတစ်ဦးဖြစ်အောင် ကြိုးစားပါ၊ ဘေးတစ်ခုခု ကြုံလာဖွယ်ရှိပါက ကြိုတင်ရှောင်ပါ၊ မတတ်သာ၍ ကြုံလာပါက ရဲဝံ့စွာ ရင်ဆိုင်တွန်းလှန်ကျော်ဖြတ်ပါ-ဟု ကျမ်းလာ စာပေစကားကို မှီးလျက် ဗဟုသုတအဖြစ် ရေးသားတင်ပြလိုက်ရပေသည်။


ရတနာသိင်္ဃ



No comments: