Wednesday, August 29, 2012

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား (၃)

( စိတ်မသွားသူ ဒုက္ခငြိမ်း )
ခန္ဓာငါးပါးကို စွဲလမ်းရင် ဥပါဒါနက္ခန္ဓာဒုက္ခာလို့ မြတ်စွာဘုရားက ပါဠိလို ဟောထားပါတယ်။
ဥပါဒါန=စွဲလမ်းမှုနှင့်တကွ ဖြစ်ကုန်သော၊ ခန္ဓာ-ခန္ဓာငါးပါး အစုတို့သည်၊ ဒုက္ခာ-ဒုက္ခသစ္စာ မည်ကုန်၏။
ဒီစွဲလမ်းမှု ဥပါဒါန်တွေက ဘယ်ကလာသလဲ၊ 
မျက်စိမြင်၊ နားကြားက လာတာ၊ တွေးတော့ မျက်စိမြင်၊ နားကြားတွေပဲ ပြန်ပြန်တွေးကြတာကိုး၊
ဒါကြောင့် မျက်စိမြင်၊ နားကြားတာကို ဘယ်သူ ဘယ်ဝှါ ဘယ်လို ဘယ်ချမ်းသာမျိုးနဲ့မှ စိတ်က မလိုက်နဲ့၊ သိကာမတ္တ၊ ဝိညာဏ်သိ သဘောဓမ္မလေးမျှပဲလို့ သိလိုက်ပါ၊ ဒါဆိုရင် ခန္ဓာငါးပါးရမှု၊ ဥပါဒါနက္ခန္ဓာ ဒုက္ခမှ ကင်းလွတ်ပြီး ဒုက္ခငြိမ်းနေပါလိမ့်မယ်။


( ပညတ်မပါအောင် ရှု )
ဝိပဿနာဆိုတာ ပညတ်မပါဘဲ ရှုရတဲ့ အမျိုးပဲ၊ ပညတ်မပါအောင် ရှုရမှာဆိုတော့ ဉာဏ်အမြင်နဲ့ ရှုရတာဖြစ်တော့ သမ္မာ
ဒိဋ္ဌိ အမြင်မှန်နဲ့ ခန္ဓာငါးပါးကို ရှုရတယ်။
ရုပ်ရှုရင် ဣတိ ရူပံ-ဤဟာ ရုပ်ပဲလို့ရှုရင် သမ္မာသင်္ကပ္ပ ဖြစ်တာပေါ့၊ ပညာမဂ္ဂင်နဲ့ရှုတာ ဖြစ်သွားပြီ၊
ရုပ်လို့ မသိဘဲ၊ မရှုမိဘဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ငါပဲ၊ သူပဲ၊ သတ္တဝါပဲ အနေနဲ့ ရှုမိနေရင် မိစ္ဆာသင်္ကပ္ပ ဖြစ်နေတယ်။
ကာမရာဂ နီဝရဏနဲ့ ပညတ်တွေ ပါနေတယ်၊ မိန်းမ မဟုတ်၊ ရုပ်ပဲလို့ ရှုတာက ပညာမဂ္ဂင် သမ္မာသင်္ကပ္ပနဲ့ ရှုတာ၊ ပညာဉာဏ်နဲ့ ရှုတာဖြစ်တော့ တကယ်ပဲ ပညတ်မပါဘဲ ပရမတ်ကိုရှုရာ ရောက်သွားတော့ ပထမတန်းတရား ဖြစ်တာပေါ့။
နိဗ္ဗာန်ဟာ ရာဂ ဒေါသ မောဟ ကုန်ရင် နိဗ္ဗာန်ကို ဉာဏ်နဲ့ မြင်ရတာဖြစ်တော့ ဓမ္မာနုပဿနာ တရားသဘောဟာ ရာဂ ဒေါသ မောဟ ဖြစ်စေတဲ့ ပညတ်တွေကို တတိ တတိနဲ့ သတ်ချနေတဲ့တရားဖြစ်တော့ ပထမတန်း ဖြစ်တာပေါ့။


( မဂ်ဖိုလ်နဲ့လျော်အောင် )
ပညတ်ကိုမြင်ရင် သည်းမခံနိုင် ဖြစ်ကြရတယ်။ ဥပမာ-ငွေနဲ့ ပတ်သက်ရင်၊ ပစ္စည်းနဲ့ပတ်သက်ရင်၊ မိန်းမနဲ့ ပတ်သက်ရင်၊ သားသမီးတွေနဲ့ ပတ်သက်ရင် သည်းမခံနိုင် ဖြစ်ကြတယ်။ 
သည်းခံနိုင်မှုမှာ ပါလာတာတွေက ပညတ်တွေ၊ ရွှေ၊ ငွေ၊ ပစ္စည်း၊ မိန်းမ၊ သားသမီးအမြင်က ပညတ်အမြင်ဖြစ်ကြလို့ သည်းမခံနိုင်ကြတာဆိုတာ မြဲမြဲမှတ်ထား၊ ပရမတ်အမြင်၊ အသိရောက်သွားမှ သဗ္ဗေ သင်္ခါရာ အနိစ္စာ-ဖြစ်သွားတယ်။ 
သင်္ခါရ-ဆိုတာ ဖြစ်ခြင်း၊ အနိစ္စက-ပျက်ခြင်းပဲ၊ ရုပ်နာမ်သင်္ခါရ ဝယဓမ္မေကို သိတော့မှ သိတာက ဉာဏ်ဖြစ်သွားတယ်။
ဒီလို သင်္ခါရကို သိတော့မှ သည်းခံနိုင်တဲ့ ဥပေက္ခာပြု လျစ်လျူရှုနိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ် ရောက်တယ်။ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ သိတာတွေ၊ ကြံတာတွေဟာ ရုပ်လို့သိမှ သည်းခံနိုင်တယ်။ လျစ်လျူရှုနိုင်တယ်။ ဥပေက္ခာ ပြုနိုင်တယ်။ ဉာဏ်စဉ်အရ ဆိုရင် ဖြစ်ခြင်း၊ ပျက်ခြင်း သင်္ခါရကို ဥပေက္ခာပြုနိုင်တဲ့ ဒီဉာဏ် ရင့်သန်သွားမှ အနုလောမဉာဏ် ရောက်တယ်၊ ဒီဉာဏ်ရောက်မှ မဂ်ဖိုလ်နဲ့ လျော်တော့တယ်။


( ရုပ်ကိုပဲ သိရမယ် )
ခန္ဓာကိုယ်ကောင်ကြီးရဲ့ တကယ့်အရှိတရား ပရမတ်ရုပ် အစစ်အမှန်က မဟာဘုတ်ရုပ်ပဲ ရှိတယ်။ မဟာဘုတ်ရုပ်ဆိုတာ ဓာတ်ကြီးလေးပါး အစုအဝေးပဲ၊ ခန္ဓာကိုယ်ကောင်ကြီးဟာ မဟာဘုတ်ဓာတ်ကြီး လေးပါးဖြစ်တဲ့ ပထဝီ-မာမှု၊ ပျော့မှု၊
တေဇော-ပူမှု၊ အေးမှု၊ 
အာပေါ-ယိုစီးမှု၊ ဖွဲ့စည်းမှု၊ 
ဝါယော-တွန်းကန်မှု၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးရှိတဲ့ ရုပ်အမှန် မဟာဘုတ်ရုပ်ပဲ တကယ်ရှိတာပါ။ 
ဥပါဒါန်တို့၏ အာရုံက ဘယ်သူ့အပေါ်မှာလဲ၊ မြင်ရတဲ့ အဆင်း ရုပ်အပေါ်မှာ စွဲကြလို့ ဥပါဒါရုပ်လို့ ခေါ်တာ။ ဥပါဒါရုပ်ဆိုတာ မဟာဘုတ်ရုပ်ကို မှီပြီးမှဖြစ်တယ်။ မူလဘူတက မဟာဘုတ်ရုပ်ပဲ။ ရုပ် ၂၈-ပါးရှိတဲ့အနက် မဟာဘုတ်ရုပ် ၄-ပါးကိုနုတ်ရင် ကျန်တဲ့ ၂၄-ပါးကို ဥပါဒါရုပ်လို့ ခေါ်ရတယ်။ 
မဟာဘုတ် ၄-ပါးကလွဲပြီး ကျန်တဲ့ရုပ်တွေဟာ ခန္ဓာငါးပါးနဲ့ စွဲယူမှတ်သား စွဲလမ်းတဲ့ရုပ်တွေ ဖြစ်ကြလို့ ဥပါဒါန်လို့ခေါ်ရတယ်။ အမှန်ကတော့ ရုပ်ကိုပဲ သိရမယ်၊ ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါအနေနဲ့ မမြင်ရဘူး၊ မထင်ရဘူး၊ မသိရဘူး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ သတ္တဝါ အသိနဲ့မြင်ရင် ဥပါဒါနက္ခန္ဓာဖြစ်ပြီး ဒုက္ခသစ္စာ ရတာပဲ၊ ဒါကြောင့် ဤဟာ ရုပ်၊ ဤဟာ ရုပ်ဖြစ်ကြောင်း၊ ဤဟာ ရုပ်ချုပ်ကြောင်းလို့ ဒီလို သိရင် ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာ မရဘဲ၊ ပရမတ်ရုပ်ကိုသိလို့ နိရောဓသစ္စာနဲ့ နိဗ္ဗာန်မျက်မှောက် ပြုရပါတယ်။ 


ပခုက္ကူ ဆရာတော်ဘုရားကြီး

No comments: