Friday, August 31, 2012

ကြည်ညိုဖွယ်တရား ၁၀-ပါး

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးခါစဖြစ်သော အခါတပါး၌ အသျှင်အာနန္ဒာသည် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ရာ အလွန်စောသေး၍ ဂေါပကမောဂ္ဂလာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွဟု အကြံဖြစ်ပြီး ပုဏ္ဏားရှိရာသို့ ချဉ်းကပ်၏။ ဂေါပကမောဂ္ဂလာန် ပုဏ္ဏားလည်း အသျှင်အာနန္ဒာအား ခရီးဦးကြိုပြု နေရာထိုင်ခင်းပေးကာ သင့်လျော်ရာ၌ထိုင်ပြီးလျှင် “အသျှင်ဘုရား အာနန္ဒာ၊ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူတိုက်သော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတပါးမျှ ရှိသလော”ဟု လျှောက်ထား၏။
အသျှင်အာနန္ဒာသည် “ပုဏ္ဏား ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံတော်မူသော ရဟန်းတပါးမျှ မရှိသည်သာတည်း”ဟု မိန့်တော်မူ၏။

ထိုအခါ မဂဓမင်း အဇာတသတ်၏အမတ်ကြီး ဝဿကာရပုဏ္ဏားသည် ရာဇဂြိုဟ်ပြည်၌ အလုပ်တို့ကို အစဉ်လှည့်လည်စစ်ဆေးလျက် ဂေါပကမောဂ္ဂလာန်ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန အသျှင်အာနန္ဒာသို့ ချဉ်းကပ်ပြီး “အသျှင်အာနန္ဒာ ယခုအခါ သင်တို့ဆည်းကပ် နေကြရမည်ဖြစ်သော ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့ကိုးကွယ်ရာ ဖြစ်လတ္တံ့ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတပါးမျှ ရှိသလော”ဟု လျှောက်၏။
“ပုဏ္ဏား၊ ရဟန်းတပါးမျှ မရှိ”ဟု မိန့်ဆို၏။

“အသျှင်အာနန္ဒာ၊ မြတ်စွာဘုရား ကွယ်လွန်တော်မူသောအခါ၌ ငါတို့ကိုးကွယ်ရာ ဖြစ်လတံ့ဟု များစွာသော မထေရ်ကြီး ရဟန်းတို့တင်ထားသော ရဟန်းတပါးမျှ ရှိသလော”
“ပုဏ္ဏား၊ များစွာသော မထေရ်ကြီး ရဟန်းတို့တင်ထားသော ရဟန်း တပါးမျှ မရှိ”

“အသျှင်အာနန္ဒာ ဤသို့ကိုးကွယ်ရာ မရှိပါဘဲလျက် ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”
“ပုဏ္ဏား၊ ငါတို့သည် ကိုးကွယ်ရာ မရှိကုန်သည် မဟုတ်၊ ကိုးကွယ်ရာ ရှိကုန်၏၊ ပုဏ္ဏား၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် ကြည်ညိုဖွယ်ရာ တရား ၁၀-ပါးတို့ကို ဟောကြားတော်မူ၏။ အကြင်ပုဂ္ဂိုလ်၌ ဤ ၁၀-ပါးသော တရားတို့သည် ရှိကုန်၏။ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေ ပြုကြကုန်၏။ အလေးပြုကြကုန်၏။ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ အရိုအသေ အလေးအမြတ်ပြု၍ မှီနေကြကုန်၏၊ ကြည်ညိုဖွယ်ရာ ၁၀-ပါးတို့သည်ကား---

၁။ ပုဏ္ဏား၊ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်လျက်ရှိ၏၊ အာစာရသီလ ဂေါစရသီလနှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌လည်း ကောင်းစွာဆောက်တည်၍ ကျင့်၏။
၂။ အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ စုဆောင်း၏၊ အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက်သဒ္ဒါနှင့် ပြည့်စုံသော ထက်ဝန်းကျင်ပြည့်စုံလျက် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောပြတတ်သော တရားတို့ကို များစွာကြားနာထူး၏၊ နှုတ်ဖြင့် ဆောင်ဖူး၏၊ လေ့ကျင့်ဖူး၏၊ စိတ်ဖြင့် ဆင်ခြင်ဖူး၏၊ ပညာဖြင့် ထိုးထွင်း၍ သိဖူး၏။
၃။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးတို့ဖြင့် ရောင့်ရဲလွယ်၏။
၎။ အထူးစင်ကြယ်သော စိတ်၌အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၌ ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏၊ မပင်ပန်းဘဲ ရ၏။
၅။ ထိုရဟန်းသည် တပါးမက များသောတန်ခိုး ဖန်ဆင်းခြင်းကို ပြီးစေ၏၊
တယောက်တည်းဖြစ်လျက် အများအပြား ဖြစ်သွား၏၊ အများအပြားဖြစ်လျက်လည်း တယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတဖက်၊ တံတိုင်းတဖက်၊ တောင်တဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မြေကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ လ-နေ-တို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာပြည်တိုင်အောင်လည်း မိမိအလိုရှိတိုင်း ဖြစ်စေ၏။
၆။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော နတ်တို့၏နာါ်နှင့်တူသော ဒိဗ္ဗသောတဉာဏ်ဖြင့် နတ်၌လည်း ဖြစ်ကုန်၊ လူ၌လည်း ဖြစ်ကုန်သော၊ ဝေးသည်၊ နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသောအသံတို့ကို ကြားရ၏။
၇။ ထိုရဟန်းသည် တပါးသောပုဂ္ဂိုလ်၊ သတ္တဝါတို့၏စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍သိ၏၊ တပ်မက်ခြင်းရာဂနှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်းရာဂနှင့်တကွသော စိတ်၏သိရ၏၊ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသောစိတ်ဟု သိ၏၊ ထို့အတူ အမျက်ထွက်ခြင်း၊ ဒေါသစိတ်၊ ဒေါသ ကင်းသောစိတ်၊ တွေဝေခြင်း မောဟစိတ်၊ မောဟကင်းသော စိတ်၊ ကျုံ့သော သံခိတ္တစိတ်၊ ပျံ့သောဝိစိတ္တစိတ်၊ မြတ်သည်၏အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်စိတ်၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ်စိတ်၊ သာလွန်သော တရားရှိသော သဥတ္တရစိတ်၊ သာလွန်သော တရားမရှိသော အနုတ္တရ စိတ်၊ တည်ကြည်သော သမာဟိတစိတ်၊ မတည်ကြည်သော အသမာဟိတစိတ်၊ လွတ်မြောက်သော ဝိမုတ္တစိတ်၊ မလွတ်မြောက်သော အဝိမုတ္တစိတ် တို့ကိုလည်း သိ၏။
၈။ ရဟန်းသည် များစွာသော ရှေးဘဝကဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏၊ ခန္ဓာအစဉ်ဟူသည် တဘဝကို၎င်း၊ နှစ်ဘဝ၊ သုံးဘဝ၊ လေးဘဝကို၎င်း၊ ဘဝတရာ၊ ဘဝတထောင်၊ ဘဝတသိန်းတို့ကို၎င်း၊ များစွာသော ပျက်ကပ်၊ ဖြစ်ကပ်တို့ကို၎င်း၊ အစဉ်လျှောက်၍ အောက်မေ့နိုင်၏၊ ဤမည်သောဘဝ၌ ငါသည် ဤသို့သောအမည် ရှိခဲ့၏၊ အနွယ်ရှိခဲ့၏၊ အဆင်းရှိခဲ့၏၊ အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊  ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှသေခဲ့သော် ဤမည်သောဘဝ၌ ပြန်ဖြစ်၏၊ ဤသို့ အချင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။
၉။ ထိုရဟန်းသည် နတ်တို့၏ မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ပေါ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော၊ မလှသော သတ္တဝါ၊ ကောင်းသော လားရာဂတိရှိသော၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါကို သိ၏။
၁၀။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ် သမာဓိကို၊ အရဟတ္တဖိုလ် ပညာကို၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဝင်စားနေ၏”ဟု ဟောတော်မူ၏။

(ဥပရိပုဏ္ဏာသ ပါဠိတော် မြန်မာပြန်၊ ဒေဝဒဟဝဂ်၊ ဂေါပကမောဂ္ဂလာနသုတ်)

No comments: