Tuesday, August 28, 2012

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား (၂)


( မြင့်မြတ်သူတို့၏ အလုပ် )
ကိုယ်တယောက်ကောင်း မဟုတ်ဘဲ အများအတွက် ပါရမီဖြည့်သူ၌ ရှိထိုက်သော တရားတို့ကား
“သတ္တဝါတို့အပေါ်၌ သနားမှု ကရုဏာ၊
အကျိုးလိုလားမှု မေတ္တာ၊
ကယ်တင်နိုင်သူ ဖြစ်လိုသော ဆန္ဒ၊
ကြံစည်စဉ်းစားမှု ဉာဏ်ပညာ၊
ကြိုးစားမှု ဝီရိယ၊
မိမိဆိုင်ရာကိစ္စ အရပ်ရပ်၌ မလစ်လပ်စေမှု သတိ၊
စိတ်မပြောင်းမှု သမာဓိ၊
ဤသို့ ကြိုးစားလျှင် ရည်ရွယ်လျက် ထမြောက်နိုင်သည်ဟု ယုံကြည်မှု သဒ္ဓါ၊
မိမိစိတ်ဓာတ်ကို လှုံ့ဆော်ပေးသော စေတနာ”ဟု ဤ ၉-ပါးသော တရားများတည်း။
ဤတရားများသည် ပါရမီဖြည့်ခြင်း၊ ပြည့်လည်းပြည့်ခြင်း၏ အကြောင်းရင်း ဖြစ်ကြပါသည်။
(ဤတရားများမပါရှိဘဲ ဘုရားဆိုတာ ထူးသောပုဂ္ဂိုလ်ဟု ယူဆ၍ ထိုပုဂ္ဂိုလ်မျိုး ဖြစ်လိုရုံမျှဖြင့် ပါရမီ မပြည့်နိုင်ပါ)။

( ဝိနည်းတရား ထွန်းကားသင့် )
ဝိနည်းတရားတော်အတိုင်းသာ ရဟန်းတော်များ နေထိုင်သွားလာ ပြောဆိုကြလျှင် မြတ်မာလူမျိုးတို့၏ လေးစားခြင်းသာမက ကမ္ဘာပေါ်တွင် ယဉ်ကျေးသည်ဟု ခေါ်ရသော လူတိုင်းလေးစားခြင်းကို ခံရလောက်ပါပေ၏။
ဗုဒ္ဓ၏ သာသနာကို အထက်တန်းရောက်အောင် ပြုပြင်လိုကြသော ရဟန်း ရှင် လူ သူတော်စင်တို့သည် ထိုဝိနည်း ဥပဒေတော်ကြီးကို ပြန်၍ ထင်ရှားထွန်းကားလာအောင် ပထမဆုံး ကြိုးစားသင့်ကြပေသည်။
ရဟန်းတော်များက ဝိနည်းတော်အတိုင်း နေထိုင်ခြင်း၊ လူအများက ဝိနည်းတော်နှင့် ညီစွာနေသော ရဟန်းတော်များကို လေးစားကိုးစားခြင်း၊ ဝိနည်းတော်နှင့် မညီမညွတ်နေသူတို့ကို အစိုးရကိုယ်တိုင်နှင့် အသင်းအဖွဲ့များက အရေးယူခြင်းတို့ဖြင့် ဝိနည်းသာသနာ ပြန်၍ ထွန်းကားလာအောင် ကြိုးစားသင့်ပါသည်။

( ဓမ္မရတနာ )
များစွာသောလူတို့ အားကိုးနေကြသော အရာများကား ဆွေမျိုးအားကိုး၊ ပစ္စည်းဥစ္စာအားကိုး၊ ပညာအားကိုး၊ ရုပ်ရည်အားကိုး၊ သတ္တိအားကိုး၊ ခွန်အား အားကိုး၊ မိတ်ဆွေအားကိုး၊ ဆရာအားကိုး၊ လက်နက်အားကိုး-ဟု အမျိုးမျိုး ရှိကြ၏၊
ဘေးရန်ပေါ်လာလျှင်၊ ဆင်းရဲဒုက္ခရောက်လာလျှင် ထိုအားကိုးစရာများဖြင့် ကာကွယ်ကြ၏၊ ထိုများစွာသော ကိုးကွယ် (အားကိုး+ကာကွယ်) စရာတို့သည်လည်း တရားတော်ကို ကိုးကွယ်ရသလောက် အရာမရောက်ကြပါ။
ပြခဲ့သော အားကိုးစရာတို့သည် ဘေးရန်ပေါ်လာလျှင် အထိုက်အလျောက် ကာကွယ်နိုင်သဖြင့် သူ့နေရာနှင့်သူ ကိုးကွယ်ရာ ဖြစ်ကြပါပေ၏၊ သို့သော် ဆွေမျိုး ဥစ္စာ ပညာ ရုပ်ရည် စသည်တို့သည် သူတို့ကိုယ်တိုင် ပျက်စီးတတ်သောကြောင့် မိမိက အားကိုးနေတုန်းမှာပင် သူတို့က ပျက်ပြုန်းသွားတတ်ကြ၏။

( ကိုယ်ကျင့်တရားမှ အားကိုးရ ဝ
ဗုဒ္ဓ၏တရားတော်များသည် ဟောပြော ရွတ်ဖတ်နေသည်ကို ကြားနာရလျှင်လည်း စိတ်ကို ချမ်းသာစေနိုင်၏။
တရားတော်အတိုင်း ကျင့်ကြံလိုက်နာနေလျှင်လည်း အလွန်ချမ်းသာစေနိုင်၏။
ဗုဒ္ဓတရားတော်သည် အမျာေးတွ့နေကျ ဒုက္ခဟူသရွေ့ကို သက်သာစေနိုင်ရုံမက ကိုယ်ကျင့်အလေ့အလာ ရနေသူ ဖြစ်ပါမူ
“ဘဝကူးဖို့ အချိန်နီးလေ အားကိုးရလေ” ဖြစ်ရုံမက တနည်းအားဖြင့် စဉ်းစားလျှင် “ဘဝပြောင်းခါနီးလေ ပျော်စရာ ကောင်းလေ”ဖြစ်စေပါလိမ့်မည်။
“နောက်ဘဝ၌ ရောက်ရမည့်လမ်းစဉ်သည် ယခုဘဝထက် အောက်မကျနိုင်ပါဘူး”ဟု တထစ်ချ သိအောင် ကြိုးစားထားလျှင် “သေခါနီးလေ ပျော်စရာ ကောင်းလေ”ဖြစ်မှာပဲဟု တွေးကာ တယောက်တည်း ကိုယ်ကျင့်တရား ကုသိုလ်များကို အားကိုးမိပါသည်။
ထို့ကြောင့် တရားတော်ကို ယုံကြည်သူတိုင်း အဟောတရား၊ အဖတ်တရား၊ နာတရားတို့တွင် မပြီးစေဘဲ ကိုယ်ကျင့်တရား ဖြစ်အောင် စိတ်ထဲ၌ သွင်းထား၍ ဖြစ်စေ၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများ၍ဖြစ်စေ “ဓမ္မံ သရဏံ ဂစ္ဆာမိ” အရ တရားတော်ကို အားကိုးနိုင်ကြ၊ အရေးပေါ်လျှင် တရားတော်ဖြင့် ကာကွယ်နိုင်ကြ၊ သံသရာအတွက် ကိုယ်ကျင့်တရား လုံလောက်အောင် ကြိုးစား၍ စိတ်ထားကြည်လင် သူတော်စင်များ ဖြစ်နိုင်ကြပါစေသတည်း။

အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ

No comments: