Thursday, September 6, 2012

အသျှင်အင်္ဂုလိမာလထေရ်၏ ဥဒါန်း

မြတ်စွာဘုရားရှင်ထံ ရဟန်းအဖြစ်ကိုရပြီး မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပြီးသော မြတ်သောအကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်မဂ်ကိစ္စကို
ပြုပြီးသော ရဟန္တာအသျှင် အင်္ဂုလိမာလသည် နံနက်အချိန်၌ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ရာ တပါးသောအရပ်သို့ပစ်သော ခဲ၊ တုတ်၊ လှံတံ၊ ကျောက်စရစ်တို့သည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်သို့ ကျ၏၊ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ကွဲသောဦးခေါင်း၊ ယိုစီးသော သွေး၊ ကွဲသော သပိတ်၊ စုတ်ပြတ်သော ဒုကုဋ်တို့ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

မြတ်စွာဘုရားသည် အဝေးမှလာသော အသျှင်အင်္ဂုလိမာလကို မြင်တော်မူ၍
 “မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင် သည်းခံလော့၊ 
မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင်သည် ယင်းအကုသိုလ်ကံ၏ အကျိုးအပြစ်ဖြင့် နှစ် ရာပေါင်း၊
ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျလေရာ၏၊ 
မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင်သည် ထိုအကုသိုလ်အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏”ဟု မိန့်တော်မူ၏။ 
ထိုအခါ အသျှင်အင်္ဂုလိမာလသည် ဆိတ်ငြိမ်ရာသို့ကပ်၍ တပါးတည်း ကိန်းအောင်းလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစား၍ ဤဥဒါန်းကို ကျူးရင့်၏။

“ရှေးအခါကသာလျှင် မေ့လျော့၍ နောက်အခါ၌ မမေ့မလျော့သူသည် တိမ်တိုက်မှ လွတ်သော လ-ကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။
ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ဤသတ္တလောကကို ထွန်းလင်းတောက်ပစေ၏။
ငယ်ရွယ်စဉ်ကပင် မြတ်စွာဘုရား၏ သာသနာတော်၌ အားထုတ်သော ရဟန်းသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ထွန်းလင်းတောက်ပစေ၏။
ငါ၏ရန်သူတို့သည် တရားနှင့်စပ်သော စကားကို ကြားနာကြာပါစေကုန်သတည်း၊ 
ငါ၏ရန်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ အားထုတ်ကြပါစေကုန်သတည်း၊ 
ငါ၏ရန်သူတို့သည် သူတပါးအား တရားကို ဆောက်တည်ကြစေသည့် သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်ကြပါစေကုန်သတည်း။ 
ငါ၏ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊ မဆန့်ကျင်မှု မေတ္တာကို ချီးကျူးလေ့ရှိကုန်သော သူတို့၏ တရားကို အခါခါ နာကြားနိုင်ကြပါစေကုန်သတည်း။
ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။
ငါ၏ရန်သူတို့သည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ငါမှတပါး အခြားသူကိုလည်း မညှဉ်းဆဲပါစေသတည်း၊ မွန်မြတ်သော နိဗ္ဗာန်သို့ရောက်၍ အမြဲတပ်မက်သော တဏှာကို စောင့်ရှောက်နိုင်ပါစေသတည်း။

ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏၊ မြားသမားတို့သည် မြားကို ဖြောင့်ကြကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြကုန်၏၊ ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြကုန်၏။
အချို့သူတို့သည် လှံတံဖြင့်၎င်း၊ ချွန်းကောက်ဖြင့်၎င်း၊ ကြိမ်လုံးတို့ဖြင့်၎င်း ဆုံးမကြကုန်၏၊ တာဒိဂုဏ် ရှိတော်မူသော မြတ်စွာဘုရားသည် တုတ် လှံတံ မရှိဘဲ၊ လက်နက်မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။

ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက် “အဟိံသက”အမည် ရှိခဲ့၏၊ ငါသည် ယနေ့မှစ၍ တစုံတယောက်ကိုမျှ မညှဉ်းဆဲတတ်သောကြောင့် မှန်ကန်သောအမည် ရခဲ့ပြီ၊ ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ ကြီးစွာသော သံသရာသြဃ၌ နစ်မျောသည်ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ပါ၏။
ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော၊ သွေးစွန်းသော လက်ရှိသော သူသတ်ယောက်ျား
ဖြစ်ခဲ့၏၊ ကိုးကွယ်ရာနိဗ္ဗာန်ကို မြင်သည်ဖြစ်၍ ဘဝနှောင်ကြိုးနှင့်တူသော တဏှာကို နုတ်ပယ်ခဲ့ပြီ။
အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော အကုသိုလ်ကံကို ပြုခဲ့သော်လည်း ယင်းကံကို ရှို့မြိုက်တတ်သည့် မဂ်စေတနာ တွေ့ထိအပ်သောကြောင့် မကောင်းကျိုး ကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကို ငါ သုံးဆောင်ရပေပြီ။

ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊ ပညာရှိယောက်ျားသည် မမေ့မလျော့မှုကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏၊ မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊ မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာ ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏။
ငါ၏ သာသနာဘောင်သို့ ရောက်လာခြင်းသည် ကောင်းသောရောက်လာခြင်းပေတည်း၊
ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊ ကောင်းစွာ ဝေဖန်ဟောကြားအပ်သော တရားတို့တွင် အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ပြီ၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးပေပြီ။

(မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြတ်မာပြန်၊ ရာဇဝဂ်၊ အင်္ဂုလိမာလသုတ်)

No comments: