Thursday, September 6, 2012

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား ( ၇ )


( ဆန္ဒ )
အာရုံတခုခုကို ပြုလိုခြင်း (ရယူလိုခြင်း)ကို ဆန္ဒ-လို့ ခေါ်ပါတယ်။
ဒီဆန္ဒသဘောဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ အလွန်ထင်ရှားပါတယ်၊ ဘုရားကို သွားချင်တာ၊ ကျောင်းကို သွားချင်တာ၊ ဥပုသ်စောင့်ချင်တာ၊ တရားနာချင်တာ၊ တရားထိုင်ချင်တာ၊ သူတပါးအကျိုး ဆောင်ရွက်လိုတာကအစ နိဗ္ဗာန်လိုချင်တာအထိ အကုန်လုံးဟာ ဆန္ဒချည်းဖြစ်ပါတယ်။ တော်ရုံတန်ရုံ လိုချင်ရာမှာ ဆန္ဒက အားသေးပါတယ်၊ မဖြစ်မနေ လိုချင်ရာ၊ မရမကလိုချင်ရာတွေမှာတော့ ဆန္ဒက အားကြီးပါတယ်၊ ဒါပေမယ့် ဆန္ဒရှိရုံ တောင့်တရုံနဲ့တော့ လိုချင်တာကို ရနိုင်မှာ မဟုတ်ပါ၊ လိုချင်တောင့်တသည့် အားလျော်စွာ ကြိုးစားအားထုတ်မှု ဝီရိယပါမှသာ ရနိုင်မှာ ဖြစ်ပါတယ်။

အထက်တန်းကို ရောက်ရန် အခြေခံမျှော်မှန်းချက် (ဆန္ဒ)မျှ မရှိပါရင် မည်သူမျှ ထက်ထက်သန်သန် ကြိုးစားအားထုတ်ကြမယ် မဟုတ်ပါ၊ မျှော်မှန်းချက်ရှိသူတွေကသာ ထက်ထက်သန်သန် ကြိုးကြိုးစားစား အားထုတ်ကြပါတယ်၊ သို့ဖြစ်သည်အားလျော်စွာ လူသားတိုင်း လူသားတိုင်းက မျှော်မှန်းချက်(ဆန္ဒ) တခုခုကို ထားသင့်ပါတယ်၊ အဲဒီဆန္ဒကို အာသာ-(လိုလားတောင့်တမှု) လို့လည်း ခေါ်ပါတယ်၊ ဒါပေမယ့် အဲဒီလို အာသာဆန္ဒ ရှိရုံမျှနဲ့ (ဆုတောင်းနေရုံမျှနဲ့) တော့ မိမိတို့ရဲ့ မျှော်မှန်းချက် မပြည့်စုံနိုင်ပါ၊ မျှော်မှန်းထားသည့်အတိုင်း စိတ်ပါလက်ပါ ကြိုးစားအားထုတ်မှသာ ပြည့်စုံနိုင်ပါတယ်။

အခုခေတ်မှာ အထက်တန်းရောက်နေသူတွေက အများအားဖြင့် အာသာဆန္ဒအားလျော်စွာ ကြိုးစားအားထုတ်လာကြသူတွေသာ ဖြစ်ကြပါတယ်၊ သို့ဖြစ်၍ ခဲခဲယဉ်းယဉ်း ရရှိလာတဲ့ မိမိတို့ရဲ့ လူ့ဘဝကို ခုရောနောင်ပါ အထက်တန်းရောက်အောင် ထက်သန်တဲ့ အာသာဆန္ဒကို အရင်းခံပြီး သမ္မာရဒ္ဓ ဝီရိယဖြင့် ကိုယ်စီကိုယ်င မြှင့်တင်နိုင်ကြပါစေ။

( မောဟ အဝိဇ္ဇာ )
အာရုံမှာ တွေဝေစေတတ်တဲ့အတွက် မောဟ-လို့ ခေါ်ပါတယ်။
ဒီမောဟဟာ ဉာဏ်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမယ့် ဝိစိကိစ္ဆာသဘောလို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကို  မသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။
ဘဝင်ကျလို့ အိပ်ပျော်နေသလို မသိရုံသက်သက်လည်း မဟုတ်ပါဘူး၊ ဉာဏ်က အမှန်ကိုသိပြီး မောဟက အမှားကို သိပါတယ်၊ ဒါကြောင့် ဉာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်း ဆိုရပါတယ်။
ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဖက်) အကုသိုလ် စေတသိက်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း မသိစေတတ်၊ ဒါကြောင့် ဒီမောဟကို အဝိဇ္ဇာ-လို့လည်း ခေါ်ပါသေးတယ်။

အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဒီ ၈-ဌာနဟာ သိသင့်တဲ့ ဌာနတွေ ဖြစ်ပါတယ်။
အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်၊
အလားတူပဲ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။ 
နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

( ရှက်ဖွယ်ချည်းသာ )
အကုသိုလ်မှန်က ရှက်စရာချည်းသာ ဖြစ်ပါတယ်၊
အပြင်းအထန် စိတ်ဆိုးတာနဲ့ အော်ဟစ်ငေါက်ငမ်း ကြမ်းတမ်းစွာ ပြောဆိုတဲ့ ဒေါသ၊
နှလုံးလေပင့် ဘဝင်မြင့်ကာ ထောင်လွှားတက်ကြွ သူတပါးကို အဖက်မထင် စိတ်ကြီးဝင်တဲ့ မာန၊
ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်တဲ့ ဣဿာ စသည်တို့လည်း စက်ဆုပ်ရွံရှာ ရှက်စရာကောင်းလှပါတယ်၊ ဒါကြောင့် ဒုစရိုက် မကောင်းမှုမှန်ရင် အကုန်လုံး ရှက်စရာချည်းသာ မှတ်ပါ။

( မြောင်းမြတိုက်သစ် ပဇ္ဇောတာရုံနှင့် မှော်ဘီသာသနာ့ဝန်ဆောင် ဆရာတော် အရှင်ကုမာရ )

No comments: