Thursday, December 20, 2012

မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ


အသက် ၇၀-ဝန်းကျင်ရှိ ကျွန်တော့် မိတ်ဆွေ တစ်ယောက်သည် ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။
သူသည် ကျောင်းသားဘဝက စ၍ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေကိုသာ ထက်သန်သူ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စပ်လျဉ်း၍ကား လေ့လာမှု အလွန် အားနည်းပါသည်။ မိဘများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၍သာ မိရိုးဖလာ ဗုဒ္ဒဘာသာဝင် အမည် ခံခဲ့သူ ဖြစ်ပါသည်။     
                       
ထွေရာလေးပါး ပြောဆို ကြရာတွင် မြန်မာ နိုင်ငံ တိုးတက်သင့် သလောက် မတိုးတက်သည်မှာ ဗုဒ္ဓဘာသာ အယူဝါဒ ကြောင့်များလားဟု ဝေဖန်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြောရသနည်းဟု မေးကြည့်ရာ “ရောင့်ရဲရမည်”ဆိုသည့် အယူအဆ ကြီးက ဟန့် တားရာ ရောက်နေသလားဟု ထင်မြင်မိကြောင်း
ပြောပြပါသည်။ ကျွန်တော်က “ရောင့်ရဲခြင်း”၏ အဓိပ္ပာယ်ကို မှန်မှန် ကန်ကန် နားမလည်ကြဘဲ
ဖြစ်နေကြကြောင်း၊ ၃၈-ဖြာ မင်္ဂလာ တရားတော်၏ နံပါတ် ၂၀-မြောက်မှာ ပါသော“သန္တုဋ္ဌိစ ကတညု တာ”ဆိုသော “ရသမျှနှင့် မျှတရောင့်ရဲ လွယ်နိုင်ရမည်”ဆိုသည်ကို ကျကျနန ရှင်းပြလိုက်သည့် အခါမှ သူ မှားသွားကြောင်း ဝန်ခံသွားပါသည်။
                                                                                                                                 ကျွန်တော် ရှင်းပြလိုက်သည်မှာ ဤသို့ ဖြစ်ပါသည်။“ရောင့်ရဲလွယ်ရမည်”ဆိုသည်မှာ မိမိ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများ မတိုးချဲ့ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ မိမိ လေ့လာ ဆည်းပူးနေသော ပညာရေးကို အဆင့်မြင့် ဆက်လက် မလေ့လာ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ သင့်တင့်ရုံပဲ ကြိုးစား လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ပြောပြ လိုက်ပါသည်။ အမှန်မှာ အချို့ လူများသည် သူ့ အိုး သူ့ ဆန် တန်ရုံ မလုပ်တတ်၍ ငွေတစ်ပဲနှင့် ရွှေလှည်းစီးချင်နေသူတွေ ကိုယ့်အထွာ နှင့်ကိုယ် လှမ်းကြဖို့ ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးတတ်ကြဖို့ အထိ နားလည်ကြဖို့ လိုအပ်ကြောင်း ပြောပြပါသည်။
“အထူးသဖြင့် အိမ်မှာ “အချို”ချက်ထားလျှင်“အချဉ်”စားချင်နေတာ၊ 
အချဉ် ချက်ထားလျှင် အချို စားချင်နေတာ၊
ကြက်သားဟင်း ချက်ထား ပြန်လျှင် ကြက်ကြော်မှ စားချင်တယ်လို့ ဆိုနေတာ၊ 
အစပ် မပါလို့ ဆိုပြီး ပြဿနာ ရှာတာတွေဟာ မရောင့်ရဲနိုင်တဲ့ သဘောတွေ ပါပဲ။”                                                                                                                                                          ယင်းကိစ္စနှင့် ပတ်သက်၍ တစ်ခါက အညာသား တစ်ယောက်သည် ထမင်းပွဲမှာ ငရုတ်သီးအစပ် မပါ၍ ဆိုပြီး ငရုတ်သီး ရှာရန် ထမင်းပွဲက ထသွားလိုက်သည်မှာ အောက်ပြည် အောက်ရွာ အထိ ရောက်သွားကြောင်း၊ အိမ်ထောင်ကျသွားသည့် အဖြစ်မျိုး အထိ ရှိခဲ့ဖူးကြောင်း ပြောပြ လိုက်ပါသည်။                      

ထို့ ပြင် ကျွန်တော့် ကိုယ်တွေ့ ကိုလည်း ပြောပြလိုက်ပါသည်။ ကျွန်တော့်မှာ“ဂျစ်ဂျစ်”ဆိုသော ညီတစ်ယောက်နှင့်“မော်စီ ဆိုသော ညီတစ်ယောက် ရှိကြောင်း၊ ဂျစ်ဂျစ် ဆိုသော ညီက “အညာမုန့်ပျားသလက်”စားချင်သည်ဆို၍ သူ့ မိန်းမက သွားဝယ် ပေးကြောင်း၊ အညာ မုန့် ပျားသလက်၏ ထုံးစံမှာ အသားထူကာ အလယ်မှာ အနည်းငယ် မို့ မောက်လျက် ရှိရာ ခပ်ပြားပြားမှသာ စားချင်သည် ဆို၍ ထပ်မံ၍ ခပ်ပြားပြား လုပ်ပေးရကြောင်း၊ သို့ သော် မုန့် ပျားသလက် ဖင်က ကြွပ်နေမှဟု ဆိုပြန်၍ သူ့ မိန်းမ ကိုယ်တိုင် လုပ်ပေးရကြောင်း၊ တစ်ခါ မော်စီဆိုသော ညီကျပြန်တော့ အသားဟင်းချက်လျှင် ဆီပြန်မှ၊ အတုံး ကြီးကြီးလည်း မစား ချင်ဘူး၊ အနေတော် အတုံးအရွယ်မှသာ စားချင်သည် ဆို၍ အမေ့မှာ စိတ်ရှည်ရှည်ဖြင့် ကျွေးခဲ့ရကြောင်း၊ ထမင်းစားလျှင် ဘာပါမှ ညာပါမှ ဆိုသည်နှင့် ပတ်သက်၍ နိပါတ်တော်မှာ ပါသော နိကြေဓသမင်မင်း ဇာတ်တော်ကို သတိရမိကြောင်း ပြောပြ လိုက်ပါသည်။         

  သမင်သားကိုမှ မက်မောလှသော၊ သမင်သား မပါလျှင် ပွဲတော်မတည်သော ဗြဟ္မဒတ်မင်းကြောင့် သမင်များ သေကြေရသည့်အပြင် လူတို့၏ လုပ်ခင်းကိုင်းခင်းများပါ ပျက်စီးရသောကြောင့် သမင်အားလုံး ဥယျာဉ်တွင်း သွင်းပြီး တစ်နေ့ လျှင် တစ်ကောင်ကျစီ လည်စင်းပြီး အသတ်ခံကြရသည်။ တစ်နေ့ သော် ကိုယ်ဝန်ရှိနေသည့် သမင်မမှာ ရင်သွေးအတွက် ကြေကွဲရသော ကြောင့် အလောင်းတော် သမင်မင်းထံ အသနားခံသည်။ ထိုအခါ အလောင်းတော်က သမင်မ၏ ကိုယ်စား စဉ်တီတုံးတွင် လည်စင်းပြီး ပေးခဲ့သည်။ ထိုအခါတွင်မှ ဗြဟ္မဒတ်မင်းက အလောင်းတော်၏ ပရဟိတစိတ်ကို ကြည်ညိုလှသဖြင့် သမင်အားလုံး ဘေးမဲ့ ချမ်းသာ ပေးခဲ့သည်။                                                                                                                                           အမှန်မှာ“ရောင့်ရဲလွယ်နိုင်ရမည်”ဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှု အလွန်အားနည်းကြသူများ ဆင်ခြင်တုံတရား ထားနိုင်ကြဖို့ ဖြစ်ပါသည်။ ရောင့်ရဲလွယ်သည့် နေရာတွင် စံပြုလောက်သော ဆရာတော် တစ်ပါးရှိခဲ့ဘူးပါသည်။ မတ္တရာ ဆရာတော်သည် မည်သည့်ဟင်း၊ ထမင်းနှင့်ဆွမ်းကပ်သည် ဖြစ်စေ၊ အစဉ်အမြဲ အကောင်းဘက်ကသာ ပြောလေ့ ရှိပါသည်။ အကယ်၍ ဟင်းက ငန် နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ဟင်းက ပေါ့နေလျှင် ရေငတ်ပြေတာပေါ့ဟု ပြောတတ်ပါသည်။
အကယ်၍ ထမင်းက ပျော့နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ထမင်းက မာနေလျှင် ခပ်တောင့်တောင့်လေး စားရတာပေါ့ဟု ပြောပါသည်။ ဆရာတော်သည် ကောင်းသောဘက်မှ 
တွေးလေ့ရှိပြီး၊ ရှိတာနှင့် ကျေနပ်သော သဘော ရှိပါသည်။ မရောင့်ရဲ နိုင်သူများ အဖို့ ကိုယ်လည်း ဒုက္ခရောက်၊ ပတ်ဝန်းကျင်လည်း ဒုက္ခရောက်ကြ ရပါသည်။     
                                                                                              ထို့ ပြင် ရောင့်ရဲခြင်းတွင် လေးစားလောက်သော အဘိုးကြီး တစ်ယောက်နှင့်လည်း ကြုံတွေ့ ခဲ့ဖူးပါသည်။
 တောင်ဥက္က လာတွင် ဗေဒင်ဟောသော အဘိုးကြီး တစ်ယောက် ရှိပါသည်။ သူ့ ကိုယ်ပိုင် နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး ပေါ်တွင် တစ်ဦးတည်း အေးအေးချမ်းချမ်း နေထိုင်ပါသည်။ သူ စောင့်ရှောက်ထားသော လင်မယား နှစ်ယောက်က အောက်ထပ်မှာ နေပါသည်။ ယင်း လင်မယားက ထမင်း-ဟင်း ချက်ပြုတ် ကျွေးပါသည်။ အဘိုးကြီးသည် ထို လင်မယား ချက်ကျွေးသည်ကိုသာ စားပါသည်။ အဘိုး ကြီးက “ဘာစားချင်သည်၊ ဘာချက်ကျွေးပါ”ဟု မည်သည့် အခါမျှ မပြောပါ။ အကယ်၍ ကျန်းမာရေးနှင့် မသင့်သည့် ဟင်း ပါလာပါ က ထိုဟင်းကို မစားဘဲ သူ့ တွင် အသင့်ဆောင်ထားသော နှမ်းဆီကို ဆမ်းကာ ဆားဖြူး၍သာ စားပါသည်။ ယင်းသို့ ရောင့်ရဲလွယ်သည့်အတွက် ကိုယ်လည်း ဒုက္ခ မများသည့် အပြင် သူတစ်ပါးလည်း ဒုက္ခ မများရတော့ပါ။ သို့ သော် ထပ်မံ ဖြည့်စွက် တင်ပြရပါလျှင် ရောင့်ရဲခြင်း ဆိုသည်ကို ငါးပိချက်နှင့်ပင် အမြဲ စားနေရမည်။ ငါးပိချက်နှင့်ပင် တင်းတိမ် နေရမည်။ အသားဟင်း စားနိုင်အောင် မကြိုးစားရဘူးဟု တလွဲ အဓိပ္ပာယ် အကောက်မမှား ကြရန် အထူး လိုအပ်ပါ သည်။ “မိန်းကလေးပဲ…ရေးတတ်ဖတ်တတ်လျှင်၊ ၄-တန်းလောက် အောင်လျှင် တော်ရောပေါ့၊ အဆင့်မြင့် ပညာသင်စရာ မလိုပါ ဘူး ”(ရောင့်ရဲခြင်း ဆန်ဆန်)သဘောထား လွဲမှား နေသည်တို့ကိုလည်း
 တွေ့ ရတတ်ပါသည်။ ဗုဒ္ဓဘာသာသည် ဘဝကြီးမား တိုးတက်ရေး အတွက် ၃၈-ဖြာ မင်္ဂလာ တရားတော်ပါ “ရောင့်ရဲခြင်း”ဆိုသည်ကို မှန်မှန် ကန်ကန် နားလည်ကြပါမှ အကျိုးထင် အရာရောက်ကြမည် ဖြစ်ပါသည်။ အနှစ်ချုပ် ရပါက ဗုဒ္ဓတရားတော်၏ အဆီ အနှစ်ကို သေသေချာချာ သိရှိပြီး ၃၈-ဖြာ မင်္ဂလာတရားတော်ပါ “ ရောင့်ရဲ ခြင်း”ဆိုသည်ကို မှန်မှန်ကန်ကန် နားလည်ကြပါမှ အကျိုးထင်အရာရောက်ကြမည် ဖြစ်ပါသည်။
                                         
  စိုးဝင်း(ချောက်)                                                                                 
 မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ       

No comments: