Sunday, December 30, 2012

နှစ်ဆန်းတစ်ရက်နေ့

နှစ်ဟောင်းလွန်၍  နှစ်သစ်ဆန်းစ ပထမနေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု ခေါ်ကြသည်။အချို့ကလည်း နှစ်ဟောင်းမှ
 နှစ်သစ်သို့ ကူးပြောင်းသည့်နေ့ဖြစ်သဖြင့် နှစ်သစ်ကူးနေ့ဟု ခေါ်ကြသည်။ ယင်းနေ့ကို မင်္ဂလာရှိသော နေ့ထူး နေ့မြတ် အဖြစ် နိုင်ငံတိုင်း၌ ကိုယ့်ဓလေ့နှင့်ကိုယ် ကျင်းပကြကာ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ပင် ထားကြသည်။

ကမ္ဘာပေါ်တွင် လူမျိုးအလိုက် ဘာသာအလိုက် ကိုယ်စရိုက် ကိုယ့်ဘာသာနှင့် နှစ်များကို ရေတွက်သည့် အစဉ်အလာသည် လူ့ယဉ်ကျေးမှု ထွန်းကားသည့် အချိန်မှစ၍ ရှိလာခဲ့သည်။ နှစ်ဟူသည့် အပိုင်းအခြားကို သတ်မှတ်သည့်အစဉ်အလာ  ရှိချိန်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ဟူသော ဝေါဟာရ ပေါ်လာသည်ဟု ယေဘုယျအားဖြင့် ယူဆရန်ရှိသော်လည်း မည်သည့် ခုနှစ် သက္ကရာဇ်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကျင်းပ ခဲ့သည်ကိုမူ တတ်အပ် မဆိုနိုင်ချေ။

အဟောင်းမှ အသစ်သို့ပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ ထို့ကြောင့် နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာ-ဟု အများက လက်ခံကြသည်။ ယင်းသို့ မင်္ဂလာရှိသောနေ့ကို သတ်မှတ်ပုံ၊ ကြိုဆိုပုံ၊ ကျင်းပပုံချင်းကား လူတမျိုးနှင့်တမျိုး မတူကြချေ။
အချို့ကား ဧပြီလထဲတွင် နှစ်ဆန်း၍၊ အချို့ကား ဇန်နဝါရီလတွင် နှစ်ဆန်းသည်။
ကြိုဆိုကျင်းပနည်းလည်း ရိုးရာဓလေ့ ထုံးစံအလိုက် ကွဲပြားကြသည်။
အချို့သူတို့၏ နှစ်ဆန်းပွဲတွင် ရေကစား၍ အချို့က မီးထွန်းကြသည်။ အချို့က ကခုန်ကြ၍ အချို့က ဘုရားရှိခိုး ဆုတောင်းပွဲ ပြု့သည်။ အချို့ကမူ မီးအိုး မီးပန်းများ ပစ်ဖောက်ကြသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဆန်းသည့်အချိန်တွင်
နှစ်ဟောင်းမှ အညစ်အကြေးတို့ကို ဆေးကြော ပယ်ဖျက်လိုခြင်း၊ တစ်နှစ်ကုန်၍ အသက် ဝါ-စသည် ကြီးရင့်လာစသည်ကို အသိအမှတ် ပြုထားသည့် လက္ခဏာဖြင့် သက်ကြီးဝါကြီး မိဖ ဘိုးဘွားတို့အား ပူဇော်ဂါရဝပြုခြင်း၊ ဘာသာဓလေ့များအရ စိတ်ကောင်း မွေး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့၌ကား တသဘောတည်း နှင်နှင် ဖြစ်ကြသည်။

လွန်ခဲ့သည်နှစ်ထောင်ပေါင်းများစွာကအီဂျစ်လူမျိုးတို့၏နှစ်ဆန်းတစ်ရက်နေ့သည် နိုင်းမြစ်ရေလျှံသည့် ဇွန်လလယ်မှ နေ့တနေ့ဖြစ်သည်။
ရှေးရောမလူမျိုးတို့ကမူ မတ်လ၁-ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ခဲ့ကြသော်လည်း ဂျူးလယပ် ဆီဇာက
တံခါးပေါက်များနှင့် အစနှင့်အဆုံးကို အစိုးရသော ဂျေးနပ် နတ်မင်းအား ဂုဏ်ပြုသောအားဖြင့် ယင်းကို အစွဲပြု မှည့်ထားသော ဇန်နဝါရီလ ၁-ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်လိုက်လေသည်။
အင်္ဂလန်ပြည်တွင်မူ ရောမတို့ ဝင်ရောက် မသိမ်းပိုက်မီက ဒီဇင်ဘာ ၂၅-ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
ရောမတို့ အင်္ဂလန်ပြည်ကို ဝင်ရောက် သိမ်းပိုက်ပြီးနောက်မှ ရောမတို့ နည်းတူ ဇန်နဝါရီလ ၁-ရက်နေ့ကို နှစ်ဆန်း တစ်ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်လေသည်။
အလယ်ခေတ်လောက်က ခရစ်ယစ်အယူဝါဒီတို့၏ နှစ်ဆန်းတစ်ရက်နေ့သည် မတ်လ ၂၅-ရက်နေ့ ဖြစ်သည်။ ၁၅၈၂-ခုနှစ်တွင် ဂရက်ဂရီယန် ပြက္ခဒိန်ကို ရောမကက်သလစ်ဂိုဏ်းဝင်တို့ လက်ခံအသုံးပြုလိုက်သည့် အချိန်မှစ၍ ဇန်နဝါရီ ၁-ရက်နေ့ကို နှစဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်လိုက်ကြသည်။
ယခုအခါ၌မူ ဇန်နဝါရီလ ၁-ရက်နေ့သည် ကမ္ဘာ့နှစ်ဆန်း တစ်ရက်နေ့သဘွယ်ဖြစ်နေလေပြီ။

ထိုင်းနိုင်ငံ၌မူ နှစ်ဆန်းတစ်ရက်နေ့ကို အမျိုးမျိုး တွက်ကြသည်။ ယင်းသို့ ကွဲပြားချက်များအနက် ယိုးဒယားနှစ်၏ လေးလနှင့် ငါးလတို့၏ အကူးတွင် ကျင်းပသောပွဲကား လူထု၏ နှစ်သစ်ကူးပွဲပင် ဖြစ်သည်။ ယင်းလအတွင်းရှိ လကွယ်နေ့၊ လဆန်း ၁-ရက်နေ့၊ လဆန်း ၂-ရက်နေ့တို့တွင် မည်သည့်နေ့ရက်၌ နှစ်သစ်ကူးရန် အခါတော် ကျရောက်သည်ကို ပုဏ္ဏားဟူးရားတို့က တွက်၍ နှစ်ဆန်းတစ်ရက်နေ့ကို သတ်မှတ်ပေးသည်။ ယင်းသို့ တွက်ချက်သတ်မှတ်ပေးသည့် အစဉ်အလာသည် အိန္ဒိယနိုင်ငံမှ ရရှိခဲ့ဟန် တူသည်။ အိန္ဒိယနိုင်ငံ၌မူ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက်နှင့် နေထိုင်သော ဒေသအလိုက် နှစ်ဆန်းချိန် ကွဲပြားသည်။
ဗင်္ဂလားနှင့် အာသံပြည်နယ်တို့တွင် ဧပြီလ၌ နှစ်သစ်ဆန်းသည်။
ပါရစီ လူမျိုးတို့၏ နှစ်သစ်ကူးချိန်သည် စက်တင်ဘာလ ၅-ရက်နေ့ဖြစ်၍ ဟိန္ဒူအယူဝါဒီ အချို့၏ နှစ်ကူးချိန်သည် နိုဝင်ဘာလတွင် ကျရောက်၍ ဒေဝါလီ မီးထွန်းပွဲဟု ခေါ်ကြသည်။

အချို့ ဟိန္ဒူတို့မူကား ဟိန္ဒူပြက္ခဒိန်၏ ဆယ့်တစ်လမြောက် ဖြစ်သော ဖာဂွန်းလတွင် ကျင်းပလေ့ရှိသည်။
ယင်းကို ဟူလီ ပွဲတော်ဟု ခေါ်သည်။
တရုတ်တို့၏ နှစ်သစ်ကူး ပွဲတော်သည် ဖေဖော်ဝါရီလအတွင်း၌ ဖြစ်၍ မြန်မာတို့၏ နှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၆-ရက်၊ သို့မဟုတ်-၁၇-ရက်နေ့ခန့်တွင် ကျရောက်တတ်သည်။ ပြက္ခဒိန်တော်ဆက် အဖွဲ့က မည်သည့်နေ့ မည်သည့်အချိန်တွင် နှစ်သစ်ဆန်းမည်ကို တွက်ချက် သတ်မှတ်ရသည်။ အိန္ဒိယနိုင်ငံမှ အစဉ်အလာကဲ့သို့ပင် ဖြစ်သည်။

နှစ်ဆန်းချိန် လူတစ်မျိုးနှင့် တစ်မျိုး မတူကြသကဲ့သို့ပင် နှစ်ဆန်းပွဲတော် ကျင်းပပုံချင်းလည်း မတူကြချေ။ မြန်မာလူမျိုးတို့၏ နှစ်ကူးပွဲတော်ကို သင်္ကြန်-ဟု ခေါ်သည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည် ဟူသော အနက်အဓိပ္ပါယ ရသည်။ နှစ်သစ်ကို ကြိုဆိုသည့် သဘောဖြင့် မြန်မာလူမျိုးတို့သည် ရေပက်ကစားကြသည်။
လာမည့် နှစ်သစ်တွင် အညစ်အကြေး ဘေးဘယာများ ကင်းစင်၍ ကြည်လင်အေးမြစေရန် ရည်သန်သည့်သဘော
 ဖြစ်သည်။ လူကြီး မိဘ ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ အိမ်တွင်း အိမ်ပြင်ရှိ အညစ်အကြေး အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးလျှော်ခြင်း၊ စေတီ ပုထိုး ကျောင်းကန်များသို့ ထွက်၍ ဥပုသ်သီတင်း
 ဆောက်တည်ကာ ဒါနပြုခြင်း၊ ဘုရား ပုထိုး ရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်းများ ပြုလုပ်ကြသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရရှိသော ငွေကြေးကို အမှတ်တရ သိမ်းခြင်း၊ ငွေကုန်ကြေးကျ မများအောင် ထိမ်းသိမ်းခြင်းများ ပြုသည့် ဓလေ့ မြန်မာတို့၌ ရှိသည်။
 ( အကျယ်ကို မြန်မာ့စွယ်စုံကျမ်း အတွဲ-၆ တွင် ကြည့်ပါလေ)

No comments: