ကိုအောင်သိန်း။
အသက်က သုံးဆယ်ဝန်းကျင်၊ ကလေး
တစ်ယောက် အဖေ၊ အသားညိုညို၊ အရပ် မနိမ့်မမြင့်၊ ဗလကောင်းကောင်း၊ ရုပ်ကကြမ်းကြမ်းဖြစ်၏။
သူ့ ကို မြင်သည်နှင့် အများက ရှောင်ကြသည်။ သူသည် အရက်မူးလာလျှင် အဝေးက ရှောင်ပေတော့။ တွေ့ သူတိုင်း ကြမ်းတမ်းစွာ အကျိန်အဆဲ ခံရတတ်သည်။ မခံချင်၍ ပြန်ပြောလျှင် တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်ရသည်။ ကိုအောင်သိန်းသည် တောင်သူ ဆိုသော်လည်း လက်ကြော တင်းသူ မဟုတ်ပေ။ အလုပ်ကို မစူးစိုက်။ အရက်ကို မိုးမလင်းခင် သောက်၍ ပေတေနေသဖြင့် မိဘက အိမ်ပေါ်မှ နှင်ချလိုက်သည်။ သို့ သော် သူက ဂရုမစိုက်။ မိန်းမနှင့် ကလေးကို ခေါ်ပြီး ရွာအနောက်ဘက် ဆူးဖြူကုန်းချောင်းဘေးတွင် တဲထိုး၍ သွား နေသည်။ သူသည် နေ့ စဉ် ရွာထဲသို့ လာပြီး အရက်သောက်သည်။မူးလာလျှင် ရွာရိုးကိုးပေါက် လျှောက်၍ ဆဲဆို ကြိမ်းမောင်း သည်။ ဆဲဆိုပြီးမှ တဲသို့ ပြန်သည်။ ထို့ ကြောင့် တစ်ရွာလုံးက သူ့ ကို အော့နှလုံး နာပြီး ကြောက်နေကြသည်။
ဖခင်ဖြစ်သူ ဦးညိုမောင်က အရက်မသောက်ရန် ဆုံးမသည့် အခါ “ခင်ဗျားကြီး အသာနေစမ်းပါဗျာ၊ကျုပ်ကို လာပြီး ဆုံးမ မနေနဲ့ ”ဟု အဖေဖြစ်သူကို ပြန်ပြောသည်။ အစ်ကိုကြီး ဖြစ်သူ ကိုအောင်ငြိမ်းက ဆုံးမရင်လည်း “ကိုယ့်ဟာကိုယ် သောက်တာ မင်းအပူလား၊ မင်းနဲ့ ဘာဆိုင်လို့ လဲ၊ ငါ့ လာပြီး ဆရာမလုပ်နဲ့ ”ဟု ပြောပြန်သည်။ သားနှစ်ယောက် စကားများသော အသံကို ကြား၍ ရောက်လာသော ဖခင်ဖြစ်သူက
“သား ဒီလို မပြောရဘူးကွဲ့ ၊ မင်းအစ်ကိုက ကောင်းစေချင်လို့ ဆုံးမတာကို နားထောင်ရ မှာပေါ့ သားရယ်၊ အဖေ တောင်းပန်ပါတယ်ကွာ။ ဤသို့ ပြောပြီး မျက်ရည်စမ်းစမ်းနှင့် တုန်တုန်ယင်ယင် တောင်းပန်နေသော ဖခင်ဖြစ်သူအား- “ခင်ဗျားကြီး အပိုတွေ လာပြောမနေနဲ့ ။ကျုပ်တို့ မိသားစုကို အိမ်ပေါ်က နှင်ချတာ လုံးဝ မကျေနပ်ဘူး၊အကုန်လုံး သတ် ပစ် မှ အေးမှာ။” ဤသို့  ကြိမ်းဝါးပြီး ကိုအောင်သိန်း တစ်ယောက် မကျေမချမ်းနှင့် တဲဆီသို့ပြန်သွားတော့သည်။ နံနက် ကတည်းက မိုးတဖွဲဖွဲ ရွာနေသည်။ညနေ သုံးနာရီ အချိန်တွင် လေပြင်း တိုက်ခတ်လာခဲ့သည်။လေပြင်းနှင့် အတူ မိုးက ပို၍ပို၍ သည်းလာသည်။ ဇနီး ဖြစ်သူ မအေးရီက မီးမွှေး၍ ထမင်းအိုး တည်သည်။ကိုအောင်သိန်းက ကလေးကို ပွေ့ ချီပြီး တဲအပြင်တွင် ထိုင် လျက် ဆူးဖြူကုန်းချောင်း ရေတိုးနေသည်ကို ငေးကြည့်နေသည်။
ဝင်းခနဲ လျှပ်စီးလက်သွားသည်နှင့် မအေးရီကို တစ်စုံတစ်ဦးက ဆောင့်တွန်းလိုက်သလို လွင့်စဉ် သွားခဲ့သည်။ချက်ချင်း ဆိုသလို ခြိမ်းခနဲ မိုးကြိုးပစ်သံကြီး ကျယ်လောင် တုန်ဟည်းစွာ ကြားလိုက်ရသည်။ အင့်ခနဲ သားကလေး ငိုသံကြားသဖြင့် တဲအပြင်သို့ မအေးရီ ထွက်လိုက်သောအခါ တစ်ကိုယ်လုံး မည်းလျက် ရုပ်ပျက် ဆင်းပျက် ပက်လက်လန် လဲကျ သေဆုံးနေသော ကိုအောင်သိန်းကို တွေ့ လိုက်ရသည်။သို့ သော် ကလေးကတော့ ဘာမှ မဖြစ် ပေ။ မိုးကြိုးပစ်၍ သေဆုံးသူ ကိုအောင်သိန်း၏ အလောင်းကို နေ့ ချင်းပင် ရွာအနောက်ဘက်ရှိ သင်္ချိုင်းသို့ ပို့ ဆောင်ခဲ့ကြ သည်။ အလောင်း မြေမြှုပ်သင်္ဂြိုဟ် ပြီးသည်နှင့် အလောင်းမြှူပ်နှံရာသို့ တစ်ဖန် မိုးကြိုးတစ်ချက် ပစ်ပြန်သည်။ ထိုနေ့ က မပြစ်မှား ထိုက်သော မိဘအား ပြစ်မှား၍ မိုးကြိုး နှစ်ကြိမ် အပစ်ခံရသည်ကို မျက်မြင် ကြုံတွေ့ ကြသူ အားလုံး သတိသံဝေဂ ရရှိသွားခဲ့ကြလေသည်။
ခင်မောင်တင်(ဝဲလောင်) မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ

No comments:
Post a Comment