Thursday, March 29, 2012

စည်းနဲ့ကမ်းနဲ့ မြန်မာစာ

ညီလေး
အရင်တလောက ကိုကြီးရေးလိုက်တဲ့ “အကဲခတ် နဲ့ အကဲခပ်”အကြောင်း စာထဲမှာ “စုတူသတ် စနစ်” အကြောင်း ပါသွားတော့ သီလေးက စိတ်ဝင်စားပြီး နည်းနည်းလောက် ချဲ့ပြီးရှင်းပြပေးပါလို့ တောင်းဆိုလာလို့ ဒီစာကို ဆက်ရေးလိုက်တာပါ။ “စုတူသတ်စနစ်” အကြောင်း ညီလေး စိတ်ဝင်စားတာ ဝမ်းသာပါတယ်။ ညီလေး စာစိတ်ပေစိတ် ဝင်လာတာကို ချီးကျူးကြိုဆိုပါတယ်။

တကယ်တော့ “စုတူသတ်စနစ်”ဆိုတာ ကိုကြီး ပေးထားတဲ့ နာမည်ပါ။ နာမည်ကိုသာ ပေးတာနော်။ ဒီစနစ်ကတော့ မြန်မာစကား၊ မြန်မာစာမှာ နဂိုကတည်းက ရှိပြီးသားစနစ်ပါ။ စနစ်နာမည် တပ်လို့ပဲ ဖြစ်ဖြစ်၊ စနစ်နာမည် မတ်ဘဲပဲ ဖြစ်ဖြစ်၊ ဒီစနစ်ကို သုံးနေကြပါတယ်။ ဒီစနစ်ကလည်း မြန်မာစကား မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့နဲ့ အနက်အဓိပ္ပါယ်သိဖို့ အလွန်ကောင်းတဲ့စနစ် ဖြစ်နေတာကိုး၊ ဆရာတော် ဦးကောသလ္လကတော့ “ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစာလုံးပေါင်း ပြောင်းထုံးကျမ်း(၁၉၈၅)မှာ အက္ခရာ ဖိုမ ပြောင်းလဲခြင်း”လို့ ခေါ်ထားလေရဲ့။

“စုတူသတ်စနစ်”လို့ နာမည်ပေးရတဲ့အကြောင်းကစပြီး ရှင်းပြပါမယ်။ မြန်မာစာမှာ အသတ် ၁၀-ပါး ရှိတာကို ညီလေးသိပါတယ်။ က-သတ်၊ င-သတ်၊ စ-သတ်၊ ည-သတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ယ-သတ်၊ ဝ-သတ်၊ ဆိုတာတွေပေါ့။ 
ဒါက ရှေးအစဉ်အလာ သတ်မှတ်ခဲ့ကြတဲ့ မြန်မာအသတ် ၁၀-ပါး။ အခုသတ်မှတ်ထားတာလည်း အသတ် ၁၀-ပါးပဲ။ အဲဒါတွေကတော့ က-သတ်၊ င-သတ်၊ စ-သတ်၊ ဉ-သတ်၊ ည-သတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ယ-သတ်၊ ဆိုတာတွေပါ။
ရှေးအစဉ်အလာ မြန်မာအသတ် ၁၀-ပါးထဲမှာ ဝ-သတ်ပါတယ်၊ ဉ-သတ် မပါဘူး၊ အခု သတ်မှတ်တဲ့ အသတ် ၁၀-ပါးမှာတော့ ဝ-သတ် မပါဘူး၊ ဉ-သတ်ပါတယ်။ ဆယ်ပါးတော့ ဆယ်ပါးချည်းပဲ။

မြန်မာမှာ-
က၊ ခ၊ ဂ၊ ဃ၊ င-ဆိုတဲ့ က-ဝဂ် ဗျည်း ၅-လုံး
စ၊ ဆ၊ ဇ၊ ဈ၊ ည-ဆိုတဲ့ စ-ဝဂ် ဗျည်း ၅-လုံး
ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ-ဆိုတဲ့ ဋ-ဝဂ် ဗျည်း ၅-လုံး
တ၊ ထ၊ ဒ၊ ဓ၊ န-ဆိုတဲ့ တ-ဝဂ် ဗျည်း ၅-လုံး
ပ၊ ဖ၊ ဗ၊ ဘ၊ မ-ဆိုတဲ့ ပ-ဝဂ် ဗျည်း ၅-လုံး
ရယ်လို့ ဝဂ်ဗျည်း ၂၅-လုံးရှိတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဋ-ဝဂ်ဗျည်း ၅-လုံးကိုတော့ ပါဠိဗျည်းသက်သက်ဖြစ်လို့ ချန်ထားရပါတယ်။ အဲဒီတော့ မြန်မာမှာ ဝဂ်ဗျည်း (၂၀) ရှိတယ်ဆိုပါစို့၊ (သဒ္ဒဗေဒသဘောအရ မြန်မာဗျည်းတွေအကြောင်း အလျဉ်းသင့်တဲ့အခါ ရှင်းပြပါဦးမယ်) အဲဒီဝဂ်ဗျည်း (၂၀)မှာ  မြန်မာမှုအရ အသတ်ဗျည်းတွေက ၈-လုံး ရှိပါတယ်။

အဲဒါတွေကတော့---
က-ဝဂ်မှာ က-သတ်နဲ့ င-သတ်၊ ဝဂ်တူ၊ အစုတူ၊
စ-ဝဂ်မှာ စ-သတ်နဲ့ ည-သတ်၊ ဝဂ်တူ၊ အစုတူ၊
တ-ဝဂ်မှာ တ-သတ်နဲ့ န-သတ်၊ ဝဂ်တူ၊ အစုတူ၊
ပ-ဝဂ်မှာ ပ-သတ်နဲ့ မ-သတ်၊ ဝဂ်တူ၊ အစုတူ၊ တို့ ဖြစ်ပါတယ်။
စ-ဝဂ်က ည-ဆိုတာမှာ ဉ-ကလေးသတ်နဲ့  ည-ကြီးသတ်ဆိုတဲ့ နှစ်မျိုးလုံးကို ထည့်ရပါတယ်။ အဲဒီလိုဆိုရင်တော့ မြန်မာအရ အသတ်ဗျည်း ၉-လုံးပေါ့။
က-သတ်၊ င-သတ်၊ စ-သတ်၊ ဉ-ကလေးသတ်၊ ည-ကြီးသတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ဆိုတာတွေပါပဲ။

ဒီလိုဆိုတော့ က-ဝဂ် က-အစုမှာ က နဲ့ င ဝဂ်တူ၊ အစုတူတာမို့ က-သတ်နဲ့ င-သတ်က စုတူသတ်ပေါ့။
အဲဒီလိုပဲ စ-ဝဂ်မှာ စ-သတ်နဲ့ ဉ-သတ်၊ ည-သတ် တို့က စုတူသတ်။
တ-ဝဂ်မှာ တ-သတ်နဲပ မ-သတ်တို့က စုတူသတ်။
ပ-ဝဂ်မှာ ပ-သတ်နဲ့ မ-သတ်တို့က စုတူသတ်တွေပဲ။
ဒီနေရာမှာ ညီလေးကို ထပ်မှာချင်တာကတော့ မ-သတ်နဲ့ သေးသေးတင်ကလည်း တူတာမို့  ပ-သတ်နဲ့ သေးသေးတင်ကိုလည်း စုတူသတ်လို့ ဆိုနိုင်ပါတယ်။
တနည်းပြောရရင်တော့ ပ-သတ်နဲ့ မ-သတ်၊ သို့မဟုတ် သေးသေးတင်ပေါ့။

ညီလေး ထပ်ပြီးမှတ်စရာတွေ ရှိသေးတယ်နော်။ အဲဒါကတော့
က-သတ် ၃-လုံး၊ င-သတ် ၉-လုံး၊
စ-သတ် ၁-လုံး၊ ဉ-သတ် ၃-လုံး၊ ည-သတ် ၃-လုံး၊
တ-သတ် ၃-လုံး၊ န-သတ် ၉-လုံး၊
ပ-သတ် ၃-လုံး၊ မ-သတ် ၉-လုံး ရှိတယ်ဆိုတာပါပဲ။ 

အဲဒီမှာ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်၊ (က၊ စ၊ တ၊ ပ၊ အသတ်) တွေကို ရှေးကတော့ “တိုင်သံ” လို့ ခေါ်ကြတယ်။ “သက်အောင့်သံ”လို့လည်း ခေါ်ကြသေးတယ်။ သံရပ်သရတွေကို ဖြစ်စေတာမို့ “ရပ်သံ”လို့လည်း ခေါ်မှာပေါ့လေ။
င-သတ်၊ ဉ-သတ်၊ ည-သတ်၊ န-သတ်၊ မ-သတ် ( င၊ ဉ၊ ည၊ န၊ မ-အသတ်တွေ) တွေကိုတော့ “နှာသံ”လို့ ခေါ်ပါတယ်။

အခု ကိုကြီးပြောနေတဲ့ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်တွေနဲ့ င-သတ်၊ ဉ-သတ်၊ ည-သတ်၊ န-သတ်၊ မ-သတ် ဆိုတာတွေဟာ ဝဂ်ဗျည်းသတ်တွေ၊ အစုဗျည်းသတ်တွေနော်။ အဲဒီ ဝဂ်ဗျည်း၊ အစုဗျည်းတွေမှာ ဝဂ်တူ၊ အစုတူ အသတ်ချင်း အနက်နှီးနွယ်ဆက်စပ်တယ်။ အနက်တူတယ်ဆိုတာကို ပြောချင်လို့ ဝဂ်တူသတ်၊ ဒါမှမဟုတ် စုတူသတ်စနစ်လို့ ခေါ်လိုက်တာပါပဲ။ ပိုပြီးမှတ်မိသွားအောင် ထပ်ပြီး ဇယားချကြည့်လိုက်ကြရအောင်။

ပထမက္ခရာသတ်.......ဝဂ္ဂန္တအက္ခရာသတ်...................................ဝဂ်အမည်-(အစုအမည်)............မှတ်ချက်
သက်အောင့်သံ.......သံရှည်..........သံတို..........သံလေး............
အက်.......................အင်................အင့်............အင်း.................ကဝဂ်................အနက်နှီးနွှယ်(သို့)အနက်တူ
အောက်..................အောင်............အောင့်.......အောင်း................က-ဝဂ်.......................................။...
အိုက်.......................အိုင်................အိုင့်............အိုင်း..................က-ဝဂ်.......................................။
အစ်.........................အဉ်................အဥ့်............အဉ်း...................စ-ဝဂ်........................................။
      .........................အည်..............အည့်..........အည်း.................စ-ဝဂ်.........................................။
အတ်........................အန်...............အန့်............အန်း...................တ-ဝဂ်.......................................။
အိတ်........................အိန်...............အိန့်............အိန်း....................တ-ဝဂ်......................................။
အုတ်........................အုန်................အုန့်...........အုန်း....................တ-ဝဂ်......................................။
အပ်..........................အမ်(အံ).........အမ့်(အံ့)....အမ်း....................ပ-ဝဂ်........................................။
အိပ်..........................အိမ်.................အိမ့်...........အိမ်း...................ပ-ဝဂ်........................................။
အုပ်..........................အုမ်(အုံ)..........အုမ့်(အုံ့)....အုမ်း(အုံး)...........ပ-ဝဂ်........................................။

အဲဒီတော့ ဇယားကြည့်တာနဲ့ က-ဝဂ် (က-အစု) မှာ အက် နဲ့ အင်၊ အင့်၊ အင်း၊
အောက် နဲ့ အောင်၊ အောင့်၊ အောင်း၊
အိုက် နဲ့ အိုင်၊ အိုင့်၊ အိုင်း-တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။

စ-ဝဂ် (စ-အစု) မှာ အစ် နဲ့ အဉ်၊ အဥ့်၊ အဉ်း၊
အည်၊ အည့်၊ အည်း-တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်။ တူညီတယ်။
တ-ဝဂ် (တ-အစု)မှာ အတ် နဲ့ အန်၊ အန့်၊ အန်း၊
အိတ် နဲ့ အိန်၊ အိန့်၊ အိန်း၊
အုတ် နဲ့ အုန်၊ အုန့်၊ အုန်း-တို့အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။
ပ-ဝဂ် (ပ-အစု)မှာ အပ် နဲ့ အမ်၊ အမ့်၊ အမ်း၊ (အံ၊ အံ့)
အိပ် နဲ့ အိမ်၊ အိမ့်၊ အိမ်း၊ နဲ့ အုမ်၊ အုမ့်၊ အုမ်း၊ (အုံ၊ အုံ့၊ အုံး) အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ် ဆိုတာတွေကို သိနိုင်လောက်တယ်ထင်ပါရဲ့။

အဲဒီ “စုတူသတ်စနစ်”ကိုသိရင် စုတူသတ်ရဲ့ သဘောသဘာဝ-ကို သိရင် မြန်မာစာမှာ အထူးသဖြင့် အသတ်အလတ်ကိစ္စမှာလည်း ပိုင်-မယ်။ မြန်မာစာ မြန်မာစကားရဲ့ အနက်အဓိပ္ပါယ်အရာမှာလဲ နိုင်-မယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ အကဲခတ် နဲ့ အကဲခပ်-အကြောင်းပြောတုန်းက အကဲခတ်-ကို တ-သတ်၊ ခတ်နဲ့ရေးမှ သင့်တယ်။ မှန်တယ်ဆိုတာဟာ အကဲခတ်-ကို အကဲခန့်-နဲ့ ဖလှယ်ပြီး အကဲကို ခန့်မှန်းတယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ရတယ်ဆိုတာ အခြေခံပြီး ပြောခဲ့တာပဲ။ အကဲကို ခန့်မှန်းတယ်၊ အကဲခန့်တယ်၊ အကဲခတ်တယ်ပေါ့၊ အကဲကို တီးခတ်၊ တီးခေါက်တဲ့အနက်နဲ့ ကြံရင်လည်း အကဲခတ်-လို့ တ-သတ် ခတ်-နဲ့ ရေးရမှာပဲ မဟုတ်လား။ ကဲ စုသူသတ်စနစ်ဟာ မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံနဲ့ အနက်အဓိပ္ပါယ်ဆိုင်ရာတွေမှာ တနည်းပြောရရင် မြန်မာစာမှာ အရေးနဲ့အနက်မှာ ဘယ်လောက်အသုံးဝင် အရာရောက်သလဲဆိုတာ သာဓကလေးတွေနဲ့ ကြည့်လိုက်ကြရအောင်၊ က-သတ်နဲ့ င-သတ်က စလိုက်ကြတာပေါ့။

က-သတ်မှာ အက်၊ အောက်၊ အိုက်-လို့ က-သတ် ၃-လုံး ရှိတယ်နော်။
င-သတ်ကတော့ အင်၊အင့်၊ အင်း။ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း-ရယ်လို့ ၉-လုံးပေါ့။
အက်,အင်၊ အင့်၊ အင်း
က-သတ် အက် ကာရန်နဲ့ င-သတ် အင်၊ အင့်၊ အင်း ကာရန်တွေ အနက်နှီးနွှယ် ဆက်စပ်တာ၊ အနက်တူတာကို သာဓကလေးတွေနဲ့ ရှင်းပြပါမယ်။

မြန်မာစာ၊ မြန်မာစကားမှာ “လေ့ကျက်၊ လေ့ကျင့်”ဆိုတဲ့ စကားနှစ်လုံးရှိတာ ညီလေးသိပြီးသားပါ။ အဲဒီစကားနှစ်လုံးဟာ မူလအနက်အားဖြင့်တော့ တသဘောတည်းပါပဲ။ ကျက် နဲ့ ကျင့်က က-သတ်နဲ့ င-သတ် စုတူသတ်လေ။ တဆက်တည်း တစပ်တည်း တဝဲလည်လည်၊ ဖန်တလဲလဲ ပြုလုပ်တဲ့ အနက်ရှိတယ်။
(စာ)ကျက်တယ်ဆိုတာ (စာကို) နှုတ်တက်ရအောင် စွဲမြဲမှတ်မိအောင် ထပ်တလဲလဲ ကြိမ်ဖန်များစွာ ရွတ်ဆိုတာပဲ။
ကျင့်တယ်ဆိုတာလည်း အမှုအလုပ်တခုခုကို ကျွမ်းကျင်အောင် ထပ်တလဲလဲ ပြုမူတာပဲ မဟုတ်လား။ မူလအနက်သဘောတူတူပဲနော်။ ဒါပေမဲ့ အသုံးအနှုန်းအရ လေ့ကျက် နဲ့ လေ့ကျင့်ဟာ ရိုးတိုးရိပ်တိပ်တော့ အနက်ရိပ်ပြားတာကို မှတ်ထားဖို့ကောင်းတယ်။

မြန်မာစာအဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ လေ့ကျက်ကို စွဲမြဲအောင် အကြိမ်ကြိမ် ကြည့်ရှုမှတ်သားသည်-လို့ ဖွင့်ပြီး လေ့ကျင့်ကိုတော့ စွမ်းရည်တိုးအောင် အထပ်ထပ်အားထုတ်သည်-လို့ ဖွင့်ထားတယ်လေရဲ့။ ဒီနေရာမှာ လေ့ကျက် နဲ့ လေ့ကျင့်ကို အချို့က အနက်တူလို့တောင် ယူတတ်ကြတယ်။ အနက်တူ-လို့ မယူဘဲ အနက်နှီးနွှယ် ဆက်စပ်လောက်နဲ့ဆိုရင် သင့်မယ်ထင်ပါတယ်။

ကွက် နဲ့ ကွင်းလည်း စုတူသတ်၊ အနက်တူ ဆိုတာ ညီလေး တွေးမိပြီထင်ပါတယ်။ ကွက်ရော ကွင်းပါ တဆက်တည်း၊ တစပ်တည်းဖြစ်တဲ့ အနက်ရင်းကို အခြေခံတာပဲ။ အကွက် နဲ့ အကွင်း၊ လယ်ကွင်း နဲ့ လယ်ကွက်၊ ကွက်ကွက် နဲ့ ကွင်းကွင်း တို့ကတော့ က-သတ်၊ င-သတ် အနက်တူဆိုတာ ပေါ်လွင်တဲ့ သာဓကတွေပါ။ သွေကွက်က ကွက်နဲ့ ကွေကွင်းက ကွင်းတို့ အနက်တူကိုလည်း စဉ်းစားကြည့်နိုင်ပါတယ်။ သွေကွက်က ကွက်ဟာ သွေသွား၊ ဖည်သွား၊ ကွင်းသွားတာပဲ မဟုတ်လား။

ခက် နဲ့ ခင် လည်း စုတူသတ်၊အနက်တူပဲ ညီလေး။ အနက်ရင်းကတော့ ဆက်စပ်ပူးယှဉ် နှောင်ဖွဲ့တွဲချည်တဲ့ အနက်ပဲ။ ကြိုး၊ ကြိမ်၊ တမျိုးမျိုးနဲ့ ပူးတွဲချည်ဖွဲ့တာကို ကြိုးနဲ့ခက်တယ်၊ ကြိမ်နဲ့ ခက်တယ်လို့ ပြောတာ ညီလေးသိပါတယ်နော်။ ချည်မျှင်တွေကို ပေါင်းစည်းဖွဲ့ယှက် တွဲဖွဲ့ထားလိုက်ရင် ချည်ခင်မဖြစ်ပေဘူးလား။ ခက် နဲ့ ခင် အနက်တူတာ ထင်ရှားပါတယ်။ တဦးနဲ့တဦး သံယောဇဉ် ကြိုးနဲ့ ချည်ထား၊ နှောင်ထား၊ ဖွဲ့ထား၊ လက်ထားတာကို ခင် တယ်လို့ ပြောတာလည်း အလားတူပဲပေါ့။

တွက်ချက်တယ်၊ ချင့်တွယ်တယ်၊ ချင့်ချိန်တယ်-ဆိုတဲ့ စကားတွေမှာ ချက် နဲ့ ချင့် အနက်ရင်းတူတာကို သိနိုင်ပါတယ်။ ဂဏန်းပုစ္ဆာရဲ့ အဖြေကို ရှာတာကိုလည်း တွက်ချက်တယ်လို့ ဆိုတယ်။ တွက်ဆတဲ့သဘော၊ မှန်းဆတဲ့သဘော၊ ချင့်ချိန်တဲ့သဘောမှာလည်း တွက်ချက်ကို သုံးပါတယ်။ ချင့်ချိန်တယ်ဆိုတာကတော့ ကောင်း-မကောင်း၊ သင့်-မသင့် အစရှိတာကို တိုင်းဆ ဆင်ခြင်တာပါပဲ။ ချက် နဲ့ ချင့်-ဟာ စုတူသတ်၊ အနက်တူပေါ့။

ခွက်ရဲ့အနက်က မျက်နှာပြင် ချိုင့်ဝှမ်းတဲ့ အနက်ဖြစ်ပါတယ်။ ပက်လက်အနေအထား၊ ပက်လက်အနေအထားမှာ ချိုင့်ဝှမ်းတဲ့သဘောပါ။ ခွင် ရဲ့အနက်ကလည်း ကွေးတာ ကောက်တာ၊ ချိုင့်ဝှမ်းသဘောမျိုး ဖြစ်တာပါပဲ။ ဒေါင်လိုက်အနေအထား၊ မတ်မတ်အနေအထားမှာ ကွေးတာ ကိုင်းတာ မျိုးပါ။ ဒါကြောင့် ခြေထောက် နည်းနည်းကွေးတာကို ခြေခွင်တယ်၊ ခွင်တယ်-လို့ ဆိုကြတာပဲ။

ဒိုးကစားတဲ့အခါ ဒိုးစိုက်ဖို့ တွင်းရာကလေး၊ အခွက်ကလေး၊ လုပ်ထားရတယ် မဟုတ်လား။ အဲဒီအခွက်ကလေးကို ခွင်လို့ ခေါ်တာ ညီလေးသိပါတယ်။ ခွက် နဲ့ ခွင် စုတူသတ်ပေါ့။ ချိန်ခွင်မှာ ခွင်ရဲ့အနက်ကို က-သတ်နဲ့ ဖလှယ်လိုက်ရုံပါပဲ။ ခွင်-ဆိုတာ ခွက်နဲ့ အတူတူပဲလို့ သိသွားတာပေါ့။

အသားအရေ ချောမွေ့နူးညံ့တာမျိုး၊ အဆိုအက အရေးအသား ပြေပြစ်တာမျိုးကို ညက်တယ်လို့ ပြောကြတယ်။ အပြောအဆို အပြုအမူ ညက်ညောတာကို ညင်သာတယ်လို့ ဆိုတယ်လေ။ ညက်ညောက ညက်နဲ့ ညင်သာက ညင်ဟာ စုတူသတ် အနက်တူပါပဲ။ လေပြေလေညင်းဆိုတာ ညက်ညက်ညောညော၊ ညင်ညင်သာသာ၊ ညင်းညင်းပျောင်းပျောင်း၊ ညင်းညင်းပျပျ တိုက်တဲ့လေကို ခေါ်ပါတယ်။ ညက်ညော၊ ညင်သာ၊ ညင်းပျောင်း၊ ညင်းပျ တို့မှာပါတဲ့ ညက်၊ ညင်၊ ညင်း-တို့ စုတူသတ် အနက်တူပဲနော်။ လေပြည်လေညင်းလို့ ရေးတဲ့အခါ ညင်းမှာ ဟထိုး ပါ-မပါ သိချင်ရင် ညက်နဲ့ ဖလှယ်ကြည့်၊ တိုက်ဆိုင်ကြည့်လို့ ရပါတယ်။ ညက်မှာ ဟထိုးမပါတော့ ညင်းမှာလည်း ဟထိုး မပါရဘူးပေါ့။ စာလုံးပေါင်း သတ်ပုံကိုလည်း မှန်စေတဲ့ စုတူသတ်စနစ်လေ။

အရာဝတ္ထုတခုရဲ့ မျက်နှာပြင်အနံကို ဗြက်လို့ ခေါ်တယ်။ ဗြက်ရဲ့ ရင်းမြစ်သဘောကိုလည်း မသိ၊ စုတူသတ် စနစ်နဲ့လည်း မချိန်မိသူတွေက ဗျက်လို့ မှားရေးတတ်ကြတယ်။ တကယ်တော့ မျက်နှာပြင်၊ မြေပြင်၊ ရေပြင်လို ပြင်၊ အပြင်နှင့် ဆက်နွှယ်စဉ်းစားကြည့်ရင် အနက်အဓိပ္ပါယ်လည်း သိ၊ စားလုံးပေါင်း သတ်ပုံလည်း သိသွားနိုင်ပါတယ်။ ပြင်ကိုပဲ ပြက်လို့ ဖလှယ်လိုက်ပါ။ ပြက်ကို အသံစွဲအရေးနဲ့  ရေးရင် ဗြက်ပဲပေါ့။ ဗြက်တိုတာ ရေပြင်၊ မြေပြင်၊ မျက်နှာပြင်တို့က ပြင်နဲ့ အနက်တူတာကို သိရင် ဗြက်လို့ ရရစ်နဲ့ ရေးတာကိုလည်း ဘဝင်ကျကျ လက်ခံနိုင်တာပေါ့။

မက်မော၊ တပ်မက်၊ စွဲမက်တို့မှာပါတဲ့ မက်ဟာ ခုံမင်၊ ခင်မင်တို့မှာပါတဲ့ မင်နဲ့ အနက်မတူပေဘူးလား။ မက်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်၊ မင်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်ပဲလေ။ အစားမက်တယ်ဆိုတာ အစား မင်တာပဲပေါ့။ ခုံမင် နဲ့ ခုပ်မက် တို့က မင်တာနဲ့ မက်တာ တူသလို၊ ခုံတာနဲ့ ခုပ်မက်-တို့က မင်တာ နဲ့ မက်တာ တူသလို၊ ခုံတာနဲ့ ခုပ်တာလည်း အတူတူပါပဲ။ ခင်မင်တယ်၊ ခင်မက်တယ်လို့ ပရိယာယ်အနေနဲ့ သုံးတာလည်း ညီလေးသိမှာပါ။

ဦးယာရဲ့ အဲချင်းတပုဒ်မှာ “ဟက်လက်ကယ်တဲ့ ဟာလာ၊ အသည်းလှိုက်ဆူ၊ မယ့်ကြင်သူငယ်ကြောင့်၊ လွမ်းပူဆာလို့လေ” ဆိုတဲ့ စာလေးကို တွေပတော့ သြော်-ဟက်လက်ဆိုတာ ဟင်းလင်းပါပဲကလားလို့ တွေးမိပြီး စုတူသတ်စနစ်ကို အတော် ကျေးဇူးတင်မိတယ်။
စာလည်းအတော်ရှည်သွားပြီ။ နောက်မှ ဆက်ရေးလိုက်ပါမယ်။ စိတ်ရှည်ရှည် ဇွဲကြီးကြီးနဲ့သာ ဆက်ဖတ်ဖို့ အားခဲထားပေတော့။

မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ။
ကိုကြီး။

ထွန်းတင်
(မြဝတီမဂ္ဂဇင်း ၂၀၀၁-ဇန်နဝါရီလ)

မေတ္တာပို့

သတ္တဝါများအပေါ်မှာ အကျိုးလိုလားပြီး မေတ္တာပို့တာ၊
အကျိုးမဲ့ ပယ်ရှားပြီး ပို့တဲ့မေတ္တာ-လို့ ၂-မျိုးရှိသည်။
(၁) အကျိုးလိုလား မေတ္တာပွား
၁။ ဘုံသုံးဆဲ့တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၂။ ဘုံသုံးဆဲ့တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တဝါ၊ ဘယာဘေးမှ ဝေးပါစေ။
၃။ လန့်တတ် မလန့်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၎။ မြင်ဖူး မမြင်ဖူး၊ နှစ်ဦးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၅။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၆။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၇။ ဘဝဇာတ်သိမ်း မသိမ်းများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၈။ သန္ဓေ ပဝတ္တိ၊ နှစ်ရှိများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၉။ ရှည်-တို-အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၁၀။ ကြီး-ငယ်-အလတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၁၁။ ဝိုင်း-သေး-လယ်လတ်၊ သုံးရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် ပြည်ပါစေ။

(၂) အကျိုးမဲ့ပယ်ရှား မေတ္တာပွား
၁။ တစ်ယောက်သူကား၊ တစ်ယောက်အား၊ လှည့်စားမပြု ကင်းပါစေ။
၂။ တစ်ရပ်ရပ်တွင်၊ တစ်ယောက်မြင်၊ မာန်ဝင်ထေမဲ့ ကင်းပါစေ။
၃။ ကိုယ်နှုတ်စိတ်ထင့်၊ ဒေါသဖြင့်၊ ပြုကျင့်ဆင်းရဲ ကင်းပါစေ။

Thursday, March 22, 2012

အရုဏ်ဆွမ်း ဘုဉ်းပေးချိန်

(ရဟန်းတော်တွေ အာရုဏ်ဆွမ်းစားတဲ့အခါ ရာသီဥတုကိုလိုက်ပြီး အချိန်ကွာခြားတယ်လို့ သိရပါတယ်။ ဘယ်ရာသီမှာ ဘယ်အချိန် အာရုဏ်ဆွမ်းစားရသလဲဆိုတာ သိချင်ပါတယ် ဘုရား။
အရုဏ်တက်ရာ၊ ၁၂-ဖြာ၊ ဘယ်ရာသီမှာ ဘယ်လိုနည်း?။   
၁၂-လ၌ အရုဏ်တက်သောအချိန် နာရီ မိနစ်များကိုအောက်ပါလင်္ကာအတိုင်း ရှေးပညာရှိ က၀ိဆရာများ စီစဉ်သတ်မှတ်ထားကြ၏၊ ဤ၌ စနေနံကို သုညယူ။
လင်္ကာသွား                    လအမည်                      နာရီ          မိနစ်
ကူး= ပြန် နှင်းထွေး              တန်ကူး                           ၅              ၀၀
ဆုန်= လေး ပေါ်နေ             ကဆုန်                            ၄              ၅၀
ယုန်= ဝေ ဝေထပ်               နယုန်                             ၄              ၄၀
ဆို= လပ် စာတော်              ၀ါဆို                               ၄              ၃၀
ခေါင်= လှော် လူထု             ၀ါခေါင်                            ၄             ၄၀
လင်း= လူ မတွေး              တော်သလင်း                     ၄             ၅၀
ကျွတ်= မေး နင်တို့            သီတင်းကျွတ်                     ၅              ၀၀
မုန်း= ဖို့ အော်နေ           တန်ဆောင်မုန်း                      ၅             ၁၀
တော်= မြေ ကျော် ဋ္ဌေး       နတ္တော်                             ၅             ၂၀
ပြာ= ပေး ဆန်တောင်း      ပြာသို                                ၅             ၃၀
တွဲ= ပေါင်း ခေါ်နော်        တပို့တွဲ                               ၅             ၂၀
ပေါင်း= ပျော် အထွက်      တပေါင်း                              ၅             ၁၀
အထက်ဖော်ပြထားသောပုံစံ၌ မိမိက လင်္ကာသွားကိုမရရင်တာင် ဘယ်လမှာ ဘယ်နှစ်နာရီ အာရုဏ်တက်တယ်ဆိုတာလေးကို သိထားရင် အဆင်ပြေပါတယ်။ မေးသူက ဘယ်ရာသီမှာ ဘယ်အချိန် အာရုဏ်ဆွမ်းဘုဉ်ပေးရသလဲဆိုတော့ မိမိက နွေ၊ မိုး၊ဆောင်း ခွဲကြည့်လိုက်ပါ။ အထက်ပါ (၁၂)လကိုမှ နွေရာသီက(၄)လ စသည့်ဖြင့် ပိုင်ခြားပြီးတော့ပေါ့။ ဒါဆိုရင် အဓိကမှတ်ရမှာက ဘယ်လမှာ ဘယ်နှစ်နာရီ အာရုဏ်တက်တယ်ဆိုတာလေးကို မှတ်သားထားဖို့ပါပဲ။
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။

မှတ်ချက် (လပြည့်ဝန်း ဆိုက်မှ ကူးယူဖော်ပြသည်)

ရွှေကျင်၊ ဒွါရ၊ သုဓမ္မာ

(ထေရ၀ါဒမှာ ရွှေကျင်၊ ဒွါရ၊ သုဓမ္မာဂိုဏ်း စသည်ဖြင့် ကွဲပြားနေတာ ဘာကြောင့်ပါလဲဘုရား။
မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံတွင် သုတ်နှင့်အဘိဓမ္မာ မပါ၊ ၀ိနည်းတော်အပိုင်းတွင်သာ အနက်အဓိပ္ပါယ်ဖွင့်ဆိုလိုက်နာမှု၌သာ အနည်းငယ်ကွဲလွဲမှုရှိကာ ကွဲပြားသွားကြသည့် သံဃာတော်များသည် မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့် ဂိုဏ်းများအဖြစ်တည်ရှိကာ ယနေ့မြန်မာနိုင်ငံတွင် ( ၉ ) ဂိုဏ်းရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ဂိုဏ်းကြီးများအမည်နှင့် ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုတင်ပြရလျှင်.....

Wednesday, March 21, 2012

အလှူအကျိုး

* တိရစ္ဆာန်အလှူ၊ အကျိုးမူ၊ ရယူ ဆတစ်ရာ။
တိရစ္ဆာန်တစ်ကောင်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်ရာ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* သီလမဲ့လှူ၊ အကျိုးမူ၊ ရယူ တစ်ထောင်သာ။
ဘာသီလမှ မရှိတဲ့ လူဆိုး သူခိုး တစ်ယောက်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်ထောင် အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* သီလရှိလှူ၊ အကျိုးမူ၊ ရယူ တစ်သိန်းပါ။
သီလရှိတဲ့ အလှူခံ တစ်ယောက်ကို  စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်သိန်း အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* ဈာန်ရလှူလေ၊ အကျိုးတွေ၊ ကုဋေ တစ်သိန်းပါ။
သာသနာပမှာ ဈာန်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်အား  စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်သိန်း အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* သောတာလောင်းလှူ၊ အကျိုးမူ၊ ရယူ သင်္ချေပါ။
သောတာပန်လောင်း အလှူခံတစ်ယောက်အား  စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝအသင်္ချေ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။

အလှူခံ တစ်ကျိပ်လေး

၁။ ဘုရားရှင်အားလှူဒါန်းခြင်း
၂။ ပစ္စေကဗုဒ္ဓါတို့အားလှူဒါန်းခြင်း
၃။ ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၎။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အနာဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၆။  အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၉။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အားလှူဒါန်းခြင်း
၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြဲုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း
(သို့) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း
၁၁။ သာသနာပ အခါ ဈာန်အဘိညာဉ်ရသော ရသေ့တို့အား လှူဒါန်းခြင်း
၁၂။ သီလရှိသော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း
၁၃။ သီလမဲ့သော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း
၁၄။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း


လင်္ကာ။ ။ ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ၊ ဈာန်ရ ဗာဟီ၊ နှစ်လီ ပုထုဇဉ်၊ တိရစ္ဆာန်၊ လှူခံ တစ်ကျိပ်လေး။

ပရိတ်ကြီး ၁၁-သုတ် အကျိုးတော်များ

* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---
* ခန္ဓသုတ်မွန်---ဆိတ်ထန်ဆိုးရွား, မြွေကင်းများနှင့်, သစ်ကျားဝန်အောင်း, သရဲပေါင်းတို့, ကွာရှောင်းဝေးရာ, ဖယ်သွားခွါအောင်, ရွတ်ဆောင်နေ့ည, ကိုးကြိမ်ပြသည်, မှတ်ယူသုံးတော့, ကိုယ်တွေ့တည်း---
* မောရသုတ်မှာ---ရာဇဝတ်ဘေး, ပြေး၍မလွတ်, မချွတ်ရောက်ကြ, ရင်ဆိုင်ရသော်, စိတ်အားမပျက်, နေထွက်-နေဝင်, မြဲလျှင်မပြတ်, ကိုးကြိမ်မှတ်ခါ, ရွတ်အပ်ပါ၏---
* ဝဋ္ဋသုတ်မှာ---ရွာမီးမြို့မီး, တောမီးမကျန်, မီးမှန်သမျှ, ဘေးရန်ပအောင်, မိမိမျက်နှာ, တည်ရာအရ, ရွတ်ပွားကြသည်, ရှေးကသူသုံး, နည်းညွှန်ထုံးတည်း---
* ဓဇဂ္ဂသုတ်မှာ---ပြင်းစွာကြောက်လှ, တုံလှုပ်ကြ၍, စိတ်ကချောက်ခြား, ထိတ်လန့်များလျှက်, ကြောက်အားဖိစီး, ကြက်သီးဖြန်းလာ, ရွတ်ဆိုရာကား, ဆယ်ကာဆယ်ခေါက်, ခရီးရောက်၏---
* အာဋာနာဋိယ---ရှစ်ကြိမ်ရွတ်လေ, တစ္ဆေ-မှင်စာ, မာတြာ-မြေဘုတ်, ဖုတ်-သဘက်-ကြတ်, နတ်ဆိုးမကျန်, ကုမ္ဘဏ်-ဘီလူး, ထူးထူးနှောင့်ယှက်, နှိပ်စက်မရှိ, ချမ်းသာဘိ၏---
* အင်္ဂုလိမာလ---သုတ်အရမူ, မိမ္မ-ဓမ္မတာ, မီးဖွားခါနီး, ဆင်းရဲကြီးက, မငြီးသန့်စင်, ဖွားမြင်စေလို, ရေကို-သုံးခါ, စစ်ပြီးပါမှ, ခုနစ်ခါမန်း, တိုက်လျှင်ဘေးဘျမ်း, စင်စစ်လမ်းတည်း---
* ဗောဇ္ဈင်သုတ်မြတ်---သုံးကြိမ်ထပ်မူ, စွဲကပ်ရောဂါ, ဝေဒနာမှာ, ပိန်းကြာဖက်ပြား, ရေမနားသလို, ဘေးပချမ်းသာ,
 အေးမြပါ၏---
* ပုဗ္ဗဏှသုတ်---ဆယ့်နှစ်အုပ်ကို, ရွတ်ဆိုပူဇော်, ဂြိုဟ်သော်စီးနင်း, ဆိုးရွားခြင်းတွင်, နိမ့်ဆင်းကြမ္မာ, ဆိုးဒသာနှင့်, ဇာတာစန်းလဂ်, ညှိုးနွမ်းချက်မှ, ဆက်ဆက်ကာလျှင်း, ကင်းကြသည်, ဒိဋ္ဌလာဘ်ကောင်း, အကျိုးတည်း။


* မဟာမင်္ဂလ---ပရိတ္တကား, သုခများစွာ, မင်္ဂလာပွားတက်, ဘုန်းကြက်သရေ, ပြည့်ဖြိုးဝေ၏၊
* သုံးထွေသောကပ်, သက်ပြတ်ဒုဗ္ဘိက်, နံနှိပ်ဖျက်ဆီး, မှုကြီးရောက်လာ, ရတနပရိတ်, ရည်ညွှန်းနှိပ်၍, စိတ်သစ္စာပြု, ရွတ်မှုမှန်စွာ, လွန်ချမ်းသာ၏၊
* ဗျာပါသောက, စိတ်ဒုက္ခနှင့်, နေ့ညမရွှင်, အိပ်လျှင်မပျော်, သူတို့သော်ကား, အော်အော်ညှင်းဆဲ, မေတ္တာနဲက, ရွတ်မြဲရိုတုပ်, မေတ္တသုတ်တည်း၊
* ကြမ်းကြုတ်သစ်ကျား, မြွေများ ကင်းသန်း, စုန်းဖမ်းနတ်တိုက်, အလိုက်သူပြု, အမှုရှိက, ရွတ်ပါခန္ဓ, ပရိတ္တတည်း၊
* ဘယနှောင်သွင်း, ခြေကျင်းကျိုးတတ်, ထိပ်ခပ်ဗန္ဓ, ရှိလေကမူ, မောရပရိတ်, မအိပ်မနေ, ရိုသေနေ့ည, ကြိုးလုံ့လလော့၊
* တေဇအဂ္ဂိ, မီးဘေးရှိက, ဝဋ္ဋသုတ်ပင်, ရွတ်လေခြင်လော့၊
* မှုအင်ဘေးကြီး, ရောက်တုံပြီးသော်, ကြက်သီးမွှေးညှင်း, ပူပြင်းထန်စွာ, ရှိသောခါလျှင်, မဟာဓဇဂ္ဂ, သုတ်မြတ်လှကို, မှန်လှစေ့စေ့, ရွတ်အောက်မေ့က, ပျောက်ပျက်ရ၏၊
* ကိုယ်မှာရောဂါ, ဖျားနာတထူး, ဘီလူးသဘက်, နှိပ်စက်ဖမ်းခါ, အာဋာနာဋိယ, ပရိတ္တကို, နေ့ညရွတ်ပါ, ကျန်းမာပကတိ, ဧကန်ရှိ၏၊
* မချိပြင်းပြ, ဣတ္ထိယတို့, ဂဗ္ဘကိုယ်ဝန်, သားမွန်မဖွား, ခက်ခဲငြားမူ, စကားသစ္စာ, မှန်စွာကြီးဘိ, အင်္ဂုလိဟု, မည်ရှိပရိတ္တာ, ရေသာ မန်းတိုက်, ကိုယ်၌အန္တရာယ်, သားဖွားလွယ်၏၊
* လူငယ်လူကြီး, ဖျက်ဆီးဆန်များ, နာဖျားတာရှည်, မတည်စိတ်စက်, မသက်မသာ, ရှိသောခါလျှင်, မဟာဗောဇ္ဈင်, ပရိတ်ပင်တည်း၊
* အိပ်လျှင်နိမိတ်, အတိတ်အနာဂတ်, မြင်လတ်သောအခါ, သင်္ချာဗေဒ, ပုဗ္ဗဏှကို, နေ့ညရွတ်လေ, ပျောက်ပေအန္တရာယ်, ရှင်းရှင်းပယ်သည်, မှတ်ဖွယ်ကျမ်းလာ အပြီးတည်း။




( ပရိတ်ကို ဤသို့ စီရင်၍ ရွတ်သင့်သည် )
ပရိတ်ရွတ်ရာ၌ ရေ, ချည် တို့ကို ယူလာသူ ဒါယကာ ဒါယိကာမတို့အား “ငါ ရွတ်သော ပရိတ်တရား၏ တန်ခိုးတေဇော် အာဏာတော်သည် ထို ရေ, ချည် ထဲသို့ ဝင်စေအံ့” ဟု လက်ဖြင့် ရေကို လှုပ်ခြင်း၊ ချည်ကို နယ်ခြင်း၊ ပြုလျက် ရွတ်ဖတ်ပေးအပ်၏-ဟု ပါရာဇိကဏ် အဋ္ဌကထာ၌ ဆို၏။ ထိုသို့ လှုပ်နယ်ခြင်းသည် ထို ရေ, ချည် တို့၌ ပရိတ်အာဏာ ထည့်သွင်းပေးသည် မည်၏-ဟု ဝိမတိဋီကာ၌ ဆို၏။
ထို့ပြင် ဘီလူးဘေး ကာကွယ်ရန် အိမ်တံခါးဝ၌ မဏ္ဍပ်အလယ် အင်းပျဉ်ပေါ်တွင် သူငယ်ကို အိပ်စေ၍ ရဟန်းတော်တို့ ဝန်းရံလျက် ၇-ရက်တိုင်တိုင် နေ့ညမပြတ် ဘုရားရှင်အမိန့်အရ ပရိတ်ရွတ်ဖတ်ကြ၍ ထိုသူငယ် ၇-ရက်နှင့် သေမည်ဖြစ်သော်လည်း အသက် ၁၂၀-တိုးရှည်သောကြောင့် အာယုဝဍ္ဎန သတို့သားဟု ထင်ရှား၏။(ဓမ္မပဒ အဋ္ဌကထာ) ဤသူငယ်ကို အလယ်ထား၍ ရွတ်ဖတ်ကြသည်ကို အတုပြုသင့်၏။
အလောင်းတော် ဗြဟ္မဒတ်မင်းသား ဖြစ်စဉ်က အရှင်ပစ္စေကဗုဒ္ဓါများက ပရိတ်ချည် ပရိတ်ပန်း ပရိတ်သဲများ ရွတ်ဖတ်ပေးလိုက်သည်ကို ဆောင်ယူသွား၍ ဘီလူးဘေး ကင်းလွတ်ကြောင်း, ဧကနိပါတ် တေလပတ္တဇာတ်-၌ ဆိုသဖြင့် ပရိတ်ရွတ်ရာတွင် ပရိတ်ချည်, ပန်း, သဲ, ရေမန်း, စုံလင်စွာ ထားသင့်သည်ဟု သိရသည်။ 
ရေကို လှုပ်, ချည်ကို နယ်, ပန်းကို ကိုင်, သဲကို ဆုတ်ခြင်းပြု၍ ရွတ်သင့်၏။

Monday, March 12, 2012

တိုင်းရင်းသားတို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူခဲ့သော လွတ်လပ်ရေး

ယနေ့ အသက် ၅၀-ခန့်သာ ရှိသေးသူတစ်ဦးသည် အသက်နှင့်ရင်းပြီး ခက်ခက်ခဲခဲ ယူခဲ့ရသော “လွတ်လပ်ရေး” အကြောင်း ပြည့်ပြည့်စုံစုံ သိချင်မှသိပေမည်။ လွတ်လပ်ရေး အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းကြမည်ဆိုလျှင် မြန်မာ့လွတ်လပ်ရေးသမိုင်းကို စုံစုံစေ့စေ့ လေ့လာသိရှိထားရန် လိုပါ၏။

Friday, March 9, 2012

သားမြတ် ၏ အံ့ဘွယ်

သမိုင်းကာလတလျှောက်တွင် ကဗျာဆရာများသည်၎င်း၊ ပန်းချီ ပန်းပု အနုပညာရှင်များသည်၎င်း၊ အမျိုးသမီး၏ အလှကို ခြယ်မှုန်းရာတွင် သားမြတ်ကို ဖွဲ့နွဲ့အလှဆင်ကြ၏။ သို့သော် ကဗျာ့ဝိဓူ ပါရဂူအဆူဆူနှင့် ပန်းချီ ပန်းပု အနုပညာ အကျော်အမော်များသည် ပုံသဏ္ဍာန်ကိုသာ ခြယ်သဖော်ပြနိုင်ခဲ့ကြ၏။