Friday, August 31, 2012

မှီခိုရာ

ရဟန်းတို့-မှိခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှိခိုရာမရှိမူ၍ မနေကြကုန်လင့်၊
ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏၊ ရဟန်းတို့ မှီခိုရာကို ပြုတတ်သော တရားတို့သည် ဤ ၁၀-မျိုးတို့တည်း။
ရဟန်းတို့-ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက်နေ၏၊ အကျင့်“အာစာရ”၊ ကျက်စားရာ“ဂေါစရ”နှင့် ပြည်စုံ၏။ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏၊ ရဟန်းသည် ယင်းသို့သီလရှိ၏၊ “---ပ---သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သောတရားတည်း။

ရဟန်းတို့-ရဟန်းသည် အကြာူအမြင်များ၏၊ အကြားအမြင်ကို ဆောင်နိုင်၏၊ ဆည်းပူး၏၊ အစ-အလယ်-အဆုံး
 ကောင်းခြင်းရှိကြ၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ုပြည့်စုံသော အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတတ်သော တရားတို့ကို များစွာသင်ကြားအပ်ကုန်၏။ ဆောင်အပ်ကုန်၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်၏၊ ယင်းသို့များစွာ သင်ကြားအပ်ပါ၏၊ ---ပ---ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွှတ်၏၊ အဆွေခင်ပွန်း အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏၊ဟူသော ဤတရားသညလည်း မှိခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် ဆိုဆုံးမလွယ်ကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေခံယူတတ်၏၊ ယင်းသို့ ဆိုဆုံးမလွယ်၏၊ ---ပ---အဆုံးအမကို အရိုအသေ ခံယူတတ်၏၊ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်း-ဟု ဆိုအပ်သော အာုတ်အမြတ်ဖြစ်သော အမဥကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စီရင်ရန် စွမ်းနိုင်၏၊ ယင်းသို့ပြုလုပ်ရန် စီရင်ရန် စွမ်းနိုင်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရား၌ များစွာမြတ်နိုးခြင်း ရှိ၏၊ ယင်းသို့ တရားတော်ကို အလိုရှိ၏---ပ---လွန်မြတ်သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရား၌ များစွာမြတ်နိုးခြင်းရှိ၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန်၊ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိ၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊
ကုသိုလ်တရားတို့၌ တာဝန်ကို ပယ်ချထားခြင်း မရှိ၊
.ယင်းသို့ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန်ထက်သန်သော လုံ့လရှိနေ၏၊
---ပ---ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် ရတတ်သမျှသော သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ သူနာ၏အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏၊ ယင်းသို့ ရောင့်ရဲ၏ဟူသော ဤတရားသည်လည်း မှိခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့်ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကို၎င်း၊ ပြောပြီးသော စကားကို၎င်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အော်ကမေ့နိုင်၏၊ ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ ---ပ---အဖန်တလဲလဲ အော်ကငမေ့နိုင်၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကိုသိသော ကိလေသာကို ဖောက်ခွဲနိုင်သော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည်စုံ၏၊ ယင်းသို့ ပညာရှိ၏၊ မြတ်သောပညာနှင့် ပြည့်စုံ၏ဟူသော တရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်းဟု မိန့်တော်မူ၏။

(အင်္ဂုတ္တိုရ် ပါဠိတော် မြန်မာပြန်၊ နာထဝဂ်၊ ပထမနာထသုတ်)

ကြည်ညိုဖွယ်တရား ၁၀-ပါး

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးခါစဖြစ်သော အခါတပါး၌ အသျှင်အာနန္ဒာသည် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ရာ အလွန်စောသေး၍ ဂေါပကမောဂ္ဂလာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွဟု အကြံဖြစ်ပြီး ပုဏ္ဏားရှိရာသို့ ချဉ်းကပ်၏။ ဂေါပကမောဂ္ဂလာန် ပုဏ္ဏားလည်း အသျှင်အာနန္ဒာအား ခရီးဦးကြိုပြု နေရာထိုင်ခင်းပေးကာ သင့်လျော်ရာ၌ထိုင်ပြီးလျှင် “အသျှင်ဘုရား အာနန္ဒာ၊ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူတိုက်သော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတပါးမျှ ရှိသလော”ဟု လျှောက်ထား၏။
အသျှင်အာနန္ဒာသည် “ပုဏ္ဏား ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံတော်မူသော ရဟန်းတပါးမျှ မရှိသည်သာတည်း”ဟု မိန့်တော်မူ၏။

ထိုအခါ မဂဓမင်း အဇာတသတ်၏အမတ်ကြီး ဝဿကာရပုဏ္ဏားသည် ရာဇဂြိုဟ်ပြည်၌ အလုပ်တို့ကို အစဉ်လှည့်လည်စစ်ဆေးလျက် ဂေါပကမောဂ္ဂလာန်ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန အသျှင်အာနန္ဒာသို့ ချဉ်းကပ်ပြီး “အသျှင်အာနန္ဒာ ယခုအခါ သင်တို့ဆည်းကပ် နေကြရမည်ဖြစ်သော ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့ကိုးကွယ်ရာ ဖြစ်လတ္တံ့ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတပါးမျှ ရှိသလော”ဟု လျှောက်၏။
“ပုဏ္ဏား၊ ရဟန်းတပါးမျှ မရှိ”ဟု မိန့်ဆို၏။

“အသျှင်အာနန္ဒာ၊ မြတ်စွာဘုရား ကွယ်လွန်တော်မူသောအခါ၌ ငါတို့ကိုးကွယ်ရာ ဖြစ်လတံ့ဟု များစွာသော မထေရ်ကြီး ရဟန်းတို့တင်ထားသော ရဟန်းတပါးမျှ ရှိသလော”
“ပုဏ္ဏား၊ များစွာသော မထေရ်ကြီး ရဟန်းတို့တင်ထားသော ရဟန်း တပါးမျှ မရှိ”

“အသျှင်အာနန္ဒာ ဤသို့ကိုးကွယ်ရာ မရှိပါဘဲလျက် ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”
“ပုဏ္ဏား၊ ငါတို့သည် ကိုးကွယ်ရာ မရှိကုန်သည် မဟုတ်၊ ကိုးကွယ်ရာ ရှိကုန်၏၊ ပုဏ္ဏား၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် ကြည်ညိုဖွယ်ရာ တရား ၁၀-ပါးတို့ကို ဟောကြားတော်မူ၏။ အကြင်ပုဂ္ဂိုလ်၌ ဤ ၁၀-ပါးသော တရားတို့သည် ရှိကုန်၏။ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေ ပြုကြကုန်၏။ အလေးပြုကြကုန်၏။ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ အရိုအသေ အလေးအမြတ်ပြု၍ မှီနေကြကုန်၏၊ ကြည်ညိုဖွယ်ရာ ၁၀-ပါးတို့သည်ကား---

၁။ ပုဏ္ဏား၊ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်လျက်ရှိ၏၊ အာစာရသီလ ဂေါစရသီလနှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌လည်း ကောင်းစွာဆောက်တည်၍ ကျင့်၏။
၂။ အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ စုဆောင်း၏၊ အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက်သဒ္ဒါနှင့် ပြည့်စုံသော ထက်ဝန်းကျင်ပြည့်စုံလျက် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောပြတတ်သော တရားတို့ကို များစွာကြားနာထူး၏၊ နှုတ်ဖြင့် ဆောင်ဖူး၏၊ လေ့ကျင့်ဖူး၏၊ စိတ်ဖြင့် ဆင်ခြင်ဖူး၏၊ ပညာဖြင့် ထိုးထွင်း၍ သိဖူး၏။
၃။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးတို့ဖြင့် ရောင့်ရဲလွယ်၏။
၎။ အထူးစင်ကြယ်သော စိတ်၌အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၌ ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏၊ မပင်ပန်းဘဲ ရ၏။
၅။ ထိုရဟန်းသည် တပါးမက များသောတန်ခိုး ဖန်ဆင်းခြင်းကို ပြီးစေ၏၊
တယောက်တည်းဖြစ်လျက် အများအပြား ဖြစ်သွား၏၊ အများအပြားဖြစ်လျက်လည်း တယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတဖက်၊ တံတိုင်းတဖက်၊ တောင်တဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မြေကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ လ-နေ-တို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာပြည်တိုင်အောင်လည်း မိမိအလိုရှိတိုင်း ဖြစ်စေ၏။
၆။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော နတ်တို့၏နာါ်နှင့်တူသော ဒိဗ္ဗသောတဉာဏ်ဖြင့် နတ်၌လည်း ဖြစ်ကုန်၊ လူ၌လည်း ဖြစ်ကုန်သော၊ ဝေးသည်၊ နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသောအသံတို့ကို ကြားရ၏။
၇။ ထိုရဟန်းသည် တပါးသောပုဂ္ဂိုလ်၊ သတ္တဝါတို့၏စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍သိ၏၊ တပ်မက်ခြင်းရာဂနှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်းရာဂနှင့်တကွသော စိတ်၏သိရ၏၊ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသောစိတ်ဟု သိ၏၊ ထို့အတူ အမျက်ထွက်ခြင်း၊ ဒေါသစိတ်၊ ဒေါသ ကင်းသောစိတ်၊ တွေဝေခြင်း မောဟစိတ်၊ မောဟကင်းသော စိတ်၊ ကျုံ့သော သံခိတ္တစိတ်၊ ပျံ့သောဝိစိတ္တစိတ်၊ မြတ်သည်၏အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်စိတ်၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ်စိတ်၊ သာလွန်သော တရားရှိသော သဥတ္တရစိတ်၊ သာလွန်သော တရားမရှိသော အနုတ္တရ စိတ်၊ တည်ကြည်သော သမာဟိတစိတ်၊ မတည်ကြည်သော အသမာဟိတစိတ်၊ လွတ်မြောက်သော ဝိမုတ္တစိတ်၊ မလွတ်မြောက်သော အဝိမုတ္တစိတ် တို့ကိုလည်း သိ၏။
၈။ ရဟန်းသည် များစွာသော ရှေးဘဝကဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏၊ ခန္ဓာအစဉ်ဟူသည် တဘဝကို၎င်း၊ နှစ်ဘဝ၊ သုံးဘဝ၊ လေးဘဝကို၎င်း၊ ဘဝတရာ၊ ဘဝတထောင်၊ ဘဝတသိန်းတို့ကို၎င်း၊ များစွာသော ပျက်ကပ်၊ ဖြစ်ကပ်တို့ကို၎င်း၊ အစဉ်လျှောက်၍ အောက်မေ့နိုင်၏၊ ဤမည်သောဘဝ၌ ငါသည် ဤသို့သောအမည် ရှိခဲ့၏၊ အနွယ်ရှိခဲ့၏၊ အဆင်းရှိခဲ့၏၊ အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊  ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှသေခဲ့သော် ဤမည်သောဘဝ၌ ပြန်ဖြစ်၏၊ ဤသို့ အချင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။
၉။ ထိုရဟန်းသည် နတ်တို့၏ မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ပေါ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော၊ မလှသော သတ္တဝါ၊ ကောင်းသော လားရာဂတိရှိသော၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါကို သိ၏။
၁၀။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ် သမာဓိကို၊ အရဟတ္တဖိုလ် ပညာကို၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဝင်စားနေ၏”ဟု ဟောတော်မူ၏။

(ဥပရိပုဏ္ဏာသ ပါဠိတော် မြန်မာပြန်၊ ဒေဝဒဟဝဂ်၊ ဂေါပကမောဂ္ဂလာနသုတ်)

သတိပဋ္ဌာန်လေးပါး ပွားများအပ်၏

ရဟန်းတို့ အကျင့်သိက္ခာ၏ အားနည်းကြောင်းတို့ကား ဤငါးမျိုးတို့တည်း၊
သူ့အသက်သတ်ခြင်း၊ အရှင်မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်၊ မဟုတ်မမှန် ပြောခြင်း၊ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းတို့တည်း။
ဤအကျင့်သိက္ခာ၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်၌ ကိုယ်ဟုရှုကာ၊ ဝေဒနာ၌ ဝေဒနာဟု ရှုကာ၊ စိတ်၌ စိတ်၏ ရှုကာ၊ သဘောတရားတို့၌ သဘောတရားဟု ရှုကာ ပြင်းစွာအားထုတ်လျက် ဆင်ခြင်ဉာဏ်(သမ္ပဇဉ်)၊ အောက်မေ့မှု(သတိ)ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏၊ ရဟန်းတို့ ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ အပိတ်အပင် (နီဝရဏ)တို့သည် ဤငါးမျိုးတို့တည်း။
ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှု အပိတ်အပင်(ကာမစ္ဆန္ဒ နီယရဏ)၊
သူတပါးအကျိုးမဲ့ ကြံစည်မှု အပိတ်အပင် (ဗျာပါဒ နီဝရဏ)
ထိုင်းမှိုင်းမှု အပိတ်အပင် (ထိနမိဒ္ဓ နီဝရဏ)
ပျံ့လွင့်မှု နောင်တတဖန် ပူပန်မှု အပိတ်အပင် (ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ)
မဆုံးဖြတ်နိုင်မှု အပိတ်အပင် (ဝိစိကိစ္ဆာ နီဝရဏ) တို့တည်း။
ဤနီဝရဏငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးမျိုးတို့တည်း။

အလိုရှိအပ်ကုန်, နှစ်သက်အပ်ကုန်, နှလုံးကို ပွားစေအပ်ကုန်, ချစ်ဖွယ်သဘောရှိကုန်, ကာမနှင့်စပ်ကုန်, တပ်စွန်းဖွယ် ဖြစ်ကုန်သော စက္ခုဝိညာဉ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၊
သောတဝိညာဉ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၊
ဃာနယိညာဉ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၊
ဇီဝှါဝိညာဉ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၊
ကာယဝိညာဉ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌာဗ္ဗာရုံတို့တည်း။
ဤကာမဂုဏ် ငါးပါးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။
ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနာပါဒါနက္ခန္ဓာ၊ သညာုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ တို့တည်း။
ဤဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။
ထင်ရှားရှိသောကိုယ်၌ အယူမှားမှု (သက္ကာယဒိဋ္ဌိ)
မဆုံးဖြတ်နိုင်မှု (ဝိစိကိစ္ဆာ)
သီလအကျင့်ကို အမှားသုံးသပ်မှု (သီလဗ္ဗတ ပရာမာသ)
ကာမကို လိုချင်မှု (ကာမစ္ဆန္ဒ)
သူတပါးအကျိုးမဲ့ကို ကြံစည်မှု (ဗျာပါဒ) တို့တည်း။
ဤအောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးကို ပွားများအပ်၏။

ရဟန်းတို့ လားရာဂတိတို့သည် ဤငါးမျိုးတို့တည်း။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူဘုံ၊ နတ်ဘုံ တို့တည်း။
ဤလားရာဂတိ ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ ဝန်တိုမှု (မစ္ဆရိယ) တို့သည် ဤငါးမျိုးတို့တည်း။
နေရာ၌ ဝန်တိုမှု (အာဝါသ မစ္ဆရိယ)
အမျိုး၌ ဝန်တိုမှု (ကုလ မစ္ဆရိယ)
လာဘ်၌ ဝန်တိုမှု (လာဘ မစ္ဆရိယ)
အဆင်း၌ ဝန်တိုမှု (ဝဏ္ဏမစ္ဆရိယ)
ပရိယတ်တရား၌ ဝန်တိုမှု (ဓမ္မ မစ္ဆရိယ) တို့တည်း။
ဤဝန်တိုမှု ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။
ရူပဘုံ၌ တပ်မက်မှု (ရူပရာဂ)
အရူပဘုံ၌ တပ်မက်မှု (အရူပရာဂ)
အထင်ကြီးမှု (မာန)
ပျံ့လွင့်မှု (ဥဒ္ဓစ္စ)
မသိမှု (အဝိဇ္ဇာ) တို့တည်း။
ဤအထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ စိတ်၏ ငြောင့်တံသင်းတို့သည် ဤငါးမျိုးတို့တည်း။
ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတောယုံမှား၏၊  မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။
တရားတော်၌၊ သံဃာတော်၌၊ အကျင့်သိက္ခာ၌ ယုံမှား၏။
သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သောစိတ် ရှိ၏၊ထိပါးစိတ် ရှိ၏၊ ငြောင့်တံသင်းဖွယ်ဖြစ်၏၊
ဘုရား၌၊ တရားတော်၌၊ သံဃာတော်၌၊ အကျင့်သိက္ခာ၌ တွေးတောယုံမှားသော၊ မဆုံးဖြတ်နိုင်သော၊ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သော။ မနှစ်သက်သော၊ ထိပါးသောစိတ် ရှိသော၊ ငြောင့်တံသင်းသဖွယ် ဖြစ်သော ရဟန်း၏စိတ်သည် အားထုတ်ရန် ၊ အကြိမ်ကြိမ် အားထုတ်ရန်၊ မပြတ် အားထုတ်ရန်၊ လွန်စွာ အားထုတ်ရန် မညွတ်၊ ဤသို့ စိတ်မညွတ်ခြင်းသည် စိတ်၏ ငြောင့်တံသင်းတည်း။
ဤစိတ်၏ငြောင့်တံသင်း ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ စိတ်ကို နှောင်ဖွဲ့တတ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။
ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌၄င်း၊ ကိုယ်၌၄င်း၊ ရုပ်၌၄င်း၊ မကင်းသော တပ်စွန်းမှု ရှိ၏၊ အလိုဆန္ဒ ရှိ၏၊ ချစ်ခင်မှု ရှိ၏၊ မွတ်သိပ်မှု ရှိ၏၊ ပူလောင်မှု ရှိ၏၊  စွဲမက်မှု ရှိ၏၊ ထိုရဟန်း၏စိတ်သည် လုံ့လပြုရန်၊ အဖန်ဖန် အားထုတ်ရန်၊ မပြတ်အားထုတ်ရန်၊ ဆောက်တည်ရန် မညွတ်၊
ရဟန်းသည် အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အိပ်မှုချမ်းသာ၊ တပြောင်းပြန်ပြန် လူးလဲမှုချမ်းသာ၊ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်၍နေ၏၊ ရဟန်းသည် “ငါသညါ ဤသီလဖြင့်၎င်း၊ ဤကျင့်ဝတ်ဖြင့်၎င်း၊ ဤခြိုးခြံမှုဖြင့်၎င်း၊ ဤမြတ်သော အကျင့်ဖြင့်၎င်း၊ နတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏”ဟု တပါးပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏။ထိုရဟန်း၏စိတ်သည် အားထုတ်ရန်၊ အကြိမ်ကြိမ် အားထုတ်ရန်၊ မပြတ်အားထုတ်ရန်၊ လွန်စွာ အားထုတ်ရန် မညွတ်၊ ဤစိတ်မညွတ်ခြင်းတို့သည် စိတ်ကိုနှောင်ဖွဲ့တတ်သော တရားတို့တည်း။
ဤအနှောင်အဖွဲ့ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်တရားလေးပါးတို့ကို ပွားများအပ်ကုန်၏-ဟု မိန့်တော်မူ၏။

(အင်္ဂုတ္တိုရ် ပါဠိတော် မြန်မာပြန် သတိပဋ္ဌာနသုတ်၊ သိက္ခာဒုဗ္ဗလျသုတ်မှ
 စေတသော ဝိနိဗန္ဓသုတ်အထိ ကောက်နုတ်ချက်)

ကျေူးဇူးတော်ရှင်တို့၏ ကျေးဇူးစကား (၅)

(ကုသိုလ်-အကုသိုလ် )
မကောင်းတာကို မပြုလုပ်နဲ့၊ ကောင်းတာဟူသမျှ ပြုလုပ်၊
မကောင်းတာဆိုတာ ဘယ်ဟာလဲ၊ ကောင်းတာဆိုတာ ဘယ်ဟာလဲ၊
အပြစ်ရှိတာဟာ မကောင်းမှု၊ အပြစ်မရှိတာဟာ ကောင်းမှု၊
အပြစ်ဆိုတာ ဘာလဲ၊ မိမိကိုဖြစ်စေ သူတပါးကိုဖြစ်စေ ထိခိုက်ရင် အပြစ်၊ မိမိသူတပါး နှစ်ဦးသားမှာ ဘယ်သူ့ကိုမျှ မထိခိုက်တာဟာ အပြစ်မဟုတ်၊
ဘယ်သူ့ကိုမျှ မထိခိုက်သော အလုပ်သည် အပြစ်မရှိသောကြောင့် ကောင်းမှုကုသိုလ်၊
တဦးဦးကို ထိခိုက်သော အလုပ်သည် အပြစ်ရှိသောကြောင့် မကောင်းမှု အကုသိုလ်။။

( ကံနယ် မကျဉ်းစေနဲ့ )
ဘုန်းကြီးတို့ ပရိသတ် မျက်ခြည်မပြတ်ပါစေနဲ့၊ အခုပြောနေတာက ကံ- ကံရဲ့ အကျိုးကို ပြောနေတာပါ၊
ဘုန်းကြီးတို့ တချို့ ဗုဒ္ဓဘာသာတွေကိုယ်တိုင် ကံလို့ပြောလိုက်ရင် စိတ်က ဘယ်ရောက်သွားသလဲဆိုတော့
အဲ---ဟိုအတိတ်ဘဝတွေဆီကိုသာ ရောက်သွားတယ်၊
ဟိုး---ရှေးရှေးဘဝတွေက ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေကိုသာ ကံလို့ ယူဆကြတယ်။ အဲဒီ ကောင်းမှု မကောင်းမှု
တွေကြာင့်ပဲ ဒီဘဝမှာ ကောင်းကျိုး-မကောင်းကျိုးတွေ ရတယ်။ ဒီလောက်ပဲ နယ်ကျဉ်းကျဉ်းကလေးပဲ သိကြမြင်ကြတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ ကံနဲ့ ကံရဲ့အကျိုး သဘာဝကို ရှင်းရှင်းလင်းလင်း သဘောမပေါက်ကြလို့ပါပဲ။

အကြောင်းရှိရင် အကျိုးဖြစ်ရမယ်၊ အကျိုးပေါ်ရတယ်၊ ဒါ လောကရဲ့ သဘာဝပဲ၊ ဒါ ( Law of cause and effect )
 လောကရဲ့ အကြောင်းအကျိုး သဘာဝဟာ ဒီအတိုင်းပဲ။
သို့သော်လည်း တခု သတိပြုရမှာက အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ရံဖန်ရံခါမှာ အကြောင်းဖြစ်ပေါ်ပြီး အချိန်အများကြီးကြာမှ အကျိုးဖြစ်ပေါ်တယ်။
အကြောင်းအားကောင်းရင် ချက်ချင်း အကျိုးဖြစ်ပေါ်ပြီးတော့
အကြောင်းအားသေးရင် အချိန်ကြာမှပဲ အကျိုးဖြစ်ပေါ်မယ်။
ဒီနေရာမှာ ဘုန်းကြီးတို့ ဘာတွေ့ရသလဲ---
၁။ အခုလုပ်တဲ့ ကံအကြောင်းတရားကြောင့် အခု အကျိုးရတာလည်း တွေ့ရတယ်။
၂။ ဒီဘဝမှာ အခုလုပ်တဲ့ ကံအကြောင်းတရားကြောင့် ဒီဘဝအတွင်းမှာပဲ နောင်တချိန်ချိန်မှာ အကျိုးရတယ် ဆိုတာလည်း သိရတယ်။
၃။ ဒီဘဝမှာ လုပ်တဲ့ ကံအကြောင်းတရားကြောင့် ဒီဘဝမှာ အကျိုးပေးဖို့ အချိန်မရလိုက်တဲ့အတွက် သေပြီးနောက် တချိန်ချိန်မှာ အကျိုးဖြစ်ပေါ်ရတာလည်း ရှီတယ်လို့ တွေ့ရတယ်။

( အလုပ်တိုင်း ကံ မမြောက် )
ကိုယ်နှုတ်စိတ်ဖြင့် ပြုလုပ်သော်လည်း ပြုလုပ်တိုင်း ကံ မဖြစ်ပေ၊ ကံအရာ မမြောက်ပေ၊
အကောင်းအဆိုး ရည်ရွယ်ချက် တခုခုဖြင့် တက်ကြွထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်မှသာ ကံအရာ မြောက်၍ ကံ-ဟု ခေါ်သည်။
အဲဒီအလုပ်ထဲမှာ ကောင်းတဲ့ရည်ရွယ်ချက်၊ ဆိုးတဲ့ရည်ရွယ်ချက် တခုခု ပါရမယ်။ အဲဒီလို ကောင်းတဲ့ရည်ရွယ်ချက်၊ ဆိုးတဲ့ ရည်ရွယ်ချက် တခုခုပါပြီးတော့ အဲဒီအလုပ်ကို လုပ်ဖို့ရာ ထက်သန်တဲ့စိတ် ရှိရမယ်။
အဲဒီအင်္ဂါ နှစ်ပါးနဲ့ ပြည့်စုံတဲ့ အလုပ်မှသာလျှင် ကံအရာ မြောက်တယ်။ အလုပ်ဆိုတိုင်း ကံအရာ မမြောက်ဘူးနော်။
ကံအရာ မမြောက်မဘူးဆိုတာ ထူးခြား ထင်ရှားတဲ့အကျိုးကို ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေ မရှီဘူးလို့ ဆိုလိုပါတယ်။
ကံအရာ မြောက်တယ်ဆိုတာ ထူးခြား ထင်ရှားတဲ့ အကျိုးကို ဖြစ်ပေးစေနိုင်လောက်အောင် အင်အားပြည်တဲ့ အကြောင်းတရားအဖြစ် ရောက်တယ်လို့ ဆိုလိုပါတယ်။ ကျမ်းဂန်များမှာတော့ ကမ္မပထ မြောက်တယ်လို့ သုံးနှုန်းလေ့ ရှိပါတယ်။
တက်ကြွထက်သန်သော စိတ်ကို စေတနာလို့ ခေါ်တယ်။
ယင်း တက်ကြွထက်သန်သော စိတ်သဘော စေတနာသည် ကိုယ်-နှုတ်-စိတ်အလုပ်များ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အခြေခံဖြစ်၏။ ထို့ကြောင့် ထိုစေတနာ (တက်ကြွသော စိတ်သဘော)ကို မြတ်စွာဘုရားက ကံ-ဟု နာမည်တပ်တော်မူ၏။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား ( ၄ )

( သမ္ပဇညတရား ၄-ပါး )
၁။ အလုပ်တခုကို မလုပ်ခင်က အကျိုးအရှိဆုံး အလုပ်ကို ဉာဏ်ဖြင့် ဆင်ခြင်ထားခြင်း။
၂။ အကျိုးအရှီဆုံး အလုပ်ပင်ဖြစ်စေကာမူ နေရာ ဌာန အချိန်ကာလ စသည်တို့ကို သင့်-မသင့် ဉာဏ်ဖြင့် ဆင်ခြင်ခြင်း။
၃။ သင့်မြတ်သည့် အလုပ်ခွင် ရိပ်သာတွင်းသို့ ရောက်လာသောအခါ မပြတ်မလပ် ပြုလုပ်ရှုမှတ်နေခြင်း။
၎။ မိမိအားထုတ်သည့် အလုပ်၌ မတွေမဝေ သိခြင်း-ဟူ၍ ၄-မျိုး ဖြစ်ပေသည်။

( တရားထူး မြန်မြန် ရအောင် )
အရှင်ကစ္စာယန မထေရ်က ဝိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်တို့ တရားတွေ မြန်မြန်တွေ့ရအောင်၊ တရားတွေ ရှေ့သို့ မြန်မြန်တက်ရအောင်၊ တရားထူး တရားမြတ်များ မြန်မြန်ရအောင် လိုက်နာရမည့် အချက် ၄-ချက်ကို ဟောကြားခဲ့ပါသည်။
၁။ မျက်စိအမြင် ကောင်းသူပင်ဖြစ်စေကာမူ ကန်းနေသည့် ပုဂ္ဂိုလ်လို ကျင့်ရမည်။
၂။ နားအကြား ကောင်းသူပင်ဖြစ်စေကာမူ နားမကြား နားပင်းနေသော ပုဂ္ဂိုလ်လို ကျင့်ရမည်။
၃။ စကားပြော ကောင်းသည့် ဉာဏ်ပညာနှင့်ပြည့်စုံသော ပုဂ္ဂိုလ် ဖြစ်စေကာမူ စကားမပြောတတ်သည့် ပုဂ္ဂိုလ်လို ဆွံ့,အ နေသည့် ပုဂ္ဂိုလ်လို ကျင့်ရမည်။
၎။ အားအင်ပြည့်ဝ သန်စွမ်းသူ ဖြစ်စေကာမူ အားအင်နည်းပါးနေသော လူမမာကဲ့သို့ ကျင့်ရမည်။

( လူငယ်များဘဝ ကောင်းမွန်လာစေဖို့ )
ကလေးသူငယ်များကို သူတို့ဘဝ ကောင်းမွန်လာကြစေရန် ---
၁။ အလှူဒါနပြုတတ်၊ လှူတတ်အောင်လည်း ပြုပြင်ပေးရမည်။
၂။ သီလစသော ကိုယ်ကျင့်တရားများ ကျင့်တတ်အောင်လည်း ပြုပြင်ပေးရမည်။
၃။ မှန်ကန်သည့် ဘက်မှာ ရပ်တည်ဖို့ရာ ရဲရင့်သော စိတ်ဓာတ်များ ရှိလာရအောင်လည်း ပြုပြင်ပေးရမည်။
၎။ အတတ်ပညာ သင်ရာ၌ စွဲမြဲသောစိတ်ဓာတ်ဖြင့် တတ်မြောက်အောင် သင်ယူဖို့ရန်လည်း ပြုပြင်ပေးရမည်။
၅။ စီးပွားဥစ္စာရှာဖို့ အရွယ်ရောက်လာသောအခါ စီးပွားရှားရာ၌ စွဲမြဲသော စိတ်ဓာတ်ဖြင့် ရှာဖို့ရန်လည်း ပြုပြင်ပေးရမည်။

( ပညတ်ကိုခွါ ပရမတ်သာ )
ဝိပဿနာတရား ရှုမှတ်ပွားများ အားထုတ်ကြသည့် အခါမှာ တရားတွေ မြန်မြန်တွေ့၊ တရားတွေ မြန်မြန်တက်ရအောင် ပုံသဏ္ဌာန်ဒြပ်ပညတ်များကို အာရုံမပြုဘဲ ခွါနိုင်သမျှခွါ၍ ပရမတ်သဘောများကိုတော့ သိနိုင်သမျှသိအောင် စူးစိုက်၍ ရှုမှတ်ကြရပါတယ်၊ ပစ္စုပ္ပန်ကိုလည်း တည့်နိုင်သမျှ တည့်အောင် စူးစိုက်၍ ရှုမှတ်ရပါတယ်၊ ဝိပဿနာတရား ရှုမှတ်တဲ့အခါမှာ  အရေးကြီးတဲ့ အချက် ၂-ချက်ပင် ဖြစ်ပေတယ်။
ပညတ်နဲ့ ပရမတ် ခွဲခြား၍ သိထားဖို့ရာမှာ ပကတိသော မျက်စိဖြင့် မြင်ကောင်းသည့်၊ ကိုင်တွယ်သုံးသပ်၍ ရကောင်းသည့် အထည်ဒြပ်များသည် ပတ်များပင် ဖြစ်ပေတယ်။
ပကတိသော မျက်စိဖြင့် မမြင်ကောင်းသည့်၊ ကိုင်တွယ်သုံးသပ်၍ မရကောင်းသည့် သဘော၊ စိတ်ဖြင့် ဉာဏ်ဖြင့်သာ တွေ့ထိကောင်းသော ပူသည့်သဘော၊ အေးသည့်သဘော၊ မာသည့်သဘော၊ ပျော့သည့်သဘော၊ တွန်းကန်သည့်သဘော၊ တောင့်တင်းသည့်သဘော၊  လှုပ်ရှားသည့်သဘော၊ ဖွဲ့စည်းထားသည့် သဘော၊ ယိုစီးနေသည့် သဘော၊ နာသည့်သဘော၊ ကျင်သည့်သဘော၊ ထုံသည့်သဘော၊ စသည့်သဘောများသည် ပရမတ် ဖြစ်ပေတယ်။
ထိုပညတ်နဲ့ ပရမတ် ၂-မျိုးတို့တွင် ပညတ်များကိုတော့ ခွါနိုင်သမျှခွါ၍ ပရမတ် သဘောများကိုတော့ သိနိုင်သမျှသိအောင် စူးစိုက်၍ ရှုမှတ်ကြရပါတယ်။

သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ

Wednesday, August 29, 2012

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား (၃)

( စိတ်မသွားသူ ဒုက္ခငြိမ်း )
ခန္ဓာငါးပါးကို စွဲလမ်းရင် ဥပါဒါနက္ခန္ဓာဒုက္ခာလို့ မြတ်စွာဘုရားက ပါဠိလို ဟောထားပါတယ်။
ဥပါဒါန=စွဲလမ်းမှုနှင့်တကွ ဖြစ်ကုန်သော၊ ခန္ဓာ-ခန္ဓာငါးပါး အစုတို့သည်၊ ဒုက္ခာ-ဒုက္ခသစ္စာ မည်ကုန်၏။
ဒီစွဲလမ်းမှု ဥပါဒါန်တွေက ဘယ်ကလာသလဲ၊ 
မျက်စိမြင်၊ နားကြားက လာတာ၊ တွေးတော့ မျက်စိမြင်၊ နားကြားတွေပဲ ပြန်ပြန်တွေးကြတာကိုး၊
ဒါကြောင့် မျက်စိမြင်၊ နားကြားတာကို ဘယ်သူ ဘယ်ဝှါ ဘယ်လို ဘယ်ချမ်းသာမျိုးနဲ့မှ စိတ်က မလိုက်နဲ့၊ သိကာမတ္တ၊ ဝိညာဏ်သိ သဘောဓမ္မလေးမျှပဲလို့ သိလိုက်ပါ၊ ဒါဆိုရင် ခန္ဓာငါးပါးရမှု၊ ဥပါဒါနက္ခန္ဓာ ဒုက္ခမှ ကင်းလွတ်ပြီး ဒုက္ခငြိမ်းနေပါလိမ့်မယ်။


( ပညတ်မပါအောင် ရှု )
ဝိပဿနာဆိုတာ ပညတ်မပါဘဲ ရှုရတဲ့ အမျိုးပဲ၊ ပညတ်မပါအောင် ရှုရမှာဆိုတော့ ဉာဏ်အမြင်နဲ့ ရှုရတာဖြစ်တော့ သမ္မာ
ဒိဋ္ဌိ အမြင်မှန်နဲ့ ခန္ဓာငါးပါးကို ရှုရတယ်။
ရုပ်ရှုရင် ဣတိ ရူပံ-ဤဟာ ရုပ်ပဲလို့ရှုရင် သမ္မာသင်္ကပ္ပ ဖြစ်တာပေါ့၊ ပညာမဂ္ဂင်နဲ့ရှုတာ ဖြစ်သွားပြီ၊
ရုပ်လို့ မသိဘဲ၊ မရှုမိဘဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ငါပဲ၊ သူပဲ၊ သတ္တဝါပဲ အနေနဲ့ ရှုမိနေရင် မိစ္ဆာသင်္ကပ္ပ ဖြစ်နေတယ်။
ကာမရာဂ နီဝရဏနဲ့ ပညတ်တွေ ပါနေတယ်၊ မိန်းမ မဟုတ်၊ ရုပ်ပဲလို့ ရှုတာက ပညာမဂ္ဂင် သမ္မာသင်္ကပ္ပနဲ့ ရှုတာ၊ ပညာဉာဏ်နဲ့ ရှုတာဖြစ်တော့ တကယ်ပဲ ပညတ်မပါဘဲ ပရမတ်ကိုရှုရာ ရောက်သွားတော့ ပထမတန်းတရား ဖြစ်တာပေါ့။
နိဗ္ဗာန်ဟာ ရာဂ ဒေါသ မောဟ ကုန်ရင် နိဗ္ဗာန်ကို ဉာဏ်နဲ့ မြင်ရတာဖြစ်တော့ ဓမ္မာနုပဿနာ တရားသဘောဟာ ရာဂ ဒေါသ မောဟ ဖြစ်စေတဲ့ ပညတ်တွေကို တတိ တတိနဲ့ သတ်ချနေတဲ့တရားဖြစ်တော့ ပထမတန်း ဖြစ်တာပေါ့။


( မဂ်ဖိုလ်နဲ့လျော်အောင် )
ပညတ်ကိုမြင်ရင် သည်းမခံနိုင် ဖြစ်ကြရတယ်။ ဥပမာ-ငွေနဲ့ ပတ်သက်ရင်၊ ပစ္စည်းနဲ့ပတ်သက်ရင်၊ မိန်းမနဲ့ ပတ်သက်ရင်၊ သားသမီးတွေနဲ့ ပတ်သက်ရင် သည်းမခံနိုင် ဖြစ်ကြတယ်။ 
သည်းခံနိုင်မှုမှာ ပါလာတာတွေက ပညတ်တွေ၊ ရွှေ၊ ငွေ၊ ပစ္စည်း၊ မိန်းမ၊ သားသမီးအမြင်က ပညတ်အမြင်ဖြစ်ကြလို့ သည်းမခံနိုင်ကြတာဆိုတာ မြဲမြဲမှတ်ထား၊ ပရမတ်အမြင်၊ အသိရောက်သွားမှ သဗ္ဗေ သင်္ခါရာ အနိစ္စာ-ဖြစ်သွားတယ်။ 
သင်္ခါရ-ဆိုတာ ဖြစ်ခြင်း၊ အနိစ္စက-ပျက်ခြင်းပဲ၊ ရုပ်နာမ်သင်္ခါရ ဝယဓမ္မေကို သိတော့မှ သိတာက ဉာဏ်ဖြစ်သွားတယ်။
ဒီလို သင်္ခါရကို သိတော့မှ သည်းခံနိုင်တဲ့ ဥပေက္ခာပြု လျစ်လျူရှုနိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ် ရောက်တယ်။ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ သိတာတွေ၊ ကြံတာတွေဟာ ရုပ်လို့သိမှ သည်းခံနိုင်တယ်။ လျစ်လျူရှုနိုင်တယ်။ ဥပေက္ခာ ပြုနိုင်တယ်။ ဉာဏ်စဉ်အရ ဆိုရင် ဖြစ်ခြင်း၊ ပျက်ခြင်း သင်္ခါရကို ဥပေက္ခာပြုနိုင်တဲ့ ဒီဉာဏ် ရင့်သန်သွားမှ အနုလောမဉာဏ် ရောက်တယ်၊ ဒီဉာဏ်ရောက်မှ မဂ်ဖိုလ်နဲ့ လျော်တော့တယ်။


( ရုပ်ကိုပဲ သိရမယ် )
ခန္ဓာကိုယ်ကောင်ကြီးရဲ့ တကယ့်အရှိတရား ပရမတ်ရုပ် အစစ်အမှန်က မဟာဘုတ်ရုပ်ပဲ ရှိတယ်။ မဟာဘုတ်ရုပ်ဆိုတာ ဓာတ်ကြီးလေးပါး အစုအဝေးပဲ၊ ခန္ဓာကိုယ်ကောင်ကြီးဟာ မဟာဘုတ်ဓာတ်ကြီး လေးပါးဖြစ်တဲ့ ပထဝီ-မာမှု၊ ပျော့မှု၊
တေဇော-ပူမှု၊ အေးမှု၊ 
အာပေါ-ယိုစီးမှု၊ ဖွဲ့စည်းမှု၊ 
ဝါယော-တွန်းကန်မှု၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးရှိတဲ့ ရုပ်အမှန် မဟာဘုတ်ရုပ်ပဲ တကယ်ရှိတာပါ။ 
ဥပါဒါန်တို့၏ အာရုံက ဘယ်သူ့အပေါ်မှာလဲ၊ မြင်ရတဲ့ အဆင်း ရုပ်အပေါ်မှာ စွဲကြလို့ ဥပါဒါရုပ်လို့ ခေါ်တာ။ ဥပါဒါရုပ်ဆိုတာ မဟာဘုတ်ရုပ်ကို မှီပြီးမှဖြစ်တယ်။ မူလဘူတက မဟာဘုတ်ရုပ်ပဲ။ ရုပ် ၂၈-ပါးရှိတဲ့အနက် မဟာဘုတ်ရုပ် ၄-ပါးကိုနုတ်ရင် ကျန်တဲ့ ၂၄-ပါးကို ဥပါဒါရုပ်လို့ ခေါ်ရတယ်။ 
မဟာဘုတ် ၄-ပါးကလွဲပြီး ကျန်တဲ့ရုပ်တွေဟာ ခန္ဓာငါးပါးနဲ့ စွဲယူမှတ်သား စွဲလမ်းတဲ့ရုပ်တွေ ဖြစ်ကြလို့ ဥပါဒါန်လို့ခေါ်ရတယ်။ အမှန်ကတော့ ရုပ်ကိုပဲ သိရမယ်၊ ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါအနေနဲ့ မမြင်ရဘူး၊ မထင်ရဘူး၊ မသိရဘူး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ သတ္တဝါ အသိနဲ့မြင်ရင် ဥပါဒါနက္ခန္ဓာဖြစ်ပြီး ဒုက္ခသစ္စာ ရတာပဲ၊ ဒါကြောင့် ဤဟာ ရုပ်၊ ဤဟာ ရုပ်ဖြစ်ကြောင်း၊ ဤဟာ ရုပ်ချုပ်ကြောင်းလို့ ဒီလို သိရင် ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာ မရဘဲ၊ ပရမတ်ရုပ်ကိုသိလို့ နိရောဓသစ္စာနဲ့ နိဗ္ဗာန်မျက်မှောက် ပြုရပါတယ်။ 


ပခုက္ကူ ဆရာတော်ဘုရားကြီး

Tuesday, August 28, 2012

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား (၂)


( မြင့်မြတ်သူတို့၏ အလုပ် )
ကိုယ်တယောက်ကောင်း မဟုတ်ဘဲ အများအတွက် ပါရမီဖြည့်သူ၌ ရှိထိုက်သော တရားတို့ကား
“သတ္တဝါတို့အပေါ်၌ သနားမှု ကရုဏာ၊
အကျိုးလိုလားမှု မေတ္တာ၊
ကယ်တင်နိုင်သူ ဖြစ်လိုသော ဆန္ဒ၊
ကြံစည်စဉ်းစားမှု ဉာဏ်ပညာ၊
ကြိုးစားမှု ဝီရိယ၊
မိမိဆိုင်ရာကိစ္စ အရပ်ရပ်၌ မလစ်လပ်စေမှု သတိ၊
စိတ်မပြောင်းမှု သမာဓိ၊
ဤသို့ ကြိုးစားလျှင် ရည်ရွယ်လျက် ထမြောက်နိုင်သည်ဟု ယုံကြည်မှု သဒ္ဓါ၊
မိမိစိတ်ဓာတ်ကို လှုံ့ဆော်ပေးသော စေတနာ”ဟု ဤ ၉-ပါးသော တရားများတည်း။
ဤတရားများသည် ပါရမီဖြည့်ခြင်း၊ ပြည့်လည်းပြည့်ခြင်း၏ အကြောင်းရင်း ဖြစ်ကြပါသည်။
(ဤတရားများမပါရှိဘဲ ဘုရားဆိုတာ ထူးသောပုဂ္ဂိုလ်ဟု ယူဆ၍ ထိုပုဂ္ဂိုလ်မျိုး ဖြစ်လိုရုံမျှဖြင့် ပါရမီ မပြည့်နိုင်ပါ)။

( ဝိနည်းတရား ထွန်းကားသင့် )
ဝိနည်းတရားတော်အတိုင်းသာ ရဟန်းတော်များ နေထိုင်သွားလာ ပြောဆိုကြလျှင် မြတ်မာလူမျိုးတို့၏ လေးစားခြင်းသာမက ကမ္ဘာပေါ်တွင် ယဉ်ကျေးသည်ဟု ခေါ်ရသော လူတိုင်းလေးစားခြင်းကို ခံရလောက်ပါပေ၏။
ဗုဒ္ဓ၏ သာသနာကို အထက်တန်းရောက်အောင် ပြုပြင်လိုကြသော ရဟန်း ရှင် လူ သူတော်စင်တို့သည် ထိုဝိနည်း ဥပဒေတော်ကြီးကို ပြန်၍ ထင်ရှားထွန်းကားလာအောင် ပထမဆုံး ကြိုးစားသင့်ကြပေသည်။
ရဟန်းတော်များက ဝိနည်းတော်အတိုင်း နေထိုင်ခြင်း၊ လူအများက ဝိနည်းတော်နှင့် ညီစွာနေသော ရဟန်းတော်များကို လေးစားကိုးစားခြင်း၊ ဝိနည်းတော်နှင့် မညီမညွတ်နေသူတို့ကို အစိုးရကိုယ်တိုင်နှင့် အသင်းအဖွဲ့များက အရေးယူခြင်းတို့ဖြင့် ဝိနည်းသာသနာ ပြန်၍ ထွန်းကားလာအောင် ကြိုးစားသင့်ပါသည်။

( ဓမ္မရတနာ )
များစွာသောလူတို့ အားကိုးနေကြသော အရာများကား ဆွေမျိုးအားကိုး၊ ပစ္စည်းဥစ္စာအားကိုး၊ ပညာအားကိုး၊ ရုပ်ရည်အားကိုး၊ သတ္တိအားကိုး၊ ခွန်အား အားကိုး၊ မိတ်ဆွေအားကိုး၊ ဆရာအားကိုး၊ လက်နက်အားကိုး-ဟု အမျိုးမျိုး ရှိကြ၏၊
ဘေးရန်ပေါ်လာလျှင်၊ ဆင်းရဲဒုက္ခရောက်လာလျှင် ထိုအားကိုးစရာများဖြင့် ကာကွယ်ကြ၏၊ ထိုများစွာသော ကိုးကွယ် (အားကိုး+ကာကွယ်) စရာတို့သည်လည်း တရားတော်ကို ကိုးကွယ်ရသလောက် အရာမရောက်ကြပါ။
ပြခဲ့သော အားကိုးစရာတို့သည် ဘေးရန်ပေါ်လာလျှင် အထိုက်အလျောက် ကာကွယ်နိုင်သဖြင့် သူ့နေရာနှင့်သူ ကိုးကွယ်ရာ ဖြစ်ကြပါပေ၏၊ သို့သော် ဆွေမျိုး ဥစ္စာ ပညာ ရုပ်ရည် စသည်တို့သည် သူတို့ကိုယ်တိုင် ပျက်စီးတတ်သောကြောင့် မိမိက အားကိုးနေတုန်းမှာပင် သူတို့က ပျက်ပြုန်းသွားတတ်ကြ၏။

( ကိုယ်ကျင့်တရားမှ အားကိုးရ ဝ
ဗုဒ္ဓ၏တရားတော်များသည် ဟောပြော ရွတ်ဖတ်နေသည်ကို ကြားနာရလျှင်လည်း စိတ်ကို ချမ်းသာစေနိုင်၏။
တရားတော်အတိုင်း ကျင့်ကြံလိုက်နာနေလျှင်လည်း အလွန်ချမ်းသာစေနိုင်၏။
ဗုဒ္ဓတရားတော်သည် အမျာေးတွ့နေကျ ဒုက္ခဟူသရွေ့ကို သက်သာစေနိုင်ရုံမက ကိုယ်ကျင့်အလေ့အလာ ရနေသူ ဖြစ်ပါမူ
“ဘဝကူးဖို့ အချိန်နီးလေ အားကိုးရလေ” ဖြစ်ရုံမက တနည်းအားဖြင့် စဉ်းစားလျှင် “ဘဝပြောင်းခါနီးလေ ပျော်စရာ ကောင်းလေ”ဖြစ်စေပါလိမ့်မည်။
“နောက်ဘဝ၌ ရောက်ရမည့်လမ်းစဉ်သည် ယခုဘဝထက် အောက်မကျနိုင်ပါဘူး”ဟု တထစ်ချ သိအောင် ကြိုးစားထားလျှင် “သေခါနီးလေ ပျော်စရာ ကောင်းလေ”ဖြစ်မှာပဲဟု တွေးကာ တယောက်တည်း ကိုယ်ကျင့်တရား ကုသိုလ်များကို အားကိုးမိပါသည်။
ထို့ကြောင့် တရားတော်ကို ယုံကြည်သူတိုင်း အဟောတရား၊ အဖတ်တရား၊ နာတရားတို့တွင် မပြီးစေဘဲ ကိုယ်ကျင့်တရား ဖြစ်အောင် စိတ်ထဲ၌ သွင်းထား၍ ဖြစ်စေ၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများ၍ဖြစ်စေ “ဓမ္မံ သရဏံ ဂစ္ဆာမိ” အရ တရားတော်ကို အားကိုးနိုင်ကြ၊ အရေးပေါ်လျှင် တရားတော်ဖြင့် ကာကွယ်နိုင်ကြ၊ သံသရာအတွက် ကိုယ်ကျင့်တရား လုံလောက်အောင် ကြိုးစား၍ စိတ်ထားကြည်လင် သူတော်စင်များ ဖြစ်နိုင်ကြပါစေသတည်း။

အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား (၁)

( ဘဝင်မြင့်သူတွေ )
ပရိယတ္တိဘက်က စာသင်စာချနေတဲ့ ပုဂ္ဂိုလ်တွေ၊ တရားဟောနေတဲ့ ဓမ္မကထိကတွေ၊ ပဋိပတ္တိဘက်က   တရားကျင့်သုံးဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလိုပုဂ္ဂိုလ်တွေထဲမှာလဲ တချို့က အစပိုင်းမှာ မာနဖြင့် အထင်ကြီးရုံမျှပဲ၊
နောက်ပိုင်းကျတော့ အလွန့်အလွန် အထင်ကြီးပြီး ဘဝင်မြင့်နေတာလည်း ရှိတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေက ပြောဟောရာမှာလည်း ဘဝင်မြင့်တဲ့ အပြောအဆိုတွေကို ပြောဆိုလေ့ရှိတတ်တယ်။ ကျမ်းစာရေးရာမှာလည်း ဘဝင်မြင့်တဲ့ အသုံးအနှုန်းတွေက်ု ရေးသားလေ့ရှိတတ်တယ်။ တရားအားထုတ်နေတဲ့ ဟောဂီထဲကတောင် တချို့က ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါ သူများက သူ့လို မသိဘူးလို့ ထင်တတ်တယ်။ သူ့ကမ္မဋ္ဌာန်းဆရာကိုတောင် သူသိသလို သိဟန်မတူဘူးလို့ ဒီလို အထင်ကြီးပြီး ဘဝင်မြင့်သူလည်း နည်းနည်း ရှိတတ်သေးတာပဲ။

( လစ်ဟင်းနေတတ်တယ် )
လူလောကမှာ စီးပွားဥစ္စာကို ရလွယ်ပြီး ကြီးပွားနေတဲ့ လူတွေက အဲဒီ စီးပွားဥစ္စာတွေနဲ့ မာန်ယစ်နေတတ်ကြတယ်။ ဥပုသ်စောင့်ဖို့ တရားနာဖို့ တရားအားထုတ်ဖို့ဘက်မှာ စိတ်မဝင်စားဘဲရှိနေတတ်တယ်။ အားလပ်တဲ့အချိန် မရှိဘူးဆိုပြီး အဲဒီစီးပွားရေးထဲမှာသာ စိတ်ဝင်စားနေတတ်တယ်။ 
ရဟန်းများမှာ လာဘ်လာဘပေါများပြီး ဘုန်းကြီးနေရင် အဲဒီလာဘ်လာဘကို စွဲမှီပြီး မာန်ယစ်နေတတ်တယ်။
ဟိုအလှူ သည်အလှူ စသည်တွေအတွက် ကြောင့်ကြစိုက်နေရတာနဲ့ တရားကျင့်ရေးဘက်က လစ်ဟင်းနေတတ်တယ်။ သမဏဓမ္မ ရဟန်းတရားဆိုတဲ့ သီလ၊ သမာဓိ၊ ပညာအကျင့်ကို အထူးအလေးပြုသင့်တာပဲ။

( ဟန်သမားများ )
တချို့က ပစ္စည်းလေးပါးကို အလွယ်တကူ ရအောင်၊ ဘုန်းကြီးအောင်၊ ကြိုးစားအားထုတ်နေကြတယ်။ လှူဒါန်းမည့် တကာ တကာမတွေများအောင် နည်းအမျိုးမျိုးနဲ့ အားထုတ်နေကြတယ်။ 
တချို့က အကြားအမြင် ပေါက်သယောင်ယောင် သူတပါးစိတ်ကို သိသယောင်ယောင် ဟန်ဆောင်နေကြတာလည်း ရှိတယ်။ ရဟန္တာဖြစ်သယောင်ယောင် ဟန်ဆောင်နေကြတာလည်း ရှိတယ်။ 
တချို့က ထွက်ရပ် ဝိဇ္ဇာ ပေါက်သယောင်ယောင်၊ ကျန်းမာရေး၊ စီးပွားရေး၊ ရာထူးဌာနန္တရ မဆုတ်ယုတ်ဘဲ တိုးတက်ရေး စသည်အတွက် စွမ်းဆောင်နိုင်သယောင်ယောက် ဒီလိုဟန်ဆောင်နေတာလည်း ရှိတယ်။ 
အဲဒီလို မတရားသဖြင့် စီးပွားရှာမှုကိုတော့ ဝိနည်းတော်အရ လုံးဝ မပြုသင့်ပါဘူး။

( မာန်ယစ်ကြတာတွေ )
ပျိုမျစ်နုနယ် အသက်ငယ်သေးတာကို အကြောင်းပြုပြီးမာန်ယစ်နေလို့ တရားအားမထုတ်နိုင်တာလည်း ရှိတယ်။
လာဘ်လာဘပစ္စည်းတွေ ပေါများလို့ မာန်ယစ်ပြီး အားမထုတ်နိုင်တာလည်း ရှ်တယ်။
အများက အလေးပြုနေကြလို့၊ ရှေ့ဆောင်ဖြစ်နေလို့၊အခြွေအရံတွေ များနေလို့ စသည်ဖြင့် မာန်ယစ်ပြီးတော့ တရားအားမထုတ်နိုင်တာလည်း ရှိတယ်။
ပရိယတ်စာပေတတ်နေလို့ စာမတတ်တဲ့ ပုဂ္ဂိုလ်ထံမှာ အားမထုတ်နိုင်တာလည်း ရှိတယ်။
အကျင့်သီလနှင့် ပြည့်စုံနေတာကို စွဲမှီပြီး ဒါနလောက်နဲ့ အားရနေလို့ အားမထုတ်နိုင်တာလည်း ရှိတယ်။
တရားအားထုတ်ဖို့ စပ်ဆိုင်သူက တိုက်တွန်းရင် တချို့က ဒီလို ငြင်းပယ်နေတာလည်း ကြားသိရတယ်။ 
ကျွန်ုပ်တို့ ကျွန်မတို့မှာ သီလနဲ့ပြည့်စုံနေတာပဲ မတော်မသင့်တာ ပြုမိတယ်လို့ မရှိပါဘူး၊ ဒီတော့ အားထုတ်ဘို့ မလိုပါဘူး လို့ ဒီလို ငြင်းပယ်တာလည်း ရှိတယ်။
တချို့က ပုတီးစိပ်နေတာတဲ့ အားရပြီးနေလို့ တရားအားထုတ်ဖို့ တိုက်တွန်းတာကို ငြင်းပယ်တာလည်း ရှီတယ်။
အဲဒါတွေဟာ တရားအားထုတ်ရေးကို အန္တရာယ်ပြုတဲ့ မာန်ယစ်မှုတွေပါပဲ၊ အဲဒီလို မာန်ယစ်မှုဟူသမျှတွေကို ဆင်ခြင်ပြီးတော့ ဖြစ်စေ၊ ရှုမှတ်ပြီးတော့ ဖြစ်စေ ပယ်ဖို့ပါပဲ။ 

ဆဋ္ဌသင်္ဂီတိ ပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး

Thursday, August 2, 2012

သင့်ကလေးငယ် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိအောင် ပျိုးထောင်ရမည့် အဆင့်များ

(၁) သင့်မိသားစု ဝန်းကျင်တွင် အပြုသဘောဆောင်သည့် အခြေအနေဖြစ်ရအောင် အလုံးစုံ ဆောင်ရွက်ရမှု---
မိဘဖြစ်သည့် သင်ကိုယ်တိုင်ကပင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိသည့် သဏ္ဍာန်များ ပေးလွင်ထင်ရှားအောင် ပြသတတ်ဖို့ လိုအပ်လိမ့်မည်ဖြစ်သည်။ သင်၏မိသားစုကို ကောင်းမွန်စွာ၊ သာယချေငံစွာ ပြောဆိုတတ်ပြီး အချင်းချင်းတို့ကိုပါ တဦါ်ပေါ်တဦး ဖြျှေော့စွာဖြင့် လေးလေးစားစား ဆက်ဆံနေတတ်ဖို့ကို သင်ကိုယ်တိုင်ကပင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိရမည်။ 
ဤသည်မှာ အပြုသဘောဆောင်သည့် စိတ်ဓာတ်ကို မြှင့်တင်ခြင်းပင် ဖြစ်လျက် ဤစိတ်ဓာတ်မှတဆင့် ကောင်းမွန်သော အကျိုးရလာဘ်များ တည်ရှိလာနိုင်၏။ ထိုအတွက်---


* သင်မှအစပြု၍ သင့်ရင်သွေးတွေအတွက် ဦးဆောင်ပြပေးပါ။ သူတို့လေးတွေအပေါ် မိမိက ဂရုတစိုက် ရှိနေကြောင်း သူတို့သိအောင် ဖော်ပြရမည်။ 
* မိမိနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးလေ့ရှိသော သူတို့၏လုပ်အားတိုင်းကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ 
* သူတို့၏အပြုစိတ်ဓာတ် အရည်အသွေး ကောင်းလေးတွေကို လိုတိုရှင်းနှင့် ချီးမွမ်းပြောဆိုပေးပါ။ 


(၂) သူတို့လေးတွေ၏ ဘဝထဲသို့ မိဘ သင်ပါ ပါဝင်ပတ်သက်ပါ---
သင့်ရင်သွေးငယ်တို့၏ လှုပ်ရှားဆောင်ရွက်ခြင်းကိစ္စရပ်တို့တွင် သင်ကိုယ်တိုင် ရောနှောပါဝင်ခြင်းဖြင့် သူတို့လေးတွေ၏ အားနည်းချက်ရော အားသာချက်တို့ကိုပါ သင်မျက်ဝါးထင်ထင် မြင်လာနိုင်ပေမည်။ သို့မှသာပဲ သူတို့လေးတွေ၏ စိတ်ဓာတ်ကို ပံ့ပိုးပေးနိုင်လာသော အခွင့်အလမ်းတို့နှင့်အတူ အားပေးမှုနှင့် လမ်းညွှန်မှုတို့ပါ ပြုလုပ်လာနိုင်ခြင်း ရှိမည်။ 
သူတို့ရဲ့ ကျောင်းတက်ချိန် ဘဝကိုသိအောင် စုံစမ်းမေးမြန်းရမည့် အချိန်တချိန် ယူပါ။ ကျောင်းတက်ချိန် ဘဝဆိုသည်မှာ သူတို့နှင့် အမြဲထိတွေ့မည့် ဆရာ ဆရာမအကြောင်း အတန်းတက်ဖက်အကြောင်း သင်ရိုးညွှန်းတန်းများအကြောင်း စသည်တို့ မလွဲမချွတ်ပါဝင်မည်။ 
သူ့စိတ်ဝင်စားမှုနှင့်ပတ်သက်၍ ပြောဆိုခြင်း၊ သူ့ရည်မှန်းချက် အိပမက်နှင့်စပ်လျဉ်း၍ ပြောဆိုခြင်းနှင့် သူ့စိတ်အား ထက်သန်နေသည့် ကိစ္စဆိုင်ရာကို ပြောဆိုခြင်း၊ အကယ်၍ ကလေးငယ်ထံမှ သင်ဆောင်ရွက်ချက် အပိုင်းများရှိနေပြီး ပြသလာခဲ့လျှင်မူ အထူးတလည် ကောင်းမွန်စွာ ဆောင်ရွက်ပေးလိုက်ပါ။


(၃) သင့်ကလေးငယ်၏ အပြုစိတ်ဓာတ်ဟု ထင်နေသည့် မှားသောစိတ်ခံစားချက်ကို မြင်အောင် ကြည့်ပြီး ကူညီပံ့ပိုးဖို့ လုပ်ပါ---
ကလေးငယ်၏ ခံစားချက်အမှားကို ကိုယ်တွယ်ရာတွင် အောက်ဖော်ပြပါ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်တတ်ဖို့ အရေးကြီးပါ၏။


သိပ်ခရေစေ့အတွင်းကျကျ ဖြစ်ချင်မှုကို ရှောင်ရှားပါ---
ခရေစေ့အတွင်းကျကျနှင့် သိပ်တိကျအောင် ဆောင်ရွက်ချင်သူတို့သည် ဘယ်သောအခါမျှ စိတ်မပျော်ပိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မိဘဘက်က အများတကာက မိမိတို့အပေါ် ဘယ်လိုမြင်ကုန်ကြမလဲဆိုသော စိတ်ပေါ်တွင် အားထားဆောင်ရွက်နေရသည့်သေဘာ ရှိနေ၍ပင် ဖြစ်လေသည်။ 

အကောင်းမြင်ဝါဒ တည်ရှိအောင် သင်ကြားပါ---
ဘဝတွင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစိတ် တည်ရှိနေဖို့ဆိုသည်မှာ အကောင်းမြင်ဝါဒစိတ်နှင့် ဆိုင်သည်။ သင့်တွင် အကောင်းမြင်ဝါဒ တည်ရှိလာသောအခါ ဘဝအပေါ် အဆိုးထက် အကောင်းဘက်သို့ အမြင်ပိုအလေးသာသွားရတတ်၏။  ပြဿနာဟူသမျှတိုင်း ဖြေရှင်းလို့ရမည်ဟုပါ မြင်လာနိုင်သည်။ သင့်ဘဝ တည်ဆောက်ခဲ့ပုံတို့ကို သင့်ရင်သွေးအား မကြာခဏ ပြောပြရမည်။ ဒုက္ခအပေါင်းကို သင်ဘယ်သို့ကျော်လွှား၍ အောင်မြင်လာပုံတို့ကို ပြောပြဖို့ လိုမည်။ ဘဝဆိုတာ စိန်ခေါ်မှုအမျိုးမျိုးနှင့် အရင်းတည်နိုင်မှသာ အောင်မြင်လာနိုင်မည့် အကြောင်းများကို အဓိက အသိပေးခြင်းပင်။

(၄)သင့်ရင်သွေး၏ ဒုက္ခပေးတတ်သော အပြုအမူကို ခွဲခြားစိစစ်တတ်ပါ---
သင့်ကလေး၏ ဒုက္ခပေးနေသော အပြုအမူကို ဖော်ထုတ်ရန် နည်းလမ်းမှာ-
* သူ၏ အဓိက ဒုက္ခပေးတတ်သော အပြုအမူကို အတိအကျ ဖော်ထုတ်ခြင်း။
* သူ၏ ပြဿနာဖြစ်ရသော အကြောင်းသည် လူကြောင့်မဟုတ်ဘဲ အပြုအမူကြောင့်သာ ဖြစ်ရကြောင်း သင့်ရင်သွေးသိအောင် ပြောပြပါရန်။
ထိုသောအကျင့်အပေါ် သင့်ရင်သွေး ထိန်းသိမ်းအုပ်ချုပ်တတ်လာရန်ပါ သင်ကိုယ်တိုင်ကပင် နည်းလမ်းရှာပေးခြင်းများ စသည်---


(၅) သင့်ရင်သွေး တွေးခေါ်တတ်အောင် ပျိုးထောင်ပေးခြင်း---
မတူညီခြားနားသော အတွေးအမျိုးမျိုးတို့ သီးပွင့်တတ်၍ ကလေးငယ်၏စိတ်ဆိုသည်မှာ ပန်းဥယျာဉ်နှင့် တူနေပေသည်။ သို့မို့ကြောင့် သူတို့၏ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစိတ်ဓာတ်များ ဖွံ့ဖြိုးလာဖို့လည်း မိဘ၏ ပျိုးထောင်မှုနှင့် ဆိုင်နေသေးပေ၏။


* သင့်ကလေးငယ်၏ စိတ်ထဲတွင် ပြောနေတတ်သော စကားလုံးတို့က သူ့ကို မည်ကဲ့သို့သော အကောင်းနှင့်အဆိုး ခံစားနေစေကြောင်း ပြောကြည့်ခိုင်းရမည်။
* ခံစားချက်အကောင်းနှင့် ခံစားချက်အဆိုးတို့ကို ဥပမာ စကားလုံးလေးများ တန်ဆာဆင်၍ ပြောပြခိုင်းပါ။
* သင့်ကလေး စိတ်တခုထဲတွင် ကျရှုံးစိတ်(သို့မဟုတ်) စိတ်ပျက်စိတ်တို့ ဝင်နေသည်ကို မြင်ရသည့်အခါ သူလေး၏ ဦးခေါင်းထဲတွင် ဘာစကားသံတွေများ ထွက်နေသလဲ မေးမြန်းကြည့်ရမည်။
* ဒီစိတ်ပေါ်ချိန် ရောက်သည့်အခါကျတိုင်း သူတို့ကိုယ်တိုင်ကိုပါ စစ်ဆေးခိုင်းပါ။
* ကောင်းသောအတွေးများ တွေးခေါ်တတ်အောင် သင့်ဘက်က အားပေးပျိုးထောင်တတ်ရမည်။
*  အကယ်၍ အောင်စိတ်ဝင်၍ ခံစားချက် ကောင်းမွန်နေသည်ကို မြင်ရသည့်အခါမှာပါ သူ့ခေါင်းထဲတွင် မည်သည့်စကားသံများ မြည်ဟည်းနေ၍ သူ ဤကဲ့သို့ ကောင်းမွန်သောသဘောကို ထားရှိနိုင်လာသလဲဟုပါ မေးမြန်းကြည့်ပါ။
* ဤကဲ့သို့ ကောင်းမွန်သော ခံစားချက်ကို မှတ်မိအောင်ပါ မကြာခဏ ရေရွတ်ခိုင်းရမည်။


(၆) ပြဿနာဖြေရှင်းနည်းများ ကျွမ်းကျင်လာအောင် သင့်ကလေးကို လေ့ကျင့်ပေးခြင်---
သင့်ရင်သွေး အမှားတခုပြုမိပြီဆိုလျှင် မိဘဖြစ်သည့် သင်က အောက်ဖော်ပြပါ နည်းစနစ်များဖြင့် ဆောင်ရွက်တတ်ဖို့ သတိပြုရမည်။
*  အမှားတခုခု ပြုမိမှုနှင့်ပတ်သက်၍ ဝမ်းနည်းပန်းနည်းရှိနေသော ခံစားချက်ဟူသမျှ ပြောခိုင်းပြီး သင် နာေးထာင်နိုင်စွမ်းရမည်၊ သူ ဘယ်သူ့အပေါ် အဓိက မကျေနပ်၍ ဝမ်းနည်းပန်းနည်း ဖြစ်နေရတာလဲဟူ၍ သင်တွေးဖို့ လုပ်ရမည်။
*  သင့်ရင်သွေးတွင် ပြဿနာဖြေရှင်းဖို့ လိုအပ်လာတိုင်းမှာ သင်က ဖုတ်ပူမီးတိုက်ဝင်ဖြေရှင်းဖို့ လုပ်ရမည့်အစား ပထမဦးစွာ စိတ်ရှည်ရှည်ထား၍ နားထောင်တတ်ဖို့ လိုမည်၊ ပြီးတော့မှပင် တတ်နိုင်မည့်ဘက်က ဝင်ကူညီဖို့ နည်းလမ်းရှာ ဆောင်ရွက်ရမည် ဖြစ်သည်။
* ဘာလုပ်နိုင်မလဲ၊ ဒါမှမဟုတ် ဘာလုပ်သင့်သလဲ ဆိုတာကို သင့်ရင်သွေးခမျာ တွေးဆဖြေရှင်းတတ်လာအောင် သင်က ကူညီလမ်းညွှန်ပေးတတ်ဖို့လိုသည်။ သို့မှပဲ နောင်အနာဂါတ်များ၌ အသေးအဖွဲအကြောင်းကအစ သင့်ရင်သွေးတွေ ဆက်ဖြေရှင်းနိုင်တတ်လာမည်ဖြစ်သည်။ 

ဤအတွက် သင့်ရင်သွေးကို မေးခွန်း(၅)သွယ်ထုတ်ဖို့ လိုအပ်လာမည်။
*  အဲဒီအချိန်တုန်းက သား ဘာကိုအဓိက လိုချင်ခဲ့တာလဲ-ဆိုသော မေးခွန်းမျိုး။
* နောက်တခါလောက် ပြန်တွေးကြည့်စမ်း၊ အဲဒီတုန်းက သားပြောတဲ့ပြဿနာကို ကျော်လွှားနိုင်မယ့် တခြားထွက်ပေါက်ရော တကယ်မရှိလို့လား၊ စဉ်းစားကြည့်ပါအုံး၊ တခြားနည်းလမ်း ရှိချင်ရှိမှာပါ-ဟူသည်မျိုး။
* အဲဒီအတိတ်ကို ခဏလောက် တွေးပါအုံး၊ လုပ်သင့်တဲ့ကိစ္စကို မင်းဘယ်လိုတွေးနေခဲ့လို့လဲ စဉ်းစားလိုက်ပါဦး၊ ဒါမှမဟုတ် မင်း ဘာကိုလုပ်ခဲ့ပြီးလဲဆိုတာ တွေးကြည့်စမ်း-ဟု တိုက်တွန်းသည်မျိုး။
*  နောက်တခါရောက်ရင်ရော သား ဘယ်လိုမတူအောင် လုပ်ဦးမှာလဲ-ဟု မေးမြန်းစူးစမ်းသည်မျိုးတွေ။
*  သား အခုလုပ်ဖို့ရော ဘာလိုအပ်နေသေးလဲ၊ ဥပမာ-တယောက်ယောက်ထံ တောင်းပန်ဖို့ လိုအပ်နေပြီလား စသည်ဖြင့် မေးတတ်ဖို့ပင် ဖြစ်သည်။


(၇) သင့်ရင်သွေးအတွက် အောင်မြင်မှုပွတြော် ကျင်းပခြင်း---
သူတို့လေးတွေ၏ အောင်မြင်မှုအပေါ် ဂုဏ်ယူနေသည့် စိတ်ဓာတ်လေးတွေအား မိဘ၏မြှောက်စားမှု ခံရသော ရင်သွေးတို့လောက် ပီတိပိုဖြာနိုင်သောအရာသည် အဘယ်မှာလျှင် ရှိပါချေမည်နည်း။

 မိဘများ ရှောင်ကြဉ်ရန်ကား---
*  သင့်ရင်သွေး၏ အမှားများတို့အား ဆွဲထုတ်ပြပြီး လွန်ကဲစွာ အပြစ်တင်ပြောဆိုနေခြင်းများ။
*  သင်တို့လေးတွေ၏ အတိတ်က အမှားများအား အဆက်မပြတ် သတိရရှိအောင် ဖန်တီးနေသည်နှင့်မခြား ရှိခြင်းသည် ရင်သွေးတို့၏ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစိတ်အား နွမ်းလျမှေါ်မှိန်စေပါသည်။


သင့်ကလေး၏ အောင်မြင်မှုများကို မျက်စိလျှမ်းနေခြင်း---
* မိဘထံမှ ချီးကျူးမှုကို အနည်းအပါးမျှသာ ရရှိသော ရင်သွေးသည် မိမိ၏ ယုံကြည်စိတ်ချမှုကို အနည်းအကျဉ်းသာ မြှင့်တင်နိုင်ပါမည်။


သန်းမြင့်ဦး
(ဂမ္ဘီရ ၂၀၀၈-စက်တင်ဘာလ)