Saturday, September 29, 2012

လစဉ် ဟောစာတမ်း (အောက်တိုဘာလ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( အောက်တိုဘာလ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

Thursday, September 6, 2012

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား ( ၇ )


( ဆန္ဒ )
အာရုံတခုခုကို ပြုလိုခြင်း (ရယူလိုခြင်း)ကို ဆန္ဒ-လို့ ခေါ်ပါတယ်။
ဒီဆန္ဒသဘောဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ အလွန်ထင်ရှားပါတယ်၊ ဘုရားကို သွားချင်တာ၊ ကျောင်းကို သွားချင်တာ၊ ဥပုသ်စောင့်ချင်တာ၊ တရားနာချင်တာ၊ တရားထိုင်ချင်တာ၊ သူတပါးအကျိုး ဆောင်ရွက်လိုတာကအစ နိဗ္ဗာန်လိုချင်တာအထိ အကုန်လုံးဟာ ဆန္ဒချည်းဖြစ်ပါတယ်။ တော်ရုံတန်ရုံ လိုချင်ရာမှာ ဆန္ဒက အားသေးပါတယ်၊ မဖြစ်မနေ လိုချင်ရာ၊ မရမကလိုချင်ရာတွေမှာတော့ ဆန္ဒက အားကြီးပါတယ်၊ ဒါပေမယ့် ဆန္ဒရှိရုံ တောင့်တရုံနဲ့တော့ လိုချင်တာကို ရနိုင်မှာ မဟုတ်ပါ၊ လိုချင်တောင့်တသည့် အားလျော်စွာ ကြိုးစားအားထုတ်မှု ဝီရိယပါမှသာ ရနိုင်မှာ ဖြစ်ပါတယ်။

အထက်တန်းကို ရောက်ရန် အခြေခံမျှော်မှန်းချက် (ဆန္ဒ)မျှ မရှိပါရင် မည်သူမျှ ထက်ထက်သန်သန် ကြိုးစားအားထုတ်ကြမယ် မဟုတ်ပါ၊ မျှော်မှန်းချက်ရှိသူတွေကသာ ထက်ထက်သန်သန် ကြိုးကြိုးစားစား အားထုတ်ကြပါတယ်၊ သို့ဖြစ်သည်အားလျော်စွာ လူသားတိုင်း လူသားတိုင်းက မျှော်မှန်းချက်(ဆန္ဒ) တခုခုကို ထားသင့်ပါတယ်၊ အဲဒီဆန္ဒကို အာသာ-(လိုလားတောင့်တမှု) လို့လည်း ခေါ်ပါတယ်၊ ဒါပေမယ့် အဲဒီလို အာသာဆန္ဒ ရှိရုံမျှနဲ့ (ဆုတောင်းနေရုံမျှနဲ့) တော့ မိမိတို့ရဲ့ မျှော်မှန်းချက် မပြည့်စုံနိုင်ပါ၊ မျှော်မှန်းထားသည့်အတိုင်း စိတ်ပါလက်ပါ ကြိုးစားအားထုတ်မှသာ ပြည့်စုံနိုင်ပါတယ်။

အခုခေတ်မှာ အထက်တန်းရောက်နေသူတွေက အများအားဖြင့် အာသာဆန္ဒအားလျော်စွာ ကြိုးစားအားထုတ်လာကြသူတွေသာ ဖြစ်ကြပါတယ်၊ သို့ဖြစ်၍ ခဲခဲယဉ်းယဉ်း ရရှိလာတဲ့ မိမိတို့ရဲ့ လူ့ဘဝကို ခုရောနောင်ပါ အထက်တန်းရောက်အောင် ထက်သန်တဲ့ အာသာဆန္ဒကို အရင်းခံပြီး သမ္မာရဒ္ဓ ဝီရိယဖြင့် ကိုယ်စီကိုယ်င မြှင့်တင်နိုင်ကြပါစေ။

( မောဟ အဝိဇ္ဇာ )
အာရုံမှာ တွေဝေစေတတ်တဲ့အတွက် မောဟ-လို့ ခေါ်ပါတယ်။
ဒီမောဟဟာ ဉာဏ်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမယ့် ဝိစိကိစ္ဆာသဘောလို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကို  မသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။
ဘဝင်ကျလို့ အိပ်ပျော်နေသလို မသိရုံသက်သက်လည်း မဟုတ်ပါဘူး၊ ဉာဏ်က အမှန်ကိုသိပြီး မောဟက အမှားကို သိပါတယ်၊ ဒါကြောင့် ဉာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်း ဆိုရပါတယ်။
ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဖက်) အကုသိုလ် စေတသိက်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း မသိစေတတ်၊ ဒါကြောင့် ဒီမောဟကို အဝိဇ္ဇာ-လို့လည်း ခေါ်ပါသေးတယ်။

အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဒီ ၈-ဌာနဟာ သိသင့်တဲ့ ဌာနတွေ ဖြစ်ပါတယ်။
အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်၊
အလားတူပဲ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။ 
နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

( ရှက်ဖွယ်ချည်းသာ )
အကုသိုလ်မှန်က ရှက်စရာချည်းသာ ဖြစ်ပါတယ်၊
အပြင်းအထန် စိတ်ဆိုးတာနဲ့ အော်ဟစ်ငေါက်ငမ်း ကြမ်းတမ်းစွာ ပြောဆိုတဲ့ ဒေါသ၊
နှလုံးလေပင့် ဘဝင်မြင့်ကာ ထောင်လွှားတက်ကြွ သူတပါးကို အဖက်မထင် စိတ်ကြီးဝင်တဲ့ မာန၊
ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်တဲ့ ဣဿာ စသည်တို့လည်း စက်ဆုပ်ရွံရှာ ရှက်စရာကောင်းလှပါတယ်၊ ဒါကြောင့် ဒုစရိုက် မကောင်းမှုမှန်ရင် အကုန်လုံး ရှက်စရာချည်းသာ မှတ်ပါ။

( မြောင်းမြတိုက်သစ် ပဇ္ဇောတာရုံနှင့် မှော်ဘီသာသနာ့ဝန်ဆောင် ဆရာတော် အရှင်ကုမာရ )

ကျေးဇူးတော်ရှင်တို့၏ ကျေးဇူးစကား ( ၆ )

( ဝိပလ္လာသ ဆိုသည်ကား )
မဟုတ်မမှန်၊ ဖောက်ပြန်မှားယွင်းခြင်းကို ဆိုသည်။
ဖောက်ပြန်ခြင်း သုံးပါးရှိ၏၊
၁။ သညာ၏ ဖောက်ပြန်ခြင်း တပါး
၂။ စိတ်၏ ဖောက်ပြန်ခြင်း တပါး
၃။ ဒိဋ္ဌိ၏ ဖောက်ပြန်ခြင်း တပါး
(၁-အမှတ်မှားခြင်း၊ ၂-အသိမှားခြင်း၊ ၃-အမြင်မှားခြင်း ဟူလို)

သညာ၏ ဖောက်ပြန်ခြင်း လေးပါး ရှိ၏။
၁။ အနိစ္စ၌ နိစ္စဟူ၍ အမှတ်မှားခြင်း တပါး
၂။ ဒုက္ခ၌ သုခဟူ၍ အမှတ်မှားခြင်း တပါး
၃။ အနတ္တ၌ အတ္တဟူ၍ အမှတ်မှားခြင်း တပါး
၎။ အသုဘ၌ သုဘဟူ၍ အမှတ်မှားခြင်း တပါး

စိတ်ဖောက်ပြန်ခြင်းလည်း လေးပါး ရှိ၏။
၁။ အနိစ္စ၌ နိစ္စဟူ၍ အသိမှားခြင်း တပါး
၂။ ဒုက္ခ၌ သုခဟူ၍ အသိမှားခြင်း တပါး
၃။ အနတ္တ၌ အတ္တဟူ၍ အသိမှားခြင်း တပါး
၎။ အသုဘ၌ သုဘဟူ၍ အသိမှားခြင်း တပါး

ဒိဋ္ဌိ၏ ဖောက်ပြန်ခြင်းလည်း လေးပါး ရှိ၏။
၁။ အနိစ္စ၌ နိစ္စဟူ၍ အမြင်မှားခြင်း တပါး
၂။ ဒုက္ခ၌ သုခဟူ၍ အမြင်မှားခြင်း တပါး
၃။ အနတ္တ၌ အတ္တဟူ၍ အမြင်မှားခြင်း တပါး
၎။ အသုဘ၌ သုဘဟူ၍ အမြင်မှားခြင်း တပါး
(ဤကား ဝိပလ္လာသာ ၁၂-ပါး သရုပ်တည်း)

( တရားဟောသူ တရားနာသူ )
ဓမ္မကထိက ပုဂ္ဂိုလ်သည် မြင့်သော ညီမျှသော ညောင်စောင်း၊ အင်းပျဉ်၊ တရားဟောပလ္လင်၊ ကုတင်၊ ကုလားထိုင်၊ ခုံတန်းရှည် စသည်တို့၌ ထိုင်နေ၍ တရားဟောလျှင် 
နိမ်ကျသော ညီမျှသော ကုလားထိုင်၊ ခုံတန်းရှည်၊ စသည်တို့မှာ ထိုင်နေ၍ တရားနာကြလျှင် မရိုသေမှုအတွက် ဝိနည်းတော်နှင့် ဆန့်ကျင်သော အပြစ် မရှိဟူ၍ သိအပ်၏။

ဓမ္မကထိက တရာဟောပုဂ္ဂိုလ်တို့ ဟောရာတွင် ဥဒ္ဒိဿနည်းအားဖြင့် ဟောလျှင် ဟောသောပုဂ္ဂိုလ်နှင့် နာသောပုဂ္ဂိုလ် နှစ်ပါးအပေါ်မှာသာ ဂါရဝအဖြစ်၊ အာပတ္တိအဖြစ်ကို ဆုံးဖြတ်အပ်၏။
ရည်ရွယ်၍ မဟောအပ်သော သူများနှင့်မဆိုင်၊ တယောက်ကို ရည်စူး၍ ဟောနေလျှင် မရည်စူးသော ပုဂ္ဂိုလ်တို့က ဘယ်နေရာကပင်နေ၍ နာသော်လည်း အပြစ်မရှိ၊ ထိုမရည်စူးအပ်သော သူတို့က မသင့်သောနေရာ၌ နေ၍နာမှုကြောင့် ဓမ္မကထိကပုဂ္ဂိုလ်မှာလည်း အာပတ်မသင့်၊ 

အနုဒ္ဒိဿ နည်းအားဖြင့်  ရှေ့၌ရောက်လာသမျှတွေကို သိမ်းရုံး၍ ဟောကြားလျှင် တရားနာပုဂ္ဂိုလ်အတွက် မရိုသေမှု၊ ဓမ္မကထိကအတွက် အာပတ်သင့်မှုများသည် ပရိသတ် တစုလုံးနှင့် ဆိုင်၍နေ၏။

( အဘိညာ ပရိညာ )
၁။ အဘိညာ ဆိုသည်ကား သိရိုးသိစဉ်ထက် အထူးအချွန် လွန်၍ သိခြင်း။
၂။ ပရိညာ ဆိုသည်ကား သိထိုက်သော အထွေအပြားတို့ကို အသီးသီး ခြားနား၍ သိခြင်း။
ထိုနှစ်ပါးတို့တွင် အဘိညာ၌ သိရိုးသိစဉ် ဆိုသည်ကား----
ခပ်သိမ်းသော ပုထုဇဉ်သတ္တဝါတို့၏ သိရိုးသိစဉ်ပေတည်း၊ ဝိပလ္လာသတရားတို့၏ သိခြင်းပေတည်း၊ ထိုသိရိုးသိစဉ်ထက် အထူးအချွန် လွန်၍သိခြင်းဆိုသည်ကား ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ၊ အတ္တဟူ၍ မရှိ၊ ဇီဝဟူ၍ မရှိ၊ ရုပ်တရား နာမ်တရားသည်သာ ရှိ၏၊ ထိုရုပ်တရား နာမ်တရားသည်လည်း ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါ မဟုတ်၊ အတ္တ မဟုတ်၊ ဇီဝ မဟုတ်ဟု သိခြင်းသည် သိရိုးသိစဉ်ထက် အထူးအချွန် လွန်၍သိခြင်း မည်၏။ ဤကဲ့သို့ သိခြင်းကို အဘိညာ ဆိုသည်။

ပရိညာ၌ သိထိုက်သော အထွေအပြားတို့ကို ခြားနား၍ သိခြင်းဆိုသည်ကား---
ထိုရုပ်တရား နာမ်တရားတို့ကို ဤကား ပထဝီ၊ ဤကား အာပေါ၊ ဤကား စိတ်၊ ဤကား ဖဿ-စသည်ဖြင့် ခြားနား၍ သိခြင်း ဉာတပရိညာ တပါး။ 
၎င်းတို့၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော တို့ကို ပိုင်းပိုင်းခြားခြား သိမြင်ခြင်း တိရဏပရိညာ တပါး။
အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို ထင်မြင်သဖြင့် နိစ္စ သုခ အတ္တ အနေနှင့် စွဲလမ်းရင်းရှိသော ကိလေသာတို့ကို ပယ်ခွာစေနိုင်ခြင်း ပဟာနပရိညာ တပါး။
ဤပရိညာ သုံးပါးတို့ကို ဆိုသည်။

ဤအဘိညာဉာဏ် ပရိညာဉာဏ်တို့ကို ပေါက်ရောက်နိုင်သောသူသည် မိမိသန္တာန်၌ ဝိပလ္လာသတရားတို့၏ သိမြင်ချက်တို့ကို သိမြင်သလိုမဟုတ်၊ အသိမှား၊ အမြင်မှား ဖြစ်သည်ဟု မိမိဉာဏ်ဖြင့် ငြင်းဆန်ပယ်ဖျက်နိုင်၏။

( ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး )

အသျှင်အင်္ဂုလိမာလထေရ်၏ ဥဒါန်း

မြတ်စွာဘုရားရှင်ထံ ရဟန်းအဖြစ်ကိုရပြီး မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပြီးသော မြတ်သောအကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်မဂ်ကိစ္စကို
ပြုပြီးသော ရဟန္တာအသျှင် အင်္ဂုလိမာလသည် နံနက်အချိန်၌ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ရာ တပါးသောအရပ်သို့ပစ်သော ခဲ၊ တုတ်၊ လှံတံ၊ ကျောက်စရစ်တို့သည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်သို့ ကျ၏၊ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ကွဲသောဦးခေါင်း၊ ယိုစီးသော သွေး၊ ကွဲသော သပိတ်၊ စုတ်ပြတ်သော ဒုကုဋ်တို့ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

မြတ်စွာဘုရားသည် အဝေးမှလာသော အသျှင်အင်္ဂုလိမာလကို မြင်တော်မူ၍
 “မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင် သည်းခံလော့၊ 
မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင်သည် ယင်းအကုသိုလ်ကံ၏ အကျိုးအပြစ်ဖြင့် နှစ် ရာပေါင်း၊
ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျလေရာ၏၊ 
မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင်သည် ထိုအကုသိုလ်အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏”ဟု မိန့်တော်မူ၏။ 
ထိုအခါ အသျှင်အင်္ဂုလိမာလသည် ဆိတ်ငြိမ်ရာသို့ကပ်၍ တပါးတည်း ကိန်းအောင်းလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစား၍ ဤဥဒါန်းကို ကျူးရင့်၏။

“ရှေးအခါကသာလျှင် မေ့လျော့၍ နောက်အခါ၌ မမေ့မလျော့သူသည် တိမ်တိုက်မှ လွတ်သော လ-ကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။
ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ဤသတ္တလောကကို ထွန်းလင်းတောက်ပစေ၏။
ငယ်ရွယ်စဉ်ကပင် မြတ်စွာဘုရား၏ သာသနာတော်၌ အားထုတ်သော ရဟန်းသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ထွန်းလင်းတောက်ပစေ၏။
ငါ၏ရန်သူတို့သည် တရားနှင့်စပ်သော စကားကို ကြားနာကြာပါစေကုန်သတည်း၊ 
ငါ၏ရန်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ အားထုတ်ကြပါစေကုန်သတည်း၊ 
ငါ၏ရန်သူတို့သည် သူတပါးအား တရားကို ဆောက်တည်ကြစေသည့် သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်ကြပါစေကုန်သတည်း။ 
ငါ၏ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊ မဆန့်ကျင်မှု မေတ္တာကို ချီးကျူးလေ့ရှိကုန်သော သူတို့၏ တရားကို အခါခါ နာကြားနိုင်ကြပါစေကုန်သတည်း။
ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။
ငါ၏ရန်သူတို့သည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ငါမှတပါး အခြားသူကိုလည်း မညှဉ်းဆဲပါစေသတည်း၊ မွန်မြတ်သော နိဗ္ဗာန်သို့ရောက်၍ အမြဲတပ်မက်သော တဏှာကို စောင့်ရှောက်နိုင်ပါစေသတည်း။

ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏၊ မြားသမားတို့သည် မြားကို ဖြောင့်ကြကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြကုန်၏၊ ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြကုန်၏။
အချို့သူတို့သည် လှံတံဖြင့်၎င်း၊ ချွန်းကောက်ဖြင့်၎င်း၊ ကြိမ်လုံးတို့ဖြင့်၎င်း ဆုံးမကြကုန်၏၊ တာဒိဂုဏ် ရှိတော်မူသော မြတ်စွာဘုရားသည် တုတ် လှံတံ မရှိဘဲ၊ လက်နက်မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။

ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက် “အဟိံသက”အမည် ရှိခဲ့၏၊ ငါသည် ယနေ့မှစ၍ တစုံတယောက်ကိုမျှ မညှဉ်းဆဲတတ်သောကြောင့် မှန်ကန်သောအမည် ရခဲ့ပြီ၊ ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ ကြီးစွာသော သံသရာသြဃ၌ နစ်မျောသည်ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ပါ၏။
ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော၊ သွေးစွန်းသော လက်ရှိသော သူသတ်ယောက်ျား
ဖြစ်ခဲ့၏၊ ကိုးကွယ်ရာနိဗ္ဗာန်ကို မြင်သည်ဖြစ်၍ ဘဝနှောင်ကြိုးနှင့်တူသော တဏှာကို နုတ်ပယ်ခဲ့ပြီ။
အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော အကုသိုလ်ကံကို ပြုခဲ့သော်လည်း ယင်းကံကို ရှို့မြိုက်တတ်သည့် မဂ်စေတနာ တွေ့ထိအပ်သောကြောင့် မကောင်းကျိုး ကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကို ငါ သုံးဆောင်ရပေပြီ။

ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊ ပညာရှိယောက်ျားသည် မမေ့မလျော့မှုကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏၊ မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊ မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာ ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏။
ငါ၏ သာသနာဘောင်သို့ ရောက်လာခြင်းသည် ကောင်းသောရောက်လာခြင်းပေတည်း၊
ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊ ကောင်းစွာ ဝေဖန်ဟောကြားအပ်သော တရားတို့တွင် အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ပြီ၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးပေပြီ။

(မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြတ်မာပြန်၊ ရာဇဝဂ်၊ အင်္ဂုလိမာလသုတ်)

Wednesday, September 5, 2012

ပျက်စီးခြင်း လေးပါး နှင့် တရားလေးပါး

ထုလ္လကောဋ္ဌိက နိဂုံးမှ အမျိုးကောင်းသား ရဋ္ဌပါလသည် မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ရပြီး ပြင်းစွာအားထုတ်လျက် ရဟန္တာဖြစ်တော်မူသည်။ ထိုရဟန္တာအသျှင် ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိက နိဂုံး ကောရဗျမင်း၏ မိဂဓီရဥယျာဉ်တွင် သီတင်းသုံးတော်မူစဉ် ကောရဗျမင်းသည် ချဉ်းကပ်ဖူးမြော်ပြီး အသျှင်ရဋ္ဌပါလအား---

“အသျှင်ရဋ္ဌပါလ---အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော မျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်း ဟူသော ပျက်စီးခြင်းလေးပါးနှင့် ပြည့်စုံသောသူ အချို့တို့သည်သာ ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီး လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလ၌ မရှိကုန်၊ အသျှင်သည် အဘယ်အကျိုးကိုသိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း”ဟု လျှောက်၏။

မင်းကြီး---သိတော်မူ မြင်တော်မူ၍  ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် လေးပါးသောတရားအကျဉ်း တို့ကို ညွှန်ပြတော်မူ၏၊ ငါသည် ယင်းတရားတို့ကို သိ၍ မြင်၍ ကြား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အဘယ်လေးပါးတို့နည်း ဟူမူ---
မင်းကြီး---အိုခြင်း သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟူ၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိဟူ၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏-ဟူ၍ လူအပေါင်းတို့သည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ကျွန်တည်း-ဟူ၍ ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ညွှန်ပြ၏”ဟုဆိုပြီး 

---“နှစ်ဆယ် အစိတ်အရွယ်က သင်မင်းကြီးသည် ဆင်စီး မြင်းစီး ဓားလှံ လေးအတတ်တို့ တတ်မြောက်ပြီး၍ စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအား ရှိခဲ့ဖူးသည် မဟုတ်ပါလော၊ ယခု ထိုစွမ်းအား ရှိသေး၏လော” ဟုမေး၏၊
---“အရှင်ရဋ္ဌပါလ၊ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့်၍ နောက်ဆုံးအရွယ်ရောက်ပါပြီ၊ ရှစ်ဆယ်အရွယ် ရှိပါပြီ”ဟု လျှောက်၏၊
“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ အိုခြင်း၊ သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟု ဟောတော်မူ၏”
“မင်းကြီးသည် သက်သာရာ မရအောင် နာကျင်သော အနာတစုံတခု ဖြစ်ဖူး၏လော”ဟုမေး၏၊
“ဖြစ်ဖူးပါ၏”ဟု လျှောက်၏၊
“သင်မင်းကြီးသည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို အမောင်တို့ ငါခံစားရသည့် ဝေဒနာ ပေါ့ပါးသက်သာအောင် သင်တို့သည် ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတံ့လော”
“အသျှင်ရဋ္ဌပါလ မရနိုင်ပါ”
“မင်းကြီး---မြတ်စွာဘုရားသည် ဤသို့သဘောရှိသောအကြောင်းကို ရည်ရွယ်၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိ-ဟု ဟောတော်မူ၏၊
“သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားဘိသကဲ့သို့ တမလွန်လောက၌လည်း ထို့အတူသာလျှင်စံပယ်ခံစားရအံ့ဟု သင်မင်းကြီး ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တပါးသောသူတို့သည် ဤစည်းစိမ်ကို သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလော။
“အသျှင်ရဋ္ဌပါလ-ကျွန်ုပ်မှာ ကံအားလျော်စွာသာ သွားရပါမည်”
“မင်းကြီး မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏ဟု ဟောတော်မူ၏။

“မင်းကြီးသည် စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍နေသည် မဟုတ်ပါလော”
“အသျှင် မှန်ပါ၏”
ယုံကြည်သင့်၍ ခိုင်လုံသော စကားရှိသော ယောက်ျားတယောက် တယောက်တို့သည် အရှေ့ အနောက် မြောက် တောင်အရပ်မှ သမုဒ္ဒရာတဖက်ကမ်းမှလာ၍ သင်မင်းကြီးအား ချဉ်းကပ်ပြီး ထိုအရပ်တို့၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ ဆင်-မြင်း-ရထား-ခြေသည် သူရဲအပေါင်းများကုန်သော၊ ဥစ္စာ စပါး ရွှေငွေ ပေါများသော သိမ်းယူသင့်သော မိန်းမလည်း ပေါများသော နယ်ပယ်ကြီးများ ရှိပါ၏၊ စစ်သည် ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် သင်မင်းကြီး အသို့ပြုရာသနည်း”
“အသျှင် ထိုနယ်ပယ်တို့ကိုလည်း ကျွန်ုပ် သိမ်းပိုက်စိုးအုပ်နေကုန်အံ့”

“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း-ဟု ဟောတော်မူ၏”ဟု ဆို၏၊
ထို့ပြင် အသျှင်ရဋ္ဌပါလသည် ဤဂါထာများကို ဟောကြားပြန်၏၊
မင်းကြီး-လောက၌ ဥစ္စာရှိသူတို့ကို ငါမြင်ရသည်မှာ မောဟဖက်၍ ရပြီးဥစ္စာကို မလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍တိုး၍သာ ပြုကြကုန်၏။

မင်းသည်၎င်း အခြား လူအများသည်၎င်း တပ်မက်မှု မကင်းခြင်းဖြင့်သာ သေခြင်းသို့ ရောက်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း၊
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်းပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလှ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟု ဆိုကြကုန်၏၊ လူမိုက်သည်ကား တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်၊
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေးသောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်ကို ပြုမိကြကုန်၏။

မင်းကြီး-ကာမဂုဏ်ငါးပါးတို့သည် ဆန်းကြယ်ကုန်သည်သာတည်း၊ သာယာဖွယ်၊ မွေ့လျော်ဖွယ် ကဲ့သို့ ဖြစ်ကုန်၏၊ အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို မြင်သောကြောင့် ငါသည် ရဟန်းပြု၏၊ 

မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် ရာဇဝဂ် ရဋ္ဌပါလသုတ်


Tuesday, September 4, 2012

ပယ်အပ်သောတရား

ရဟန်းတို့-ကိုယ်ဖြင့်ပယ်၍ နှုတ်ဖြင့် မပယ်အပ်ကုန်သော တရား၊
နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်ကုန်သော တရား၊
ကို်ယ်ြဖင့် နှုတ်ဖြင့်  မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်သောတရားတို့သည် ရှိကုန်၏။

ရဟန်းတို့-ကိုယ်ဖြင့်ပယ်၍  နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည်-
ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် အကုသိုလ်(အာပတ်)အစု တခုခုသို့ ရောက်၏၊ ထိုရဟန်းကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ “အသျှင်သည်ကား ကိုယ်ဖြင့် အကုသိုလ်(အာပတ်) အစု တခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ကာယဒုစရိုက်ကိုယ်ပယ်၍ ကာယသုစရိုက်ကို ပွားများပါလော”ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့်သက်ဝင်၍ ပြောဆိုသည်ဖြစ်ရကား ကာယဒုစရိုက်ကိုပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ 
ဤတရားတို့ကို ကိုယ်ဖြင့်ပယ်၍ နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့-နှုတ်ဖြင့်ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည်-
ဤသာသနာတော်၌ ရဟန်းသည် နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏။ “အသျှင်းသည်ကား နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက်ကို ပွားများပါလော့” ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ ဤတရားတို့ကို နှုတ်ဖြင့်ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်၏။

ရဟန်းတို့-ကိုယ်ဖြင့် မပယ်အပ်၊ နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်သော တရားတို့ဟူသည်-
လောဘကို ဒေါသကို မောဟကို အမျက်ထွက်မှုကို ရန်ငြိုးဖွဲ့မှုကို သူ့ကျေးဇူးချေဖျက်မှုကို ဂုဏ်ပြိုင်မှုကို ဝန်တိုမှုကို
ယုတ်ညံ့သောငြူစူမှုကို ကိုယ်ဖြင့် မပယ်အပ်၊ နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်၏။

ရဟန်းတို့-ယုတ်ညံ့သော ငြူစူမှုဟူသည် ဤလောက၌ သူကြွယ်အား၎င်း၊ သူကြွယ်သားအား၎င်း၊ ဥစ္စာ စပါး ရွှေငွေနှင့် ပြည့်စုံ၏၊ ထိုသို့ ပြည်စုံရာ၌ အခြားသော ကျွန်အား၎င်း၊ ကပ်ရပ်နေသူအား၎င်း၊ ဤသူကြွယ် သူကြွယ်သားအား ဥစ္စာ စပါး ရွှေငွေနှင့် မပြည့်စုံပါမူ ကောင်းလေစွ-ဟု အကြံဖြစ်ရာ၏၊ သမဏသည်၎င်း၊ ဗြာဟ္မဏသည်၎င်း သင်္ကန်း ဆွမ်း ကျောင်း ဆေး အသုံးအဆောင်ကို ရသူဖြစ်၏၊ ထိုသို့ရရာ၌ အခြားသော သမဏအား၎င်း၊ ဗြာဟ္မဏအား၎င်း “ဤအရှင်သည် သင်္ကန်း ဆွမ်း ကျောင်း ဆေး အသုံးအဆောင်ရသူ မဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ ရဟန်းတို့-ဤတရားကို ယုတ်ညံ့သော ငြူစူမှုဟု ဆိုအပ်၏။

ရဟန်းတို့-ယုတ်ညံ့သော အလိုကို ကိုယ်ဖြင့် မပယ်အပ်၊ နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်၏၊ ယုတ်ညံ့သောအလို ဟူသည် ဤလောက၌ အချို့သောသူသည် သဒ္ဓါမရှိသူဖြစ်လျက် သဒ္ဓါရှိသူဟု ငါ့ကိုသိကြပါစေဟု အလိုရှိ၏။ 
သီလမရှိသူဖြစ်လျက် သီလရှိသူဟု ငါ့ကိုသိကြပါစေ၊ 
အကြားအမြင်နည်းသူဖြစ်လျက် အကြားအမြင်များသူဟု ငါ့ကို သိကြပါစေ၊ 
အပေါင်းအဖော်၌ မွေ့လျော်သူဖြစ်လျက် အပေါင်းအဖော်မှ ကင်းဆိတ်သူဟု ငါ့ကိုသိကြပါစေ၊ 
ပျင်းရိသူဖြစ်လျက် ထက်သန်သော လုံ့လရှိသူဟု ငါ့ကိုသိကြပါစေ၊ 
သတိလွတ်ကင်းသူဖြစ်လျက် သတိထင်သူဟု ငါ့ကိုသိကြပါစေ၊ 
မတည်ကြည်သူဖြစ်လျက် တည်ကြည်သူဟု ငါ့ကိုသိကြပါစေ၊ 
ပညာမဲ့သူဖြစ်လျက် ပညာရှိသူဟု ငါ့ကိုသိကြပါစေ၊
အာသဝေါတရား မကုန်သူဖြစ်လျက် အာသဝေါတရား ကုန်သူဟု ငါ့ကိုသိကြပါစေ-ဟု အလိုရှိ၏၊
ရဟန်းတို့-ဤတရားကို ယုတ်ညံ့သောအလိုဟု ဆိုအပ်၏၊ ဤတရားတို့ကို ကိုယ်ဖြင့် မပယ်အပ်၊ စိတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်သောတရားတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့-လောဘသည်၊ ဒေါသသည်၊ မောဟသည်၊ အမျက်ထွက်သူသည်၊ ရန်ငြိုးဖွဲ့သူသည်၊ သူ့ကျေးဇူးကို ချေဖျက်မှုသည်၊ ဂုဏ်ပြိုင်မှုသည်၊ ဝန်တိုမှုသည်၊ ယုတ်ညံ့သော အလိုသည်၊ အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ ဖြစ်ပါမူ “ဤအသျှင်သည် လောဘ၊ ဒေါသ၊ မောဟ၊ အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ သူ့ကျေးဇူးကို
ချေဖျက်မှု၊ဂုဏ်ပြိုင်မှု၊ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု၊ ယုတ်ညံ့သောအလို မဖြစ်မည့်အခြင်းအရာတို့ကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သောအလိုသည် လွှမ်းမိုး၍ ဖြစ်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ရဟန်းတို့-လောဘသည်၊ ဒေါသသည်၊ မောဟသည် ၊ပ၊ ယုတ်ညံ့သော အလိုသည် အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ မဖြစ်ပါမူ၊ “ဤအသျှင်သည် လောဘ၊ ဒေါသ၊ မောဟ ၊ပ၊ ယုတ်ညံ့သောအလို မဖြစ်မည့် အခြင်းအရာတို့ကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သောအလိုသည် လွှမ်းမိုး၍ မဖြစ်”ဟု ထိုရဟန်းကို သိအပ်သည်ဖြစ်ရာ၏ဟု မိန့်တော်မူ၏။

အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ မဟာဝဂ်၊ ကာယသုတ်မှ ကောက်နုတ်ရေးသားသည်။


Sunday, September 2, 2012

လစဉ် ဟောစာတမ်း ( စက်တင်ဘာလ-၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( စက်တင်ဘာလ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။