Wednesday, January 2, 2013

နေ့

နေ့ဟူသော အချိန်တာတွင် ဆိုလာနေ့နှင့် ဆိုက်ဒီးရီးယဲနေ့ ဟူ၍ ၂-မျိုးရှိသည်။ ဆိုလာနေ့ ဟူသည်မှာ နေကို အကြောင်းပြုထားသော နေ့ဟူ၍၄င်း၊ ဆိုက်ဒီးရီးယဲ နေ့သည် ကြယ်ကိုအကြောင်းပြုထားသော နေ့ဟူ၍၄င်း အဓိပ္ပါယ်ပေါက်သည်။

ဆိုလာနေ့မှာ ပထမနေမွန်းတည့်ချိန်မှ နောက်တကြိမ် နေမွန်းတည့်ချိန်အထိ ကြာသောအချိန် ဖြစ်သည်။ သို့ရာတွင် ဆိုလာနေ့ တနေ့နှင့်တနေ့သည် မတူချေ။ တနှစ်အတွင်း ပြောင်းလျက်ရှိသောကြောင့် တနှစ်လုံးတွင် ဖြစ်သော ဆိုလာနေ့တို့၏ ပျမ်းမျှခြင်းကိုယူ၍ ဆိုလာနေ့၏ အချိန်တာကို သတ်မှတ်ရသည်။ပျမ်းမျှ ဆိုလာနေ့ တနေ့၏ အချိန်တာသည် ဆိုက်ဒီးရီးယဲ အချိန်၏ ၂၄-နာရီ ၃-မိနစ် ၂၆.၅၅ စက္ကန့်နှင့် တူညီလေသည်။တနေ့လျှင်၂၄-နာရီ တိတိကျကျရှိသော ဆိုလာနေ့ပေါင်း တနှစ်လျှင် လေးနေ့သာ ရှိသည်။

ဆိုက်ဒီးရီးယဲနေ့မှာ သတ်မှတ်ထားသော ကြယ်တလုံးသည် ကြည့်ရှုသူ၏ မစ်ရစ်ဒီယန်းမျဉ်းခေါ် မွန်းတည့်မျဉ်းကို ပဌမအကြိမ် ဖြတ်သည်မှစ၍ နောက်တစ်ကြိမ် ဖြတ်သည်အထိ ကြာသောအချိန်တာ ဖြစ်သည်။ ဆိုက်ဒီးရီးယဲ နေ့တနေ့၏ အချိန်ကာလသည် ပျမ်းမျှ ဆိုလာနေ့အချိန်၏ ၂၃-နာရီ ၅၆-မိနစ် ၄.၀၉ စက္ကန့် ဖြစ်သည်။ ၂၄-နာရီရှိသော ပျမ်းမျှ ဆိုလာနေ့ တနေ့နှင့် စာသော် ဆိုက်ဒီးရီးယဲနေ့တနေ့သည် ဆိုလာနေ့ တနေ့ထက် ၄-မိနစ်ခန့် နည်းသည်။ ထို့ကြောင့် တနှစ်တွင် ဆိုလာနေ့ပေါင်း ၃၆၅-နေ့ရှိ၍ ဆိုက်ဒီးရီးယဲ နေ့ပေါင်း ၃၆၆-နေ့ ရှိလေသည်။

အီကွေတာမျဉ်းတလျှောက်၌ နေ့တာနှင့် ညတာတို့သည် အစဉ်သဖြင့် တူညီ၍ ၁၂-နာရီစီကြာသည်။ အီကွေတာ၏ မြောက်ဖက်နှင့် တောင်ဖက်ကျသော နေရာများတွင်မူ နေ့တာနှင့် ညတာတို့သည် မတူညီကြချေ။ မြောက်ဝင်ရိုးစွန်းတန်း၌ မတ်လ ၂၁-ရက်မှ စက်တင်ဘာလ ၂၃-ရက်အထိ ၆-လလုံးလုံး ကြာသောအချိန်သည် နေကို ရက်ဆက်မြင်ရသော တနေ့တာအချိန် ဖြစ်၍ တောင်ဝင်ရိုးစွန်း၌ နေကွယ်လျက်ရှိသော တညတာ အချိန်ဖြစ်သည်။ တဖန် စက်တင်ဘာလ၂၃-ရက်မှ မတ်လ ၂၁-ရက်အထိ မြောက်ဝင်ရိုးစွန်း၌ ညဥ့်ဖက်ဖြစ်၍ တောင်ဝင်ရိုးစွန်း၌ နေ့ဖက် ဖြစ်လေသည်။

ရှေးခေတ်လူများသည် တနေ့တာကို နေထွက်ချိန်မှ နေဝင်ချိန်အထိဟု မှတ်ယူခဲ့ကြသည်။ ယခုအခါ၌မူ တကမ္ဘာလုံးမှာပင် အများသတ်မှတ် သုံးစွဲလျက်ရှိသော တနေ့တာကား ညဥ့်သန်းခေါင်အချိန်မှ နောက်တနေ့ ညဥ့်သန်းခေါင်အချိန်အထိ ၂၄-နာရီ အချိန်ကာလ ဖြစ်လေသည်။

ရက်သတ္တတပတ်လျှင် ခုနစ်နေ့ထား၍ ရှေးရောမတို့ လက်ထက်မှ ယခုတိုင် သုံးစွဲလာခဲ့သော နေ့အမည်များမှာ
နေကို အစွဲပြု၍ ဆန်းဒေး၊
လကို အစွဲပြု၍ မန်းဒေး၊
တျူးခေါ် တျူတန်တို့၏ စစ်နတ်ကို အစွဲပြု၍ တျုစတေး၊
ဝုဒင်းခေါ် တျူတန်တို့၏ နတ်မှူကြီးကို အစွဲပြု၍ ဝက်နက်စတေး၊
သောခေါ် တျူတန်တို့၏ မိုးကြိုးနတ်ကို အစွဲပြု၍ သတ်စတေး၊
ဝုဒင်း၏ မိဖုရား ထိမ်းမြားခြင်းဆိုင်ရာ နတ်သမီးဖြစ်သော ဖရစ်ကို အစွဲပြု၍ ဖရိုက်ဒေး၊
ရောမတို့၏ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာနတ် ဆက်တန်ကို အစွဲပြု၍ ဆက်တာဒေး-တို့ဖြစ်သည်။

မြန်မာတို့တွင်လည်း တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ-ဟူ၍ ရက်သတ္တတပတ်လျှင် ခုနစ်နေ့ရှိသည်။ ယင်းနေ့များသည် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ စသော ဂြိုဟ်ခုနစ်လုံးကို အစွဲပြု၍ သတ်မှတ်ထားသော နေ့များဖြစ်ပေသည်။

တနင်္ဂနွေ-ဟူသောအမည်မှာ ဒိနင်္ကရ ပါဌ်ပျက် ဖြစ်သည်။ ကမ္ဘာဦး မူလဘာသာအတိုင်း  ဒိနင်္ကရေ ဆိုသည်ကို
'ဒ' အထက်ရှိ ဣ-သရ ကျေ၍ ကာလရှည်လျားသော် တနင်္ဂနွေ-ဟု ခေါ်ဝေါ်ရေးသားကြသည်။ ကမ္ဘာ့တန်ဆာ ရာဇမတ္တဏ်နှင့် ယောဂယာတြာ နှစ်ကျမ်းတွင် တနင်္ဂနွေဂြိုဟ်မှာ အင်္ဂတိုင်းသား ကဿပအမျိုး၊ ကဿပရသေ့၏ ဇနီး အဒိတိတွင် မြင်သောသား တနင်္ဂနွေဖြစ်ကြောင်း ဆိုသည်။

တနင်္လာ-ဟူသော အမည်မှာ ကမ္ဘာ့တန်ဆာ ရာဇမတ္တဏ်ကျမ်းအရ သသလဥ္ဆနော ဟူသောပါဌ်မှ ဆင်းသက်သည်။ ထိုသသလဥ္ဆနော-ဟူသော ပါဌ်တွင် အရင်း၌တည်သော 'သ'အက္ခရာ တလုံးကျေနှင့် သလဥ္ဆနာ ဆိုလိုသည်ကို ကာလရှည်လျားသော် တနင်းနာ-ဟူ၍၄င်း၊ တလင်းလာ-ဟူ၍၄င်း၊ တနင်းလာ-ဟူ၍၄င်း ခေါ်ဝေါ်ရေးသားကြသည်။ ရာဇမတ္တဏ်ကျမ်းနှင့် ယောဂယာတြာ နှစ်ကျမ်းတွင် တနင်္လာသည် ယဝနတိုင်း ခိရောဒဓိ နို့ရည်သမုဒ္ဒရာမှ တနင်္လာဂြိုဟ် ဖြစ်ကြောင်း ဆိုသည်။

အင်္ဂါ-ဟူသောအမည်မှာ အင်္ဂါရက-ဟူသော ပုဒ်၌ 'ရ'သဒ္ဒါ  'က'သဒ္ဒါ ကျေ၍ အင်္ဂါဟူ၍ ဖြစ်လာသည်။ အင်္ဂါဂြိုဟ်သည် မီးကျီးမီးခဲနှင့် အတူ နီသော အဆင်းရောင်ရှိ၍ မီးကျီးခဲဟု အနက်ဟောသော အင်္ဂါရက-ဟူ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ရာဇမတ္တဏ်ကျမ်းနှင့် ယောဂယာတြာကျမ်း နှစ်ကျမ်းတွင် အင်္ဂါဂြိုဟ်သည် အဝန္တိတိုင်းသား ဘာရဒွါဇအမျိုး၊ ပရမီသွာ နတ်မင်း၏မယား ဓရဏိ မြေစောင့်နတ်သမီးတွင် မြတ်သောသား အင်္ဂါဖြစ်ကြောင်း ဆိုသည်။

ဗုဒ္ဓဟူး-ကို မြန်မာဘာသာတွင် ဗုဓ-ဟူသော မူလဘာသာကို အစွဲပြု၍ ယခုကာလ ဗုဒ္ဓဟူး ရေးမှတ်ကြသည်ဟု ယူရန်ရှိသည်။ ထိုဗုဓ သဒ္ဒါကား သိခြင်းအနက်ကို ဟောသည်။ အင်းဝမြို့ ညောင်ရမ်းမင်းတရားကြီး၏ ကောင်းမှုဖြစ်သော မဟာမြတ်မုနိ ကျောက်စာတွင် ပိတဟူးနေ့ဟူ၍ ပအက္ခရာတွင် လုံးကြီးတင်လျက် တဝမ်းပူနှင့် ရေးမှတ်တော်မူသည်။ ကျောက်ဆည်မြို့ ရွှေသာလျောင်း ကျောက်စာမှာလည်း ပိတဟူးနေ့ဟူ၍၄င်း၊
ရွှေနန်းကျော့ရှင် နန်းတည် ကျောက်စာတွင်လည်း အလားတူ ပိတဟူးနေ့ဟူ၍၄င်း၊ ပိတ ဟရိသဒ္ဒါတို့ကို အစွဲပြု၍ ရေးသားကြသည်။ ရာဇမတ္တဏ်နှင့် ယောဂယာတြာ နှစ်ကျမ်းတွင် ဗုဒ္ဓဟူးဂြိုဟ်သည် ရတြေသ အနွယ် တနင်္လာဂြိုဟ်မင်း၏ မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဖြစ်ကြောင်းဆိုသည်။

ကြာသပတေး ဟူသောအမည်နှင့် စပ်လျဉ်း၍ကား ရာဇမတ္တဏ်ကျမ်းတွင် ဗြဟပ္ပတိ၊ ဝါစသပတိ စသည်ဖြင့် ပရိယာယ် ၉-ပါး ပြသည်။ ယောဂယာတြာကျမ်းတွင်မူ ဝါကျပတိ ကျာသပတေးသည်ဟူ၍ ရေးသည်။ ဝါစသဒ္ဒါနှင့် ဝါကျသဒ္ဒါကား စကားကိုဟောသည်။ ဝါကျသပတိ-၏ အနက်မှာ စကားကို အစိုးရသည်ဟူ၏။ မြန်မာဘာသာတွင် ဝါကျသပတိပုဒ်၌ ဝါကျေ၍ တိသဒ္ဒါကို တေးပြုပြီး ကျာသပတေး-ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်။ ယခုအခါ ကြာသပတေး-ဟူ၍ ရရစ်နှင့် ရေးသောကြောင့် ရေးထုံးတွင်လေသည်။ ရာဇမတ္တဏ်၊ ယောဂယာတြာကျမ်း နှစ်ကျမ်းတွင် ကြာသပတေးသည် သိန္ဓဝတိုင်း အင်္ဂီရသအနွယ် ကျာသပတေးဖြစ်ကြောင်း အဆိုရှိသည်။

သောကြာ-ဟူသော အမည်မှာ သုက္ကဟူသောပုဒ်မှ လာသည်။ သုက္ကသည် ဖြူသော အရောင်အဆင်းကို ဟောသည်။ သောကြာဂြိုဟ်မှာ ဖြူသောအရောင်အဆင်း ရှိသောကြောင့် သုက္က-ဟူ၍ အမည်သမုတ် ခေါ်ဝေါ်၏။ ပုဂံ၊ အင်းဝ မင်းတို့လက်ထက်တွင် သုက္ကဟူသော ပုဒ်နှင့်အညီ ဥသရနှင့် သုကြာနေ့ဟု ရေးမှတ်ကြကုန်သည်။ ယခုအခါတွင် ရှိသော ဥ-သရကို သြပြု၍ က-အက္ခရာတွင် သင်္သကရိုဋ်အလိုအရ ရရစ်ကာ သောကြာ-ဟု ရေးကြသည်။ သောကြာသည် ရာဇမတ္တဏ်၊ ယောဂယာတြာ နှစ်ကျမ်းတွင်
ဘောဇကဋတိုင်းသား သေတဗျအမျိုး ဘဂုရသေ့၏ မယား သုဇိတာတွင် မြင်သောသား သောကြာဖြစ်ကြောင်း ဆိုသည်။

စနေ-ဟူသောအမည်မှာ သနေစရော-ဟူသော မာဂဓဘာသာပုဒ်မှ ဆင်းစသက်သည်။ ယင်းပုဒ်တွင် စရ-သဒ္ဒါကျေ၍ သနေ-ဖြစ်သည်။ သနေ-တွင် သ-ကို ဆ-ပြု၍ ဆနေ-ဖြစ်သည်။ ထို ဆနေ-ပင် ကာလရှည်လျားသော အခါ ပထမအက္ခရာ စလုံးသို့ရောက်၍ စနေ-ဟု ရေးသားကြသည်။ ရာဇမတ္တဏ်ကျမ်း ဝတ္ထပရိဓာန အပိုင်းတွင်လည်း၊ သနေ-စနေနေ့၌၊ အဘိနဝံ-အသစ်သော၊ ဝတ္ထံ-ပုဆိုးကို၊ ဝိဘုတ္တော-ဝတ်သောယောက်ျားသည်၊ ရောဂါရာတိ ဘယံ-ရောဂါဘေး ရန်သူဘေးသည်၊ ဘဝေ-ဖြစ်ရာ၏ ဟု ဆ်ုသည်။  သနေစရ-ဟူသော မုလပုဒ်၏ အနက်မှာ ဖြည်းညှင်းစွာ သွားတတ်သည့်အနက် ဖြစ်သည်။ ရာဇမတ္တဏ်ကျမ်း၊ ယောဂယာတြာကျမ်း နှစ်ကျမ်းတွင် စနေဂြိုဟ်သည် သောရဋ္ဌတိုင်း ကာရအနွယ် ဖြစ်သော တနင်္ဂနွေနေမင်း၏ မယား ယသိဆာယာတွင် မြင်သည့်သား ဇမ္မ အမည်ရှိသော စနေဂြိုဟ်ဖြစ်ကြောင်း ဆိုသည်။

မေတ္တာဖြင့် 
အရှင်ဓမ္မသာမိ (မော်လူး)

(မြန်မာ့စွယ်စုံကျမ်း အတွဲ-၆-မှ ကူးယူဖော်ပြသည်)

No comments: