Monday, January 14, 2013

လင်းတ

လင်းတသည် လင်းယုန်၊ စွန်၊ သိမ်း-တို့နှင့်အတူ ဖော်လကိုနီဖောမီး မျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီး မျိုးရင်း၌ ပါဝင်သည်။ လင်းတသည် ငှက်အကြီးစားထဲကဖြစ်၍ လူတိုင်းလိုလိုပင် မြင်ဘူးကြသည်။ ကိုယ်လုံးကိုယ်ထည်မှာ ကြီးမား၍ အချိုးမကျသည့်ပြင် ဦးခေါင်းနှင့် လည်တိုင်တို့တွင် အမွေးမပေါက်ပဲ ပြောင်လျက် ရှိရကား အကြည့်ရ အလွန်အရုပ်ဆိုး၏။ ထို့ကြောင့် 'လင်းတလောက်တော့ ငှက်တိုင်း လှသည်'ဟု စကားတင်စား ပြောဆိုတတ်ကြသည်။ လူများ အကြံအစည် အလုပ်အကိုင် ပျက်စီးသဖြင့် ငေးမှိုင်တွေဝေနေသည့်အခါ 'လင်းတကြီး မှိုင်းမိသလိုဘဲ'ဟူ၍လည်း ပုံခိုင်း ပြောဆိုတတ်ကြ
သေးသည်။ လင်းတကို နီးနီးကပ်ကပ် ကြည့်လေလေ ပို၍ စက်ဆုပ်ဖွယ် ကောင်းလေလေ ဖြစ်သည်။

လင်းတသည် ကောင်းကင်၌ပျံဝဲနေယင်း အစာကို ရှာဖွေသည်။ ရှာဖွေရာ၌ အနံ့ခံ၍ ရှာဖွေသည်မဟုတ်ပေ။
 မြေပေါ်တွင် တိရစ္ဆာန်အသေ တကောင်ကို ကျီးများ၊ ခွေးများက စတင်တွေ့ရှိရာ မကြာမီပင် ကျီးအုပ် ခွေးအုပ်ကို ကောင်းကင်၌ ပျံဝဲနေသော လင်းတများက တွေ့ရှိရာမှ အခြားလင်းတများပါ
ရောက်လာကြပြီးနောက် အသေကောင်ကို အရိုးသာကျန်အောင် အလုအယက် စားသောက်ကြသည်။
စားသောက်ပြီး၍ ဝသောအခါ နားနေလေ့ရှိသော နေရာသို့ ပြန်၍ အပန်းဖြေယင်း ငိုက်မြည်းနေတတ် ကြသည်။ လင်းတသည် အသေကောင်ပုပ်များကို စားသောက်သဖြင့် အပုပ်အသိုး သုတ်သင်ရှင်းလင်း ရာတွင် များစွာ အကူအညီရသည်။ အကူအညီ ရသော်လည်း မင်္ဂလာမရှိသော ငှက်ဟု ယူဆထားကြသည်။

အိမ်များ၊ ဘုရားများပေါ်တွလင်းတနားမိပါက မုချ ပျက်စီးသွားတတ်သည်ဟု ယူဆကြသည်။

လင်းတသည် အပုပ်အသိုးကိုမှ နှစ်နှစ်ခြိုက်ခြိုက် စားသောက်လေ့ရှိသည်အားလျော်စွာ ယင်းကိုယ်မှ ထွက်သော အနံ့မှာ မခံမရပ်နိုင်အောင် ပုပ်ဟောင်လေသည်။ ထိုဆိုးရွားလှသော အနံ့သည် အသိုက်နှင့် ဥများ၌ပင် စွဲနေလေသည်။

လင်းတများသည် သူရဲဘော နည်းသောကြောင့် တကြောင်း၊ ပျင်းရှိသောကြောင့် တကြောင်း အသက်ရှင်နေသော သတ္တဝါတကောင်ကို စွန့်စွန့်စားစား ထိုးသုတ်တိုက်ခိုက်လေ့ မရှိကြပေ။ မြေပေါ်ရှိ အသေကောင်ကိုသာ ရှာဖွေစားသောက်ကြသည်။ သို့သော် တခါတရံ ဝံ့ဝံ့စားစားဖြင့် အင်အားချည့်နဲ့သော မွေးခါစ ဝက်ကလေး၊ သိုးကလေးနှင့် နာမကျန်းဖြစ်နေသော ဆိတ်များကို တိုက်ခိုက် သတ်ဖြတ်နိုင်ကြသည်။

လင်းတများသည် အသိုက်ကို လက်ပံပင်ကဲ့သို့ မြင့်မားသော သစ်ပင်ကြီးများပေါ်တွင် ပြုလုပ်၍ အသိုက်ဟောင်းကို နှစ်စဉ် ပြန်လည်အသုံးပြုကြသည်။ အသိုက်ကို သစ်ကိုင်း သစ်ခက်ကြီးများနှင့် သစ်ရွက်များဖြင့် ပြုလုပ်ကြသည်။ လင်းတသည် တကြိမ်လျှင် တဥသာ အုသည်။

လင်းတ-ဟူသောအမည်မှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတထိပ်နီ စသော လင်းတအမျိုးမျိုးကို သိမ်းကျုံးခေါ်သော အမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လင်းတထိပ်နီမှာ လူသိအများဆုံး ဖြစ်သည်။ လင်းတထိပ်နီကို ပါဏဗေဒ အလိုအားဖြင့် တောဂို့ကဲလဗတ်-ဟု ခေါ်သည်။ အလျား ၃၂-လက်မရှိသည်။ မြေကြီးပေါ်တွင် ရှိစဉ် မည်းနက်သော အမွေးအတောင်၊ နီရဲနေသော ဦးခေါင်းပြောင်နှင့် လည်ပင်းရှိ အသားတွဲများကို အထင်အရှား မြင်နိုင်သည်။ ပျံသန်းနေစဉ်တွင် ပေါင်မှ အဖြူကွက်များကို ကောင်းမွန်စွာ မြင်နိုင်သည်။

လင်းတထိပ်နီသည် လင်းတမျိုးထဲတွင် ရဲရင့်၍ ဘုရင်တဆူပမာ မင်းမူကာ အစာကို မိမိ ဝအောင်စားပြီးမှ အခြား လင်းတများကို စားစေသည်။ လင်းတထိပ်နီသည် အအုပ်အသင်းနှင့် မနေချေ။ အသေကောင်များ အနားတွင် နှစ်ကောင်သုံးကောင်လောက်သာ စုရုံးနေတတ်ကြသည်။ အချို့ လင်းတထိပ်နီများသည်
 အောက်တိုဘာလ မကုန်မီ အသိုက်များကို ပြန်လည်ပြင်ဆင်ကြသည်။ သို့သော် များသောအားဖြင့် ဥများကို ဒီဇင်ဘာလနှင့် ဇန်နယါရီလများတွင် အုကြသည်။ လင်းတထိပ်နီများသည် အရှေ့တိုင်းနိုင်ငံများတွင် အမြဲတမ်းနေသော ငှက်များဖြစ်ကြသည်။ နွေရာသီတွင်ကား ယူနန်နယ်တွင် တွေ့ရတတ်သည်။

လင်းတနှုတ်သီးရှည်မျိုးကို ပါဏဗေဒအလိုအားဖြင့် ဂျစ်အင်ဒီကပ်-ဟုခေါ်သည်။ အလျား ၃၅-လက်မရှိသည်။ လည်ပင်းနှုတ်သီးသည် အခြားလင်းတမျိုးထက် ရှည်၏။ လည်ကုတ်တွင် အမွေးဖြူများ ပတ်လျက်ရှိသည်။ လင်းတနှုတ်သီးရှည်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အနှံ့အပြားလောက်ပင် ရှိသည်။ သို့သော် အခြားလင်းတမျိုးတို့လောက် မများချေ။ မြန်မာနိုင်ငံ မြောက်ဖက်စွန်းနှင့် ယူနန်နယ်တို့တွင် မတွေပရချေ။ ရခိုင်တိုင်းတွင်ကား အမြောက်အမြား တွေ့ရသည်။

လင်းတကျော်ဖြူ၏ ပါဏဗေဒ အမည်မှာ ဆူဒိဂျစ်ဗင်ဂါလင်ဆစ် ဖြစ်သည်။ အလျား ၃၅-လက်မရှိသည်။ မြေပေါ်တွင်နားနေစဉ် တင်ပါးမှအဖြူကွက်နှင့် ပျံသန်းနေစဉ် တောင်ပံ ရှေ့ပိုင်း တလျှောက်မှ အဖြူတန်းများကို အထင်အရှား မြင်နိုင်သည်။ အခြားလင်းတမျိုးထက် စောစော သားပေါက်ကြသည်။ စက်တင်ဘာလ တတိယအပတ်လောက်တွင် အသိုက်များ ပြင်ဆင်ကြသည်ကို တွေ့ခဲ့ရဘူးသည်။ မြစ်ကြီးနားခရိုင်တွင် နိုဝင်ဘာလ၊ သို့မဟုတ်-ဒီဇင်ဘာလအတွင်းတွင် သားပေါက်ကြသည်။ အိန္ဒိယ၊ မြန်မာ၊ ယိုးဒယား၊ မလ္လာယုကျွန်းဆွယ် မြောက်ပိုင်းနှင့် အင်ဒိုချိုင်းနား နိုင်ငံများတွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရသည်။ လွင်တီးပြင်များတွင် အနှံ့အပြား တွေ့ရသော်လည်း တောင်ပေါ်များတွင် တခါတရံမှသာ တွေ့ရသည်။ ရခိုင်တိုင်းတွင်မူ လင်းတကျောဖြူမျိုးကို တွေ့ရခဲသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂-မှ ကူးယူဖော်ပြသည်။
မေတ္တာဖြင့်
အရှင်ဓမ္မသာမိ (မော်လူး)


































































No comments: