Wednesday, January 9, 2013

တုပ်ကွေး

အခုတလော အမေရိကန်နိုင်ငံ မယ်ရီလင်းပြည်နယ်ဘက်မှာ တုပ်ကွေးဖြစ်တဲ့သူတွေ အတော်များနေပါတယ်၊ ဟိုနေ့က အိမ်တစ်အိမ်မှာ ဆရာဝန်တစ်ယောက်နှင့်တွေ့တယ် သူက မေးတယ် Flu Shot ထိုးပြီးပြီလားတဲ့၊ ဒီကလဲ မထိုးရသေးဘူးလို့ ပြောလိုက်တယ်၊ ထိုးထားဘို့ ကောင်းတယ်တဲ့၊ ဒီနှစ် Flu က တော်တော်ဆိုးမယ်တဲ့၊ flu က တော်တော်ဆိုးမယ် မဆိုးမယ် မသိဘူး၊ သူပြောတဲ့အချိန်မှာပဲ ဒီက flu ဖြစ်နေပြီ၊ တော်တော်တော့ ခံရခက်သားဘဲ၊ ဖြစ်ရခြင်းအကြောင်းကား မဟာကပ္ပိယကြီး ကနေ့ (၁-၂-၁၃) နေမကောင်းဘဲနဲ့ အလုပ်သွားတယ်၊ နောက်နေ့ကျတော့ စောစော ပြန်လာတယ်၊ နေမကောင်းရင် ပြန်သွားလို့ ပြောလို့ ပြန်လာတာတဲ့၊ ဒီကလဲ သွားစရာလမ်း ရှာနေတာနဲ့ အတော်ပဲ၊ Ikea သွားရအောင်ဆိုတော့ သွားတာပေါ့တဲ့၊ ခေါင်းအုံး၊ စောင်၊ အိပ်ရာခင်း စသည် ထည့်ဘို့ ဗီရို ( Closet ) သွားရှာတာပါ၊ ထားမဲ့နေရာနဲ့ ကိုက်တဲ့ဟာကို ရှာတာ မတွေ့ပါဘူး၊ အံဝင်ခွင်ကျကို မဖြစ်ဘူး၊ တခုတော့ တွေ့ခဲ့တယ် ဒါပေမဲ့ အပိတ်မပါဘူး ဖြစ်နေတယ်၊ ဘာမှလဲ ထည့်လို့ရမဲ့ပုံ မပေါ်ပါဘူး၊ သွားပေမယ့် အရာမထင်ခဲ့ပါဘူး၊ ဒါပေမဲ့ အဲဒီမှာတင် တဖြေးဖြေးနဲ့ ချမ်းစိမ့်စိမ့်လေး ဖြစ်နေသလိုပဲ သတိထားမိလိုက်တယ်။ နောက်နေ့တွေမှာတော့ မိမိရော မောင်ခေမိန်ရော ဖြစ်ပါလေရော့ Flu (တုပ်ကွေး)နေ့တိုင်း ရွတ်ဖတ်ပူဇော်နေကျ ပဋ္ဌာန်းတောင် မပူဇော်နိုင်ပါဘူး။ ညအိပ်တော့ ခေါင်းကလဲ ချွေးတွေထွက်၊ ခန္ဓာကိုယ်ကလဲ ညောင်းကိုက်၊ ချောင်းကလဲ ဆိုး၊ နှာရည်ကလဲ တရွှတ်ရွှတ်နဲ့၊ အိပ်မပျော်တဝက် နိုးတဝက်နဲ့ပဲ မိုးလင်းခဲ့ပါတယ်။ ဒါနဲ့ တရားရှုမှတ်မယ် ဆိုပြီး ရှုမှတ်တယ်၊ မှတ်စိတ်က ဝမ်းဗိုက် ဖောင်းပိန်၊ နှာသီးဖျား နှုတ်ခမ်းဖျား ဝင်လေ ထွက်လေဆီကို မကပ်နိုင်ဘူး၊ မှတ်စိတ်က ရှုမှတ်မှု အာရုံဆီကို မရောက်နိုင်ဘူး၊ ဖွာကျဲကျဲကြီးဖြစ်ပြီးတော့ နေတယ်၊ အဲဒီအတိုင်းပဲ မှတ်နေလိုက်တယ်၊ ကြာကြာမရပါဘူး၊ ဒါနဲ့ စဉ်းစားမိတယ် သေခါနီး ရောဂါဝေဒနာ နှိပ်စက်ခံနေရရင်တော့ ဒီလိုပဲ တရားမရှုမှတ်နိုင်ဘူးဆိုရင်တော့ ဒုက္ခပဲလို့၊ ဟုတ်တယ် တကယ်ဖြစ်လာပြီဆိုတော့ တရားမှတ်နိုင်ဘို့ဆိုတာ အတော်ခက်မယ်ထင်တယ်၊ အခုကတဲက တော်တော်ကြီးကို အဆင်ပြေအောင် လုပ်ထားနိုင်မှဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ (အခုတော့ နဲနဲတော့ သက်သာလာပါပြီ အရှင်းတော့ မပျောက်သေးဘူး)ဆေးတော့ သောက်နေရသေးတယ်။ အတော်တော့ ခံရခက်တဲ့ Flu-ပဲ။ Flu-မဖြစ်အောင် သတိထားကြပါ၊ မဟုတ်ရင် အလုပ်ပျက် အကိုင်ပျက်နှင့်ဆို အဆင်မပြေပါဘူး-နော်။ အားလုံး Flu-ဘေးမှ ကင်းဝေးကြပါစေ။ ဒီစာ ဖတ်မိသူများလဲ အတတ်နိုင်ဆုံး ကျန်းမာရေး ကောင်းအောင် နေထိုင်ကြပြီးတော့ တရားများများ ရှုမှတ်ထားကြပါ-လို့ တိုက်တွန်းလိုပါတယ်။ ဒီတုပ်ကွေး ရောဂါနှင့်ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း ကြည့်အုံးမှပဲဆိုပြီး ကြည့်လိုက်တော့ တွေ့ပါတယ်၊ တုပ်ကွေးအကြောင်း။ တွေ့တဲ့အတိုင်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ တုပ်ကွေးသည် နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်သော နှပ်၊ သလိပ်၊ တံတွေးတို့၌ ခိုအောင်းတတ်သည့် ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပေါ်သော ကူးစက်တတ်သည့် ကပ်ရောဂါဖြစ်သည်။ ရံဖန်ရံခါ ကမ္ဘတဝှန်းလုံးသို့ ပျံ့နှံ့ကူးစက်တတ်သဖြင့် ကမ္ဘာ့နှာ-ဟူ၍လည်း ခေါ်ဆိုကြသည်။ သို့ရာတွင် အခြားကပ်ရောဂါတို့နှင့် နှိုင်းစာလျှင် အသေအပျောက် နည်းပါးသည်။ တုပ်ကွေးရောဂါ ဖြစ်ပေါ်စေသော ဗိုင်းရပ်ပိုးဟူ၍ အမျိုးမျိုးရှိသည်။ ထုတ်ကွေးရောဂါဖြစ်ပွားခြင်း၏ လက္ခဏာတို့မှာ ခေါင်းကိုက်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲခြင်းတို့ ဖြစ်သည်။ တုပ်ကွေးရောဂါဖြစ်ပွားလျှင် လူနာသည် ရပ်သတ္တတပတ်မျှသော်၎င်း၊ ဆယ်ရက်မျှသော်၎င်း၊ ဝေဒနာကို ခံစားရသည်။ လူနာသည် အားအင်ဆုတ်ယုတ်၍ ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်းခြင်းကို ခံစားရသည်။ လူနာတို့၌ အားအင် ဆုတ်ယုတ်တတ်ခြင်းကြောင့် တုပ်ကွေးရောဂါ ဖြစ်ပွားပြီးသည့်နောက် အခြားရောဂါများ ဝင်ရောက်လာတတ်သည်။ တုပ်ကွေးရောဂါကို ကုရာ၌ ဝမ်းနုတ်ခြင်း၊ ချွေးထုတ်ခြင်း၊ စသည်တို့ကို ပြုလုပ်ပေးရသည်။ ချွေးလှိုင်လှိုင်ထွက်အောင် ပူသော အဖျော်ယမကာတို့ကို သောက်ရာ၏။ သစ်သီးဖျော်ရည်တို့ကိုလည်း မှီဝဲရာ၏။ လူနာကား အိပ်ရာတွင် လဲလျောင်း၍ လုံးဝငြိမ်သက်စွာ အနားယူသင့်သည်။ တုပ်ကွေးရောဂါကို ကာကွယ်ရန်ကား လူအများနှင့် ရောနှောနေထိုင်သော ပွဲလမ်းသဘင် စသည်တို့သို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။ ပထမကမ္ဘာစစ်ကြီး ပြီးစခေတ်က တုပ်ကွေးရောဂါသည် ကမ္ဘာတဝှန်းလုံးသို့ ကူးစက်သော ကပ်ရောဂါအဖြစ်ဖြင့် သုံးကြိမ်တိုင်တိုင် ပျံ့နှံ့ခဲ့သည်။ ပထမတွင် ၁၉၁၈-ခုနှစ် မေလနှင့် ဇွန်လအတွင်း ကပ်ရောဂါ ကျရောက်လေရာ ပြင်သစ်နိုင်ငံမှသော်၎င်း၊ စပိန်နိုင်ငံမှ သော်၎င်း၊ အရှေ့ဥရောပနိုင်ငံတို့မှသော်၎င်း၊ စတင်ဖြစ်ပွားသည်ဟု အမျိုးမျိုးသော အဆိုများရှိခဲ့သည်။ ထိုကပ်ရောဂါ ဆိုက်ရာဒေသတို့ကား ဂျာမနီ၊ သြစတြီးယား၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဟော်လန်၊ ဆွစ်ဇာလန်၊ တောင်အမေရိက သမတနိုင်ငံများ၊ ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစု၊ အဇိုးကျွန်း၊ ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းများ၊ သြစတြေးလီးယားတိုက်အနီးရှိ ကျွန်းများဟူသော ဒေသတို့ဖြစ်သည်။ ထိုစဉ်က ထိုရောဂါသည် ချက်ခြင်းဖြစ်ပွား၍ ချက်ခြင်းပင် ပျောက်ကွယ်သွားရကား အသေအပျောက်သည် မပြောပလောက်ချေ။ ၁၉၁၈-ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်ဖြစ်ပွားခဲ့သော တုပ်ကွေးရော၈ါကပ်မှာမူ ဥရောပ၊ အမေရိက၊ အာရှ၊ အာဖရိက တည်းဟူသော တိုက်ကြီးလေးတိုက်ရှိ နိုင်ငံများတွင် ကျရောက်လေသည်။ ထိုကပ်ရောဂါသည် ပထမရောဂါထက် ပြင်းထန်သည်။ ရောဂါရသူတို့သည် လွန်စွာ အားအင်ဆုတ်ယုတ်ကြသည်။ အဆုတ်နှင့်စပ်လျဉ်းသော ရောဂါ အထွေအပြားတို့ ဝင်ရောက်လာခြင်းကို ခံကြရသည်။ ၁၉၁၉-ခုနှစ် မတ်လတွင် တတိယအကြိမ် တုပ်ကွေးရောဂါကပ်ဆိုက်သည်။ သို့သော် ဤအကြိမ်တွင် ပထမအကြိမ်ကဲ့သို့ပင် မပြင်းထန်လှချေ။ ယင်းကဲ့သို့ ၁၉၁၈-၁၉ ခုနှစ်အတွင်း တုပ်ကွေးရောဂါသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ကူးစက်လေရာ မြန်မာနိုင်ငံ သည်ပင်လျှင် မလွတ်ခဲ့ချေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ ၁၉၄၈-ခုနှစ် အောက်တိုဘာလသို့ ရောက်သော် ဆာဒင်းနီးယားကျွန်းမှ အစပြု၍ တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သည်။ ထိုရောဂါသည် ဣတလီ၊ ပြင်သစ်၊ သြစတြီးယား၊ ဗူလဂေးရီးယားနှင့် နယ်သာလန်နိုင်ငံ တို့သို့ ကူးစက်ခဲ့လေသည်။ ၁၉၄၉-ခုနှစ်သို့ ရောက်လာသောအခါ ထိုကပ်ရောဂါသည် ဥရောပမှ အမေရိကန်သို့ ရောက်ရှိသွားလေသည်။ ဤသည်ကို အကြောင်းပြု၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ၁၉၄၈-ခုနှစ်တွင် လန်ဒန်မြို့၌ တုပ်ကွေးရောဂါ အခြေအမြစ်ကို သုတေသနပြုရန် ဗဟိုဋ္ဌာနတခု ဖွင့်လှစ်ခဲ့လေသည်။ ထိုဌာနတွင် တုပ်ကွေးရောဂါပိုး ဖြစ်စေသေုာ ဗိုင်းရပ်ပိုး အမျိုးအစားတို့ကို ခွဲခြားရန်အလို့ငှာ သုတေသနလုပ်ငန်းကို လုပ်ကြသည်။ ၁၉၅၁-ခုနှစ်တွင်လည်း အိုင်ယာလန်၊ အင်္ဂလန်၊ ဥရောပ အနောက်ပိုင်း၊ အာဖရိက မြောက်ပိုင်း၊ ဗော်လကန်နယ်များ၊ ဥရောပနှင့်နီးရာ အရှေ့ဒေသများ၊ အမေရိက၊ ဂျပန် စသော နေရာအနှံ့အပြား တို့၌ တုပ်ကွေးရောဂါ ကပ်ဆိုက်ခဲ့သည်။ ၁၉၅၇-ခုနှစ် နှစ်ဦးတွင် ဂျပန်နိုင်ငံမှ စတင်ပျံ့နှံ့သည်ဟုဆိုသော တုပ်ကွေးရောဂါသည် အရှေ့ဖျားနိုင်ငံများမှ အမေရိကန်နိုင်ငံအထိ လပေါင်း အနည်းငယ်အတွင်း ကူးစက်ပြန့်ပွားခဲ့သည်။ ဤသို့ဖြစ်ပွားသော တုပ်ကွေးရောဂါ၏ ဗိုင်းရပ်ပိုးတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမေရိကန်နိုင်ငံနှင့် အင်္ဂလန်ပြည်ရှိ သုတေသနဗဟိုဌာနတို့တွင် အမျိုးခွဲခြားကြည့်ရာ ယခင်က တွေ့ရှိဘူးသော ဗိုင်းရပ်နှင့်မတူ၊ ဗိုင်းရပ် မျိုးသစ်တခုကို တွေ့ရသည်ဟု ဆိုသည်။ တုပ်ကွေးရောဂါသည် ယခုခေတ်တွင် ပိုမိုထင်ရှားလာသော ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားခြင်းဆိုင်ရာ သမိုင်းကို လေ့လာကြည့်သော် ထိုရောဂါသည် ခရစ် ၁၅၁၀-ပြည့်နှစ်လောက်ကစ၍ ကပ်ရောဂါတခု အဖြစ်ဖြင့် ဆိုက်ရောက် လာခဲ့သည်ကို တွေ့ရ၏။ ၁၉-ရာစုနှစ်များအထိ ရောဂါဇာစ်မြစ်ကို သိပ္ပံပညာရှင်တို့ ကောင်းစွာ မသိခဲ့ကြလေ။ ခရစ် ၁၈၈၉-၉၀-ခုနှစ်အတွင်း ရောဂါပိုးကို သုတေသနပြုလုပ်သည့်အခါကျမှသာ တုပ်ကွေး ဖြစ်ပွားစေသည်မှာ ဗိုင်းရပ်ပိုးတမျိုး ဖြစ်သည်ဟု သိရှိခဲ့ကြသည်။ သို့သော် ၁၉၁၈-၁၉-ခုနှစ်တွင် တုပ်ကွေးရောဂါ ကပ်ဆိုက်ခဲ့သည့်တိုင်အောင် ထိုဗိုင်းရပ်ပိုးတို့ကို ရောဂါဖြစ်ပွားနေသော တစ်ရှူးတို့မှ သီးခြားခွဲထုတ်နိုင်ခြင်း မရှိခဲ့သေးပေ။ ၁၉၃၃-ခုနှစ်ရောက်မှသာ ထိုဗိုင်းရပ်ပိုးမျိုးထဲမှ တမျိုးကို သီးခြားခွဲထုတ်နိုင်ခဲ့သည်။ ယခုမှာမူ ဗိုင်းရပ်ပိုး အမျိုးအစား အတော်များများကို ခွဲထုတ်၍ သုတေသနပြုနိုင်လာကြပြီ။ ဟု၍ အတွဲ ၅-မြန်မာ့စွယ်စုံကျမ်းတွင် တွေ့ရှိရပေသည်။ မေတ္တာဖြငိ့ အရှင်ဓမ္မသာမိ (မော်လူး) အသေအပျောကါ

No comments: